Rec Comment OF M!иикy@иs^s Blog

နှင်းဆီဆူး

ဒီနေရာကြီးမှာ နေရတာ ကျွန်မ မွန်းကျပ်လှပါပြီ။ အားလုံးက ဝိုင်းဝန်းဂရုစိုက်နေကြပေမယ့် မောင့်ရဲ့ ယုယမှုတွေနဲ့ လုံးဝကို မတူနိုင်တာ ကျွန်မပဲ သိမယ်ထင်ပါရဲ့။ မနက်ခင်းတွေတိုင်း ကျွန်မနှိုးပေးမှသာ မောင်ရဲ့ တစ်နေ့တာကို နိုးထစေချင်ခဲ့တာ ကျွန်မရဲ့ အတ္တတစ်ခုလို့ပဲ ဆိုချင်ဆိုပါစေတော့။ မျက်နှာသစ်ပြီးစ မောင့်မျက်နှာလေးကို ကျွန်မကိုယ်တိုင် ဒီတဘက်လေးနဲ့ သုတ်ပေးနေကျလေ။ ခုလို ကျွန်မ တစ်ယောက်တည်း နိုးထနေရတဲ့ အချိန်တွေကို သိပ်မုန်းမိလာတယ်။

ဟိုး..ရှေ့နားက လမ်းကြားလေးမှာ မြူတွေဆိုင်းနေပါလား။ အညာသူ ကျွန်မအတွက် မြူတွေ နှင်းတွေကြားထဲကို တိုးဝင်တဲ့အချိန် အရမ်းပျော်နေတတ်တာကို မောင်က သတိထားမိခဲ့လို့ မြူဆိုင်းတဲ့ မနက်တွေဆိုရင် နှင်းတွေ မြူတွေ ဆိုင်းနေတတ်တဲ့ နေရာလေးတွေဆီ အရောက်ခေါ်သွားတတ်သေးတယ်လေ။ နှင်းဖွဲဖွဲလေးကြားမှာ လက်လေးဆန့်တန်းရင်း ခုန်ပေါက်နေရတာ သိပ်ပျော်ခဲ့တာမောင်ရဲ့။ ခုတော့ ကျွန်မတစ်ယောက်တည်း လျှောက်လာခဲ့ရပါလား….။

ပန်းသည်တစ်ယောက် ဘေးက ဖြတ်သွားတယ်မောင်။ ကျွန်မ သိပ်ကြိုက်တဲ့ နှင်းဆီတွေ တပွေ့တပိုက်ကြီးပါလာတယ်။ ကျွန်မက နှင်းဆီအနံကိုသာ ကြိုက်ပေမယ့် ဆူးကိုတော့ ကြောက်တယ်ပြောတော့ “နှင်းဆီပန်း လိုချင်ရင်တော့ ဆူးဆိုတာ ပါလာမှာပဲ။ ဆူးမပါတဲ့ နှင်းဆီဟာ စုတ်ချက်မပြည့်တဲ့ ပန်းချီကားတစ်ချပ်လိုပဲ” တဲ့လေ။ နှင်းဆီသည်ဆီမှ နှင်းဆီလေးတစ်ပွင့်ကို တောင်းယူလိုက်တော့ ဖျော့ရော့နေတဲ့ ကျွန်မမျက်နှာလေးကို မြင်သွားသည်ထင့်။ အသာတကြည်ပဲ အပွင့်ရဲရဲလေးတစ်ပွင့် ပေးလိုက်သည်။

ဟိုးရှေ့က ဘုရားလေးတစ်ဆူဆီ အရောက်သွားမိပြန်တယ်။ ဒီစေတီမဟုတ်ပေမယ့် ဒီနေလိုရာမျိုးမှာ ကျွန်မနဲ့ မောင် ရာသက်ပန်နေကြဖို့ ဆုတွေ အများကြီး တောင်းခဲ့ကြဖူးတယ်လေ။ ဆုတောင်းနေတဲ့ မောင့်ရုပ်ပုံလေးကို ခိုးကြည့်ရင်း ကြည်နူးနေခဲ့တဲ့ အချိန်တွေကို တွေးကြည့်မိရင် မနေ့ကလိုပဲတောင် ထင်မိရတယ်။

တွေးရင်း တွေးရင်း ကျွန်မ လမ်းဆက်လျှောက်လာမိတယ်။ လမ်းကွေ့လေး တစ်ခုအရောက်မှာ ကားတစ်စင်းအရှိန်ပြင်းပြင်း မောင်းဝင်လာတယ်။ မောင်နဲ့ ကျွန်မ အဲလို ကားတစ်စီးထဲမှာ တူတူရှိခဲ့ကြတယ်။ ကျွန်မလက်ထဲမှာ နှင်းဆီပန်းတွေ တစ်ပွေ့ကြီး ပါလာခဲ့သေးတယ်။ နှင်းဆီချစ်တဲ့ကျွန်မက နှင်းဆီပန်းတွေကို နမ်းရှုံ့ရင်း ပျော်နေသလို မောင်ကလဲ ကြည်နူးတဲ့ အမူအရာလေးနဲ့ ကားလေးကို ဖြည်းဖြည်းညှင်းညှင်း မောင်းပေးနေတယ်။ ဒီအချိန်မှာပဲ ပန်းစည်းပွေ့ထားတဲ့ ကျွန်မလက်ချောင်းလေး တစ်ချောင်းကို ဆူးတစ်ချောင်းစူးသွားပါလေရော။ မျက်နှာလေး ရှုံ့မဲ့မဲ့နဲ့ သွေးထွက်နေတဲ့ လက်ချောင်းလေးကို မောင့်ကိုပြတော့ ကျွန်မကို အရမ်းချစ်တဲ့မောင်က စိုးရိမ်သွားပြီး လက်ချောင်းလေးကို ယူပြီး သွေးထွက်ရပ်အောင် ငုံပြီး မောင့်ပါးစပ်လေးထဲ ထည့်ပြီးငုံပေးတယ်။ ဒီအချိန်မှာပဲ နားထဲမှာ ကျယ်ကျယ်လောင်လောင် အသံတစ်ခုကြားလိုက်ရပြီး ကျွန်မကိုယ်ခန္ဓာလေး တစ်ခုလုံးလွင့်မျောပြီး မောင်နဲ့အတူ လေဟုန်စီးသွားနေရသလို ခံစားခဲ့ရတာ။ ကျွန်မတစ်ခါမှ မရောက်ဘူးသေးတဲ့ ဒီနေရာမှာ နှင်းဆီပန်းတွေ ပွေ့ပိုက်လို့ မောင်နဲ့တူတူ လေဟုန်စီးရင်း မောင်က ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့ ကျွန်မကို နှုတ်ဆက်ပြီး ပျောက်ကွယ်သွားခဲ့တာ ယနေ့ထိအောင်ပါပဲ။

မောင်မရှိရင် ကျွန်မဘဝဆက်ရှင်သန်နေလဲ အဓိပ္ပါယ် ဘယ်မှာရှိတော့မှာလဲ။ မောင်မရှိရင် ကျွန်မဘဝလဲ မရှင်သန်ဘူး။ ကျွန်မဘဝကိုယ် ကျွန်မအဆုံးသတ်ပစ်ချင်ပြီ။ ဒီမောင်းလာတဲ့ ကားဟာ ကျွန်မဘဝကို အဆုံးသတ်ပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ နောက်ပြီး မောင်နဲ့ ပြန်လည်တွေ့ဆုံနိုင်မယ့် မျှော်လင့်ချက်အစ။ ဟုတ်တယ်…

နောက်မဆုတ်တမ်း ဆုံးဖြတ်လိုက်တဲ့ကျွန်မ နှင်းဆီပန်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ကားလာရာ လမ်းလေးပေါ် တက်အပြီးမှာ ခြေအစုံကို ရပ်ပစ်လိုက်တယ်။ ကားလေးကလည်း တဖြည်းဖြည်းနီးလာပါပီ။ ကျွန်မမောင်နဲ့ တွေ့ရဖို့လည်း နီးလာပြီပေါ့။ စိတ်ကူးထဲမှာ မောင့်ပုံရိပ်တစ်ခုကိုပဲ မြင်ယောင်ရင်း မျက်လုံးအစုံကို မှိတ်ထားလိုက်တော့တယ်။

ထင်ထားတဲ့အချိန်ထက် ကျော်သွားပေမယ့် မောင်ဆီကို ကျွန်မရောက်မသွားခဲ့ဘူး။ နားထဲမှာ ကြားလိုက်ရတာ ကားရပ်သွားတဲ့အသံ ၊ နောက် ကားထဲက မောင်မဟုတ်တဲ့ တခြားလူတွေ ထွက်လာကြတယ်။

“ကံကောင်းလို့ သမီးရယ်… ဖေဖေတို့ကားနဲ့ တွေ့လို့ပေါ့”
“ကြံကြီးစည်ရာ သမီးရယ်… မေမေတို့ စိတ်ပူအောင် နောက်ကို တစ်ယောက်တည်း ထွက်မသွားပါနဲ့နော်”
“ဆရာမတို့ကလည်း နောက်ဆိုရင် ဒီထက်ပိုပြီး ဂရုစိုက်ပေးကြပါဗျာ”

မသိချင်ဘူး ကျွန်မဘာမှ မသိချင်ဘူး။ သူတို့ကိုလဲ ကျွန်မမသိဘူး။ မောင်တစ်ယောက်ကိုပဲ သိတယ်။ ကျွန်မကို ဘာလို့ မောင်နဲ့ တွေ့ခွင့်မပေးကြတာလဲ။ ကျွန်မကို ဘာလို့ အားလုံးက မျက်ခြေမပြတ် စောင့်ကြည့်နေကြတာလဲ။ မောင်မဟုတ်တဲ့ တခြားသူတွေရဲ့ ဂရုစိုက်မှုတွေအပေါ် ကျွန်မမသာယာနိုင်ဘူး။ ကျွန်မကို အမြန်လာခေါ်ပါတော့မောင်…

ကားပေါ်ရောက်သည်အထိ လက်ထဲမှာ နှင်းဆီပန်းလေးကိုတော့ ဆုပ်ကိုင်ထားဆဲ….
မောင်စိုးရိမ်တကြီး စုပ်ယူခဲ့တဲ့ လက်ချောင်းလေးမှာလဲ သွေးတွေစွတ်စိုလို့…
နှင်းဆီပွင့်ဖတ်လေးတစ်ချို့လည်း ကြွေကျပျက်ဆီးလို့ …


*********** ************ ***********

PS: စာရေးစကတည်းက ယောက်ျားလေးနေရာကပဲ ခံစားပြီးရေးနေကျမို့ ဒီတခါတော့ စဉ်းစားမိတဲ့ ဇတ်လမ်းကလည်း မိန်းကလေးအနေနဲ့ ရေးဖို့ပိုကောင်းလို့ ဒီလိုရေးလိုက်တာဗျာ။ တော်ကြာ မောင်ကျန် ဘယ်လိုဖြစ်သွားပါလိမ့် ဖြစ်နေကြဦးမယ်။ အထင်မှားရဘူးနော် ကြောက်ကြောက် mrgreen wink lol

23 Comments:

SintSintMoe said...

အားပေးသွားတယ်နော် တစ်ကယ်ဆို အလွမ်းဇာတ်တွေဖတ်ချင်ဝူး
စိတ်ညစ်လို့ ဒါပေသိ အဆုံးထိ အားပေးသွားတယ်
ကောင်းလိုက်တဲ့အရေးအသား ကဗျာလေးတွေတင်ပါဦးး
ကြံဆစ် အဲ့လေ ကျန်စစ် :P

မောင်ထုဆစ်သော "ပန်းလေး" said...

"မောင်မဟုတ်တဲ့ တခြားသူတွေရဲ့ ဂရုစိုက်မှုတွေအပေါ် ကျွန်မမသာယာနိုင်ဘူး။ ကျွန်မကို အမြန်လာခေါ်ပါတော့မောင်…" အရေး အသေားတော့ အရမ်းကောင်းတယ်.. အပြင်မှာသာဆိုရင်တော့ ရူးများသွားမလား မသိဘူး။ ဝတ္ထုတို ဖြစ်နေလို့သာပေါ့...
အမြန်လာခေါ်ပါတော့.. မောင် :P :) :D

Anonymous said...

ဝတ္ထုလေး . .လာအားပေးတယ်... ဟဲ.. မိုက်တယ်.. :P

mgngal said...

“နှင်းဆီပန်း လိုချင်ရင်တော့ ဆူးဆိုတာ ပါလာမှာပဲ။ ဆူးမပါတဲ့ နှင်းဆီဟာ စုတ်ချက်မပြည့်တဲ့ ပန်းချီကားတစ်ချပ်လိုပဲ”
ကောင်းလိုက်တဲ့ စားသား အားပါးပါး ။မှတ်သားလောက်တယ်။လန်ထုတ်နေပါလား။
ဖုန်းကညာတစ်ပါး လုံးရာက ပြားသွားသလားလို့ ။:P
ကောင်းပါတယ်ဗျ။

ဒဏ္ဍာရီည said...

“နှင်းဆီပန်း လိုချင်ရင်တော့ ဆူးဆိုတာ ပါလာမှာပဲ။ ဆူးမပါတဲ့ နှင်းဆီဟာ စုတ်ချက်မပြည့်တဲ့ ပန်းချီကားတစ်ချပ်လိုပဲ”
ဟုတ်တယ်နော်... လိုချင်တဲ့အရာဟာ အသက်မက မြတ်နိုးတဲ့အခါမှာ ဆူးပါလည်း မြတ်နိုးရမှာ အချစ်စစ်ရဲ့ သဘောပါ... အရမ်းကောင်းပါတယ်.. အားပေးနေပါတယ်... ချစ်သူတိုင်း မည်သည့်အကြောင်းနဲ့မှ မကွဲကွာပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်...

thonn thonn said...

ကိုကျန်ကြီး စာပြန်ရေးပြီပေါ့ .. ကောင်းပါ့ရှင် အမြဲလာအားပေးမယ်

thinzar said...

မိုက်တယ်... မိန်းကလေးနေရာကနေ ခံစားပြီးတော့ ထပ်ရေးပါအုံး .. :D :D

Dream said...

****(ယောက်ျားလေးနေရာကပဲ ခံစားပြီးရေးနေကျမို့ ဒီတခါတော့ စဉ်းစားမိတဲ့ ဇတ်လမ်းကလည်း မိန်းကလေးအနေနဲ့ ရေးဖို့ပိုကောင်းလို့ ဒီလိုရေးလိုက်တာဗျာ။ တော်ကြာ မောင်ကျန် ဘယ်လိုဖြစ်သွားပါလိမ့် ဖြစ်နေကြဦးမယ်။ အထင်မှားရဘူးနော် ကြောက်ကြောက်)***

တော်သေးတာပေါ့..ဒီစာသားလေးကိုထည့်ထားလို့။
မဟုတ်ရင်တော့ဦးဦးကျံတဆစ်ကိုတွေးပစ်လိုက်ပြီ။
ဟိးဟီး..

ဝတ္ထုလေးကတော်တော်ကောင်းတယ်အစ်ကိုတော်ဖွားဖက်
တော်ကြီးရေ....အားပေးတယ်။

Unknown said...

အတွေးကော အရေးပါကောင်းတယ်ဗျာ။

ပန်းခရေ said...

ကောင်းလိုက်တဲ့ ၀တ္ထု ငါ့သားက သိပ်တော်တာပဲ အမေလောက်နီးနီးပါလားနော်..။း)
မောင်တဲ့လားကွယ်...ဟဟ
မိန်းကလေးနေရာကခံစားရေးတာတောင် ကောင်းလိုက်တာ ငါ့သားရေ ဆက်ရေးပါအုံးကွ

GreenGirl said...

ပျောက်နေတာ ကြာပြီ... တင်လိုက်တော့လည်း အလန်ပါပဲလား ငါ့မောင်လေးရယ်။ မောင် ဆိုလို့ သတိရသွားပြီ။ အဟင့်...ဗြဲ...

Soe Mya Nandar Thet Lwin (Borros Roxo) said...

Female ခံစားချက်နဲ့ ရေးတဲ့ Post ကိုဖတ်သွားတယ်။

Nice one..,

Keep on,
SMNTL

Anonymous said...

မောင်ပြန်လာခဲ့မယ်... တစ်နေ့မှာ တွေ့ဆုံကြတာပေါ့ကွာ... အဟိ... အဟတ်ဟတ်.. အဟေးဟေး... စိတ်ဆိုးနဲ့ စတာ... ဖတ်ရတာ တစ်မျိုးကြီးပဲ... ဇာတ်လမ်းလေး ကောင်းမယ်ကြံလိုက် ခင်ဗျား မျက်နှာမြင်လာလိုက်နဲ့... အဟိ.. အူယားလိုက်တာဗျာ... ကောင်းတယ်.. ဆွဲသာဆွဲ.. အားပေးလျှက်...

ဆောင်း said...

ဘက်စုံရတယ် ဆိုပါတော့ မစစ်ရေ...

အညာသား said...

ကောင်းတော့ကောင်းတယ် မျက်စိစပ်တယ် လို့ ပြောရမလားပဲနော်...
ညီတော် ကနေ.. နှမတော်.. လို့ ပြောင်း ခေါ်ရင် ကောင်းမလား.... :P

နှင်းပွင့်ဖြူ said...

အဟ .... အစစ်ကနေ အတုပြောင်းကုန်ပီလားဟေ .
ကောင်းတယ် ကောင်းတယ်

Unknown said...

မင်းကျန်စစ်
ပိုစ့်တွေပြန်တင်နေလို့ဝမ်းသာပါတယ်..
မောင်လေးစာတွေမျှော်နေရတာ
ဟင်းးး ...
အခုတော့လည်း
ဖတ်ပြီးခံစားမိတာမျက်ရည်တောင်ဝဲတယ်..

Anonymous said...

ပာုတ်ရဲ့လား.. ပာုတ်ရဲ့လား.. :D
မိုက်တယ်နော်.. ဇာတ်လမ်းလေးက..

Anonymous said...

ကောင်းလိုက်တဲ့ဇာတ်လမ်းလေး
ခံစားမှုအပြည့်ပဲ
ကျွန်မသာဆိုလဲ မင်းကျန်စစ်ရေးသလိုမျိုးပဲ ဖြစ်ရလိမ့်မယ်...
အချစ်ဆိုတာ အဲလောက်ရူးသွပ်စရာ မဟုတ်ဘူးလို့ တစ်ချို့က ထင်ကောင်းထင်နိုင်ပေမယ့်
စစ်မှန်စွာ ချစ်မိပြီ ဆိုရင်တော့...
ချစ်သူအနားမှာ မရှိရင် ကျွန်မဆိုတာ
လောကမှာရှိမနေစေရဘူး...
အဟဲ စိတ်ချ စိတ်ချ
လုံးဝအထင်မမှားပါဘူး မမ အဲ
ကိုကျန်စစ်လေးရယ်

pandora said...

အခုမှ ဖတ်ဖြစ်တယ် ဒီလိုလည်း ရတာကိုး

Winkabar said...

သနားပါတယ်နော်။ အဲလိုမျိုးလူတွေလည်း။ ဘာပြောရမှန်းလည်းမသိဘူး။ သူတို့လည်း သူတို့ခံစားချက်နဲ့သူတို့ဆိုတော့။

ဆောင်း said...

မမစစ်စစ်ရေ ဖတ်သွားတယ်နော်

မောင်ထုဆစ်သော "ပန်းလေး" said...
This comment has been removed by the author.