ဘလော့ဂ်ထဲမှာပါ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေမယ်ထင်တယ် :P စာမေးပွဲနီးကတည်းက ပျောက်သွားလိုက်တာ စာမေးပွဲပီးလို့ ပြန်ရေးစမှာပဲ အရင်ဝယ်ထားတဲ့ host & domain က ရက်ကုန်သွားပြန်ရော။ ဒါနဲ့ပဲ နှစ်တိုးမလို့အလုပ်မှာ မင်းကျန်စစ် ကလောင်နဲ့ကို လာလာမှားကြတာကို သတိရတာနဲ့ပဲ တခါတည်း domain ရော ကလောင်နာမည်ပါ ပြောင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မင်းကျန်စစ် ဆိုတဲ့ ကလောင်နဲ့ပဲ စာတွေရေးဖြစ် ဘလော့ဂ်တွေ ဝဒ်ဆိုက်တွေ လုပ်ဖြစ်ခဲ့တာမို့ ဒီကလောင်ကို သိပ်မြတ်နိုးပါတယ်။ ဒါပေမယ့် ဆိုက်တွေ ဖိုရမ်တွေမှာ မင်းကျန်စစ်ဆိုတာနဲ့ မတိမ်းမယိမ်းကလောင်တွေရှိတော့ လူမှုရေးပြသနာမဖြစ်ဖို့ ကွဲပြားသွားအောင် သိင်္ဂါရမောင် ဆိုတဲ့ ကလောင်ရော domain ရော ပြောင်းဖြစ်သွားတာပါ။ ပြောင်းနေတုန်း ကလိနေတာနဲ့ပဲ ခုမှ စရေးဖြစ်တော့တယ်။ အရင်ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းတွေလဲ နှစ်သက်သလိုသာ ခေါ်ဆိုဆက်ဆံကြပါ အရင်လိုပဲ ခင်မင်ကြပါ အားဖြစ်ရင်တော့ web link ကို www.tgrmg.net အဖြစ် ပြောင်းလဲချိတ်ပေးကြပါအုံးဗျာ (တမင် အလုပ်ရှုပ်အောင် လိုက်လုပ်နေတာမဟုတ်ရပါဘူးဗျာ :D ) ။ ကျွန်တော်ကတော့ ရှေ့လျှောက် ကလောင်နာမည်ကို သိင်္ဂါရမောင် နဲ့ပဲ ရေးဖြစ်တော့မယ့်အကြောင်း အသိပေးပါတယ်။
သူငယ်ချင်းများအားလုံးဆန္ဒများပြည့်ငြိမ်းနိုင်ပါစေ…
30Aug2009
To www.TGRmg.Net
Posted by မင်းကျန်စစ်။ at 9:37 PM 1 comments
24Oct2008
ချစ်သူ့ဂေဟာ
စိတ်အေးလက်အေးဖြစ်သွားလို့ ပေါတာများသွားပြီထင်တယ် :D သူငယ်ချင်းတွေနဲ့ ကင်းကွာသွားတာ နှစ်လလောက်ရှိပြီပေါ့။ စာရေးချင်စိတ်ရှိပေမယ့် ကလိချင်စိတ်က ပိုပိုများနေတော့လဲ အချိန်က မလောက်ဘူး ဖြစ်နေတယ်ဗျာ။ ဒီက သူငယ်ချင်းတွေ စုပြီး လုပ်မယ့် website တစ်ခုအတွက် Domain တွေ Host တွေ Tempalte တွေ လုပ်ရင်းနဲ့ပဲ တစ်ရက်ပြီး တစ်ရက် ကုန်နေခဲ့တာ။ တခြားသူတွေ တခြားဆိုဒ်တွေအတွက် ကူညီခဲ့ရပေမယ့် တစ်နှစ်နီးပါး ရေးနေတဲ့ လက်ရှိ ကိုယ့်ဘလော့ဂ်လေးကျတော့ အရေခွံလေး တစ်ခါမှတောင် မလဲပေးဖြစ်တဲ့ ဘဝ။ ဘလော့ဂ်ကများ စကားပြောတတ်ရင် ဒီအကျီကြီး ဂျေးစော်နံနေပြီလို့ပင် ပြောလေမလား မသိ :) ။ ဒါနဲ့ပဲ စုလုပ်မယ့် website အတွက် Domain နဲ့ Host ဝယ်ဖြစ်တော့ တခါတည်း ဝယ်ဖြစ်လိုက်တယ်။ Free Host တွေက ခဏခဏ ကြောင်တတ်တော့ ကလိတဲ့အခါ ပိုအဆင်ပြေအောင်ပေါ့ဗျာ။ ပုံစံလည်း ပြောင်းချင်တော့ Joomla နဲ့ လုပ်ချင်ပေမယ့် လက်ရှိ Post တွေ Comment တွေကို ပြောင်းယူဖို့ အဆင်အပြေဆုံးဖြစ်မယ့် wordpress နဲ့ပဲ လုပ်ဖြစ်တော့တယ်။ နှစ်နေရာ ဖြစ်သွားတော့ ရှေ့လျှောက် www.minnkyansis.com မှာပဲ ဆက်ရေးဖြစ်မယ်ဗျာ။ ရေးခဲ့တာစာတွေ ပျောက်သွားမှာ မစိုးရိမ်ချင်တာကြောင့်ပါ။ ဘာတွေပဲ ပြောင်းပြောင်း အရင်ကလိုပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်လျှောက်လှမ်းကြဖို့ မျှော်လင့်ပါတယ်ဗျာ။
Posted by မင်းကျန်စစ်။ at 12:04 PM 16 comments
24Sep2008
ဆန့်ကျင်ဘက်
မင်းနဲ့ငါ
ကွဲပြားလိုက်ပုံများ
ရပ်တည်နေကြတာကိုက
ဆန့်ကျင်ဘက်....
ဆန့်ကျင်ဘက်အရပ်တွေဆီ
ရှေ့ရှုထားတဲ့ မင်းနဲ့ငါ
ကျောချင်းကပ်လျှက်တော့ မဟုတ်ဘူး
မျက်နှာချင်းဆိုင်လျှက် ......
ဆန့်ကျင်ဘက်တွေဆီ
တို့နှစ်ယောက်လျှောက်လှမ်းရင်း
တဖြည်းဖြည်း ဝေးသွားမှာလား
တဖြည်းဖြည်း နီးလာမှာလား
တို့နှစ်ယောက်က
တကယ့်ဆန့်ကျင်ဘက်တွေလား ???
Posted by မင်းကျန်စစ်။ at 12:29 PM 22 comments
Labels: ကဗျာ
20Sep2008
ကိုယ့်ကိုယ်ကိုဖော် မသူတော်
ဟိုတခါတုန်းက တက်တာတွေ ခေတ်စားလိုက်တုန်းက ဘလော့တွေမှာ ပြဿနာ နည်းနည်းဖြစ်ပြီးကတည်းက တက်တာတွေ ရပ်သွားလိုက်တာ ခုပြန်ပေါ်လာပြန်ပီပေါ့။ ရှေ့တစ်လကျော်လောက်ကတည်းက မအားဖြစ်လို့ ဘလော့ကို ပစ်ထားမိတာ တက်ကြွေးရေးပေးဖို့လဲ တော်တော်ကို နောက်ကျသွားတယ်။ နောက် - မွေးနေ့တုန်းကလဲ ပွဲလုပ်ပေမယ့် ဘာမှမရေးဖြစ်တာ ဘာရယ်မဟုတ်ပါဘူး မအားတာရယ် နောက် ဘလော့ဘက်မှာ ကွာနေတာကြာပြီး ခုရက်မှ ထမရေးတယ်ဖြစ်မှာ စိုးလို့ပါ။ သိသွားလို့ လာနှုတ်ဆက်ပေးကြတဲ့ သူငယ်ချင်းအားလုံးကို အားနာနာနဲ့ ကျေးဇူးတင်မိပါတယ်။ ကဲ ... တက်ဂိမ်းစလိုက်တဲ့ မီးငယ် နဲ့ ဘော့ဒကာကြိမ်း ကြိမ်းနေတဲ့ မောင်ငယ် ရေ .... စပြီကွ။
နာမည် -------- မင်းကျန်စစ် (ဘာလို့ ပေးမိလိုက်လဲတော့ နောက်မှ ရေးတော့မယ်)
သူငယ်ချင်းတွေက ဒီလိုခေါ်ကြတယ် ------- ကျန်စစ် ၊ ကျန်ရစ် ၊ ကြံဆစ် ၊ မောင်ကျန် ၊ ကိုကျန် ၊ ဆြာကျန် ၊ ကျန်ကျောင်း ၊ ကြံဖတ်ပုတ် (ကြယ်စင်နတ်သမီး) ၊ သား (ပန်းခရေ) ၊ ညီတော် (အညာသား) ၊ နယ်တား (ကိုရင်ညိန်း) ၊ ဖွားဘက်တော်အကို (Dream)
ဒီမှာနေတယ် -------- ကုတင် စားပွဲနဲ့ ဘီဒိုသေးသေးလေးသာ ပိုင်ဆိုင်ပြီး ရေနံမြေ လုပ်သားတန်းလျားလို နေရာမလောက်မငလေးသာရှိတဲ့ အခန်းကျဉ်းလေး
ဖုန်းဆက်ချင်ရင် -------- နံပါတ်နှိပ်ပေါ့
အကြိုက်ဆုံးတွေက
အရောင်ဆိုရင် ----------- Skyblue
အဝတ်အစားဆိုရင် ----------- ခွေးမကိုက် ၊ ကျွဲမခွေ့ခံရရင်ပြီးရော (ဘာဝတ်ဝတ် လိုက်နေတော့လဲ ပြောစရာလိုတော့ဘူးပေါ့လေ ) တခါတလေကျ ၁၂ နှစ်သားစတိုင် ၊ တခါတလေကျ တရားစခန်းဝင်မယ့် အဖိုးကြီးပုံ ၊ တခါတလေကျ လုပ်ငန်းရှင်စတိုင် (အလုပ်လုပ်ရင်း ငန်းတာမဟုတ်ပါ)
အစားအစာဆိုရင် ---------- လူစားတာမှန်သမျှ (နတ်အတွက်လည်းမရှောင် ၊ ကားအတွက်လည်း မရှောင် ဘယ်သူ့အတွက် ဘာအတွက်မှကို မရှောင်ဘူး။ ဧည့်သည်လုပ်ရင်လည်း အိမ်ရှင် ရွေးချက်နေရမှာ အားနာလို့)
ပစ္စည်းဆိုရင် ---------- အီလက်ထရောနစ်အသုံးအဆောင်
သီချင်းဆိုရင် ----------- ခွေးအော် ဝက်အော် ဒါမှမဟုတ် အီလေးဆွဲမနေရင် အားလုံးနားထောင်တယ်
စာရေးဆရာဆိုရင် ------------ ဟာသနဲ့ ဖော်ကျူးတဲ့အချစ်ဇတ်လမ်းများရေးသော နီကိုရဲ ၊ အတွေးအခေါ်ပါတဲ့ ဇတ်လမ်းများရေးသော တာယာမင်းဝေ ၊ မောင်လှမျိုး (ချင်းချောင်းခြံ) (ကြိုက်မုန်းစာရေးဆရာကြီး - ဖတ်လို့ကောင်းပြီး နောက်ဆုံး မရ ရအောင် ခွဲကိုခွဲတဲ့လူကြီး)
စာအုပ်ဆိုရင် ---------- ဖေဖေရဲ့ လက်ဆင့်ကမ်းအမွေစာအုပ်များ
Life Style ------------ ဘိုသီဘတ်သီ ဖိုးသိုးဖတ်သတ် ဖတ်သိုးဖတ်သီ
ဝါသနာ ---------- မသိသေးတာ တစ်ခုခုကို ကလိနေချင်တာ
အလိုချင်ဆုံးလက်ဆောင် ----------- ရင်းနှီးကျွမ်းဝင်မှု
အချစ်ဆုံး အလေးအထားဆုံးသူက ----------- မိဘနှစ်ပါး
အမုန်းဆုံးလူ -------- ပူစာလွန်း ထိမ်းချုပ်ဖို့တော်တော်ခက်လွန်းတဲ့ ကိုယ့်ကိုယ်ကို
အခင်ဆုံးသူငယ်ချင်းက --------- အညာသားလေး
ရင်အခုန်ဆုံးအချိန် ------------- ပြေးတဲ့အချိန်
အကြောက်ဆုံးအချိန် ------------- ကျောင်းနောက်ကျနေတုန်း ဓါတ်လှေကားပျက်တဲ့အချိန်
အချစ်ဆိုတာ -------- ပေါက်လုပ်ပဲစား သီအိုရီတွေ ၊ ကမြောက်ကချောက် ဖော်မြူလာတွေ ၊ ကဗျစ်ကညစ် ဒဿနတွေ ဖောင်းပွဲလာအောင် လုပ်တဲ့ တရားခံ
အမုန်းဆိုတာ ----------- ပါးရိုက်ခံရမယ့် အဓိက အကြောင်းရင်း
အလွမ်းဆိုတာ ----------- မင်းသမီးတွေ ပရုတ်ဆီသုံးဖို့လိုတဲ့ အကြောင်းရင်း
ဘဝဆိုတာ --------- လုံးလည် ချာလည်ကြီး
သူငယ်ချင်းဆိုတာ ------------ ညီအကို မောင်နှမမရှိတဲ့ ကျနော့်အတွက် အဓိက အဖော်မွန်
ချစ်သူဆိုတာ ----------- ချစ်ဖို့နဲ့ ရန်ဖြစ်ဖို့
ကိုယ်ကိုယ်ကိုထင်တာ ---------- ဥစ္စချော ရုပ်ပေါ
အပြောချင်ဆုံးစကား -------------- ဗိုက်ဆာပြီ။
Posted by မင်းကျန်စစ်။ at 4:02 AM 13 comments
Labels: သူငယ်ချင်းတို့ တက်သမျှ, ဟာသ
18Sep2008
နှင်းဆီဆူး
ဒီနေရာကြီးမှာ နေရတာ ကျွန်မ မွန်းကျပ်လှပါပြီ။ အားလုံးက ဝိုင်းဝန်းဂရုစိုက်နေကြပေမယ့် မောင့်ရဲ့ ယုယမှုတွေနဲ့ လုံးဝကို မတူနိုင်တာ ကျွန်မပဲ သိမယ်ထင်ပါရဲ့။ မနက်ခင်းတွေတိုင်း ကျွန်မနှိုးပေးမှသာ မောင်ရဲ့ တစ်နေ့တာကို နိုးထစေချင်ခဲ့တာ ကျွန်မရဲ့ အတ္တတစ်ခုလို့ပဲ ဆိုချင်ဆိုပါစေတော့။ မျက်နှာသစ်ပြီးစ မောင့်မျက်နှာလေးကို ကျွန်မကိုယ်တိုင် ဒီတဘက်လေးနဲ့ သုတ်ပေးနေကျလေ။ ခုလို ကျွန်မ တစ်ယောက်တည်း နိုးထနေရတဲ့ အချိန်တွေကို သိပ်မုန်းမိလာတယ်။
ဟိုး..ရှေ့နားက လမ်းကြားလေးမှာ မြူတွေဆိုင်းနေပါလား။ အညာသူ ကျွန်မအတွက် မြူတွေ နှင်းတွေကြားထဲကို တိုးဝင်တဲ့အချိန် အရမ်းပျော်နေတတ်တာကို မောင်က သတိထားမိခဲ့လို့ မြူဆိုင်းတဲ့ မနက်တွေဆိုရင် နှင်းတွေ မြူတွေ ဆိုင်းနေတတ်တဲ့ နေရာလေးတွေဆီ အရောက်ခေါ်သွားတတ်သေးတယ်လေ။ နှင်းဖွဲဖွဲလေးကြားမှာ လက်လေးဆန့်တန်းရင်း ခုန်ပေါက်နေရတာ သိပ်ပျော်ခဲ့တာမောင်ရဲ့။ ခုတော့ ကျွန်မတစ်ယောက်တည်း လျှောက်လာခဲ့ရပါလား….။
ပန်းသည်တစ်ယောက် ဘေးက ဖြတ်သွားတယ်မောင်။ ကျွန်မ သိပ်ကြိုက်တဲ့ နှင်းဆီတွေ တပွေ့တပိုက်ကြီးပါလာတယ်။ ကျွန်မက နှင်းဆီအနံကိုသာ ကြိုက်ပေမယ့် ဆူးကိုတော့ ကြောက်တယ်ပြောတော့ “နှင်းဆီပန်း လိုချင်ရင်တော့ ဆူးဆိုတာ ပါလာမှာပဲ။ ဆူးမပါတဲ့ နှင်းဆီဟာ စုတ်ချက်မပြည့်တဲ့ ပန်းချီကားတစ်ချပ်လိုပဲ” တဲ့လေ။ နှင်းဆီသည်ဆီမှ နှင်းဆီလေးတစ်ပွင့်ကို တောင်းယူလိုက်တော့ ဖျော့ရော့နေတဲ့ ကျွန်မမျက်နှာလေးကို မြင်သွားသည်ထင့်။ အသာတကြည်ပဲ အပွင့်ရဲရဲလေးတစ်ပွင့် ပေးလိုက်သည်။
ဟိုးရှေ့က ဘုရားလေးတစ်ဆူဆီ အရောက်သွားမိပြန်တယ်။ ဒီစေတီမဟုတ်ပေမယ့် ဒီနေလိုရာမျိုးမှာ ကျွန်မနဲ့ မောင် ရာသက်ပန်နေကြဖို့ ဆုတွေ အများကြီး တောင်းခဲ့ကြဖူးတယ်လေ။ ဆုတောင်းနေတဲ့ မောင့်ရုပ်ပုံလေးကို ခိုးကြည့်ရင်း ကြည်နူးနေခဲ့တဲ့ အချိန်တွေကို တွေးကြည့်မိရင် မနေ့ကလိုပဲတောင် ထင်မိရတယ်။
တွေးရင်း တွေးရင်း ကျွန်မ လမ်းဆက်လျှောက်လာမိတယ်။ လမ်းကွေ့လေး တစ်ခုအရောက်မှာ ကားတစ်စင်းအရှိန်ပြင်းပြင်း မောင်းဝင်လာတယ်။ မောင်နဲ့ ကျွန်မ အဲလို ကားတစ်စီးထဲမှာ တူတူရှိခဲ့ကြတယ်။ ကျွန်မလက်ထဲမှာ နှင်းဆီပန်းတွေ တစ်ပွေ့ကြီး ပါလာခဲ့သေးတယ်။ နှင်းဆီချစ်တဲ့ကျွန်မက နှင်းဆီပန်းတွေကို နမ်းရှုံ့ရင်း ပျော်နေသလို မောင်ကလဲ ကြည်နူးတဲ့ အမူအရာလေးနဲ့ ကားလေးကို ဖြည်းဖြည်းညှင်းညှင်း မောင်းပေးနေတယ်။ ဒီအချိန်မှာပဲ ပန်းစည်းပွေ့ထားတဲ့ ကျွန်မလက်ချောင်းလေး တစ်ချောင်းကို ဆူးတစ်ချောင်းစူးသွားပါလေရော။ မျက်နှာလေး ရှုံ့မဲ့မဲ့နဲ့ သွေးထွက်နေတဲ့ လက်ချောင်းလေးကို မောင့်ကိုပြတော့ ကျွန်မကို အရမ်းချစ်တဲ့မောင်က စိုးရိမ်သွားပြီး လက်ချောင်းလေးကို ယူပြီး သွေးထွက်ရပ်အောင် ငုံပြီး မောင့်ပါးစပ်လေးထဲ ထည့်ပြီးငုံပေးတယ်။ ဒီအချိန်မှာပဲ နားထဲမှာ ကျယ်ကျယ်လောင်လောင် အသံတစ်ခုကြားလိုက်ရပြီး ကျွန်မကိုယ်ခန္ဓာလေး တစ်ခုလုံးလွင့်မျောပြီး မောင်နဲ့အတူ လေဟုန်စီးသွားနေရသလို ခံစားခဲ့ရတာ။ ကျွန်မတစ်ခါမှ မရောက်ဘူးသေးတဲ့ ဒီနေရာမှာ နှင်းဆီပန်းတွေ ပွေ့ပိုက်လို့ မောင်နဲ့တူတူ လေဟုန်စီးရင်း မောင်က ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့ ကျွန်မကို နှုတ်ဆက်ပြီး ပျောက်ကွယ်သွားခဲ့တာ ယနေ့ထိအောင်ပါပဲ။မောင်မရှိရင် ကျွန်မဘဝဆက်ရှင်သန်နေလဲ အဓိပ္ပါယ် ဘယ်မှာရှိတော့မှာလဲ။ မောင်မရှိရင် ကျွန်မဘဝလဲ မရှင်သန်ဘူး။ ကျွန်မဘဝကိုယ် ကျွန်မအဆုံးသတ်ပစ်ချင်ပြီ။ ဒီမောင်းလာတဲ့ ကားဟာ ကျွန်မဘဝကို အဆုံးသတ်ပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ နောက်ပြီး မောင်နဲ့ ပြန်လည်တွေ့ဆုံနိုင်မယ့် မျှော်လင့်ချက်အစ။ ဟုတ်တယ်…
နောက်မဆုတ်တမ်း ဆုံးဖြတ်လိုက်တဲ့ကျွန်မ နှင်းဆီပန်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ကားလာရာ လမ်းလေးပေါ် တက်အပြီးမှာ ခြေအစုံကို ရပ်ပစ်လိုက်တယ်။ ကားလေးကလည်း တဖြည်းဖြည်းနီးလာပါပီ။ ကျွန်မမောင်နဲ့ တွေ့ရဖို့လည်း နီးလာပြီပေါ့။ စိတ်ကူးထဲမှာ မောင့်ပုံရိပ်တစ်ခုကိုပဲ မြင်ယောင်ရင်း မျက်လုံးအစုံကို မှိတ်ထားလိုက်တော့တယ်။
ထင်ထားတဲ့အချိန်ထက် ကျော်သွားပေမယ့် မောင်ဆီကို ကျွန်မရောက်မသွားခဲ့ဘူး။ နားထဲမှာ ကြားလိုက်ရတာ ကားရပ်သွားတဲ့အသံ ၊ နောက် ကားထဲက မောင်မဟုတ်တဲ့ တခြားလူတွေ ထွက်လာကြတယ်။
“ကံကောင်းလို့ သမီးရယ်… ဖေဖေတို့ကားနဲ့ တွေ့လို့ပေါ့”
“ကြံကြီးစည်ရာ သမီးရယ်… မေမေတို့ စိတ်ပူအောင် နောက်ကို တစ်ယောက်တည်း ထွက်မသွားပါနဲ့နော်”
“ဆရာမတို့ကလည်း နောက်ဆိုရင် ဒီထက်ပိုပြီး ဂရုစိုက်ပေးကြပါဗျာ”
မသိချင်ဘူး ကျွန်မဘာမှ မသိချင်ဘူး။ သူတို့ကိုလဲ ကျွန်မမသိဘူး။ မောင်တစ်ယောက်ကိုပဲ သိတယ်။ ကျွန်မကို ဘာလို့ မောင်နဲ့ တွေ့ခွင့်မပေးကြတာလဲ။ ကျွန်မကို ဘာလို့ အားလုံးက မျက်ခြေမပြတ် စောင့်ကြည့်နေကြတာလဲ။ မောင်မဟုတ်တဲ့ တခြားသူတွေရဲ့ ဂရုစိုက်မှုတွေအပေါ် ကျွန်မမသာယာနိုင်ဘူး။ ကျွန်မကို အမြန်လာခေါ်ပါတော့မောင်…
ကားပေါ်ရောက်သည်အထိ လက်ထဲမှာ နှင်းဆီပန်းလေးကိုတော့ ဆုပ်ကိုင်ထားဆဲ….
မောင်စိုးရိမ်တကြီး စုပ်ယူခဲ့တဲ့ လက်ချောင်းလေးမှာလဲ သွေးတွေစွတ်စိုလို့…
နှင်းဆီပွင့်ဖတ်လေးတစ်ချို့လည်း ကြွေကျပျက်ဆီးလို့ …
PS: စာရေးစကတည်းက ယောက်ျားလေးနေရာကပဲ ခံစားပြီးရေးနေကျမို့ ဒီတခါတော့ စဉ်းစားမိတဲ့ ဇတ်လမ်းကလည်း မိန်းကလေးအနေနဲ့ ရေးဖို့ပိုကောင်းလို့ ဒီလိုရေးလိုက်တာဗျာ။ တော်ကြာ မောင်ကျန် ဘယ်လိုဖြစ်သွားပါလိမ့် ဖြစ်နေကြဦးမယ်။ အထင်မှားရဘူးနော် ကြောက်ကြောက်



Posted by မင်းကျန်စစ်။ at 7:26 PM 23 comments
Labels: ဝတ္ထုတို
12Aug2008
ထားဝယ်သားရယ်...
ထားဝယ်သား သူငယ်ချင်းတစ်ယောက် အိပ်သို့လာလည်သောအခိုက် ...
“အောင်ကျော်ထွင်းရာ ...... မင်းအတွက် ထားဝယ်ကနေ ပုဆိုး ခွင်နထည် ဝယ်လာတာ တစ်ထည်က တွင့်ကျေနေလို့ မီးပူထိုးလိုက်တာ မီးကျွင်းသွားလို့ ခြောက်ထည်ပဲ ပါလာရ တော့တယ်”
အောင်ကျော်ထွန်းက လဖက်သုတ်စားနေရင်း နားလည်အောင် မနည်းနားထောင်နေ၏။
“အောင်ကျော်ထွင်းရာ ဧည့်သည်ကို ဧည့်ခံတဲ့ လဖက်သုတ် မင်းပဲစားနေတယ်။ ငါ့လဲ ဇွင်းပေးပါအုံးကွ”
“မင်းစကားနားထောင်ရတာလဲ မျက်စိလည်လိုက်တာကွာ။ ဇွန်းတော့ ပီအောင်ပြောပါဟ။”
“ထားဝယ်သား ထားဝယ်သံပဲ ထွက်မှာပေါ့ အောင်ကျော်ထွင်းရ”
“မြန်မာလို မပီရင် အင်္ဂလိပ်လို ပြောကွာ။ ပီအောင် ပြောနိုင်မှ ပေးမယ်”
“စပွင်းးးးး”
တက္ကသိုလ်တက်တုန်းက ထားဝယ်သားတွေကို နောက်ခဲ့တာကို သတိရလို့ ပြန်ရေးမိတာဗျာ။ ထားဝယ်သားတွေ လာဖတ်မိရင် ခွင့်လွှင့်ပေးကြပါ
Posted by မင်းကျန်စစ်။ at 4:16 PM 19 comments
Labels: ဟာသ
09Aug2008
Video, Mp3 အတွက် Download နည်းများ
အရှုပ်တွေလုပ်ပြီး အလုပ်ရှုပ်နေတာနဲ့ ကလိစရာ အကြောင်းလေးတွေ မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီမို့ ရေးလိုက်ဦးမယ်ဗျာ။ သိပြီးသားဖြစ်သူများလဲ ရှိမှာပါ။
အပိုင်း(က) Youtube, metacafe video ဖိုင်တွေ Download ချဖို့ သိသမျှ နည်းလမ်းများ နဲ့
အပိုင်း(ခ) webpage ပေါ်ရှိ imeem, MySpace, eSnips, iJigg, MOG စတဲ့ Mp3 player မှ Mp3 သီချင်းများကို Download ချဖို့ ဖြစ်ပါတယ်။
(က) အရင်ဆုံး Youtube video ဖိုင်တွေ Download ချဖို့ နည်းလမ်းတွေ တော်တော်များများ ရှိပါတယ်။
(၁) Youtuber Downloader Software ကို အသုံးပြုပြီး Download ယူတဲ့ နည်းကတော့ ရှင်းပါတယ်။ Software ကို ဒီမှာ Download ယူနိုင်ပါတယ်။ Run ပြီးတာနဲ့ Youtube Downloader ထဲက video URL မှာ လိုချင်တဲ့ video ရဲ့ URL ကိုထည့်ပေးပြီး OK ကို Click လိုက်ရင် FLV ဖိုင်အမျိုးအစားနဲ့ ထွက်လာပါတယ်။ ဒါကတော့ ရှင်းပါတယ်။ ဆော့ဖ်ဝဲသုံးတာကိုး။
(၂) Real player သုံးသူများကတော့ Download ယူတာ လွယ်ကူပါတယ်။
(၃) Internet Download Manager (IDM) သုံးသူများ IDM ရဲ့ Downloads >> Options >> File types မှာ FLV လို့ ထပ်ထည့်လိုက်ရင်လဲ ရပါတယ်။ ဒါပေမယ့် ဒီလို လုပ်သူတွေက youtube မှာ တခါတည်း ကြည့်လို့ မရပဲ ဝင်လိုက်တာနဲ့ webpage မှာ ရှိသမျှ video တွေကို Download ချဖို့ တစ်ခုပြီး တစ်ခု မေးနေမှာ ဖြစ်ပါတယ်။
(၄) အကယ်၍ မိမိ computer မှာ software အပိုတွေကို Run မထားချင်ရင် လိုချင်တဲ့ video ရှိတဲ့ URL မှာ youtube အစား voobys ဆိုတဲ့ စာလုံးကို အစားထိုးရိုက်ထည့်ပြီး Enter ပါ။ Download လင့်ခ် တခါတည်း ထွက်ပေးပါလိမ့်မယ်။
ဥပမာ - http://www.youtube.com/watch?v=TIAWP2oFDyE ဒီလို URL မှာ
ဒီလိုလေး http://www.voobys.com/watch?v=TIAWP2oFDyE လို့သာ ပြောင်းထည့်လိုက် ရုံပါပဲ။ မရှင်းသေးရင် ပုံမှာ ကြည့်ကြည့်ပါဦး။
>> ပေးလာတဲ့ Download လင့်ခ်ကို click လိုက်တာနဲ့ Download ပါတယ်။ ဒါပေမယ့် Unknown file type နဲ့ save သွားပါတယ်။ ဒါ့ကြောင့် video ဖိုင်ကို အမျိုးအစား သတ်မှတ်ပေးဖို့အတွက် လိုအပ်ပါတယ်။
Folder Options >> View >> Hide extensions for known file types မှာ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ။
>> ပြီးရင် video ဖိုင်ကို အမည်အသစ်ပေးပြီး နောက်ဆုံးမှာ .flv (or) .wmv (or) .wma လို့ ပေးလိုက်ရင် ကြည့်လို့ရတဲ့ video ဖြစ်သွားပါပြီ။
>> Internet Download Manager (IDM) သုံးသူများကတော့ Download video ကို R-click မှတဆင့် Download with IDM ကိုရွေးလိုက်ရင် FLV ဖိုင်နဲ့ တခါတည်း Save သွားပါလိမ့်မယ်။
(၅) နောက်တမျိုးကတော့ youtube နဲ့ metacafe က လိုချင်တဲ့ video တွေရဲ့ URL ကို ဒီဝဒ်ဆိုက်မှာ ထည့်ရှာပြီး Download တဲ့ နည်းဖြစ်ပါတယ်။ ခုတလောတော့ အဲဒီဆိုက်ဒ်က ရလိုက် မရလိုက် ဖြစ်နေတတ်ပါတယ်။ အဲဒါကို လေ့လာချင်ရင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။
(၆) နောက်ဆုံး တစ်ခုကတော့ အပိုင်း(က) ရော (ခ) အတွက်ပါ သက်ဆိုင်ပါတယ်။
youtube / metacafe စတဲ့ website တွေရဲ့ video တွေကိုရော imeem, MySpace, eSnips, iJigg, MOG စတဲ့ Mp3 player မှ Mp3 သီချင်းများကို Download ချနိုင်တဲ့ software ဖြစ်ပါတယ်။ ဒီမှာ Download နိုင်ပါတယ်။ ဖိုင်ဆိုဒ်က 1MB တောင် မရှိပါဘူး။
အသုံးပြုဖို့ကလည်း လွယ်လွယ်လေးပါပဲ။
>> သူ့ကို Run ပြီးလို့ ဖွင့်ထားပြီး Taskbar နဲ့ Tray ကြိုက်တဲ့ နေရာမှာထားပါ။
>> ပြီးရင် ကိုယ်လိုချင်တဲ့ video (or) Mp3 ကို ဖွင့်လိုက်ရုံနဲ့ သူ့ဆီမှာ ဝင်နေပါလိမ့်မယ်။
>> ဖွင့်နေတဲ့ video (or) Mp3 ကို စောင့်ခိုင်းထားတဲ့ စက္ကန့်အထိ Download ချ ၊ မချ user's command ကို စောင့်နေပါတယ်။
>> Download ချချင်တဲ့ video (or) Mp3 ကို ရွေးပြီး Download ကို click တာနဲ့ မိမိလိုချင်တဲ့ video (or) Mp3 ကို ရမှာ ဖြစ်ပါတယ်။
ရလာမယ့် ဖိုင်ကို save မယ့် နေရာက C:/Downloads ပါ။ ရှာရလွယ်အောင် မိမိထားချင်တဲ့ နေရာကို General >> Browse မှတဆင့် ရွေးပေးပါ။
မိမိအသုံးပြုတဲ့ Brower ဟာ IE / Firefox အပြင် တခြား Browser ဖြစ်မယ်ဆိုရင်လဲ ထပ်ပြီး တိုးပေးလို့ရပါတယ်။ဒီဆော့ဖ်ဝဲအကြောင်းလေ့လာချင်ရင်တော့ ဒီမှာ လေ့လာပါ။
မျက်စိမလည်အောင်တော့ တတ်နိုင်သလောက် ကြိုးစားပြီး ရေးထားပါတယ်။ သိပြီးသား လူများအတွက် ကလေးဆန်ရင်လဲ ဆန်နေပါလိမ့်မယ်။ ကြိုက်ရာနည်းနဲ့ အသုံးပြုနိုင်ဖို့အတွက် သိသမျှကို အိပ်သွန်ဖာမှောက်လိုက်တာဖြစ်ပါတယ်။ သူငယ်ချင်း အားလုံး အဆင်ပြေ နိုင်ပါစေဗျာ...
Posted by မင်းကျန်စစ်။ at 12:25 AM 6 comments
Labels: Software, နည်းပညာစာပေ
08Aug2008
ကျွန်မသိပြီ
ဂီတပညာရှင်ကြီး မစ္စတာထင်ပေါ် နှင့် မစ္စစ်ထင်ပေါ်တို့၏ အိမ်ထောင်သက် အနှစ် လေးဆယ်ပြည့် မင်္ဂလာပွဲသို့ မစ္စတာ ထုံပေတို့ ဇနီးမောင်နှံလာရောက်ကြသည်။ ဧည့်ခံပွဲတွင် စားသောက်ကြပြီးနောက် မစ္စတာထုံပေမှာ အတော်လေး မူးနေပြီဖြစ်သည်။ အပေါ့သွားချင် သဖြင့် မစ္စတာ ထင်ပေါ်အား ရေအိမ်ရှိရာကို မေးမြန်းပြီး တယိမ်းတယိုင်ဖြင့် သွားခဲ့ရသည်။
ဧည့်ခံပွဲမှ အပြန်တွင် မစ္စတာထုံပေက သူ့၏ဇနီး မစ္စစ်ထုံပေအား
“ထင်ပေါ်တို့ ချမ်းသာလိုက်ပုံများ ဆီးသွားတဲ့ခွက်ကိုတောင် ရွှေနဲ့ လုပ်ထားတယ်ကွာ။ အံ့ရောပဲ”
“ဟုတ်ပမလားရှင်…။ ရှင်မူးနေခဲ့လို့ အမြင်မှားတာ နေမှာပါ။ ကျွန်မတော့ မယုံဘူး”
“ငါ အဲလောက်မမူးပါဘူးကွ။ သေချာပါတယ်။ ရွှေမှ ရွှေအစစ် ပြောင်လက်နေတာပဲ။ မယုံရင် မနက်ဖန် မစ္စစ်ထင်ပေါ်ကို မေးကြည့်ပေါ့”
မနက်ဖြန် နံနက်တွင် မစ္စစ်ထုံပေမှ မစ္စစ်ထင်ပေါ်အား ဖုန်းဆက်ပြီး မေးမြန်းရာ
“ဟဲလို မစ္စစ်ထင်ပေါ်။ ရှင်တို့ အိမ်မှာ ဆီးသွားတဲ့ခွက်ကိုတောင် ရွှေနဲ့ လုပ်ထားတယ်လို့ ကျွန်မယောက်ျားက ပြောနေလို့ အဲဒါဟုတ်လားဟင်”
မစ္စစ်ထင်ပေါ်ထံမှ အဖြေစကားထွက်မလာသေးခင် မစ္စတာထင်ပေါ်ထံသို့ လှမ်းပြောလိုက် သော စကားသံထွက်လာသည်။
“ယောင်္ကျားရေ ညက ရှင့်ဆိုက်ဆိုဖုန်းကြီးထဲကို ဆီးသွားခဲ့တဲ့ တရားခံကို ကျွန်မသိပြီရှင့် ! ”
Posted by မင်းကျန်စစ်။ at 5:47 PM 7 comments
Labels: ဟာသ
ဖွဲ့တည်ရာ မဂ္ဂဇင်း အမှတ် (၄)
တခါထက်တခါ မရိုးရအောင် ၊ အရည်အသွေး ပိုပိုကောင်းလာတဲ့ ဖွဲ့တည်ရာမဂ္ဂဇင်း အမှတ်(၄) ထွက်လာပြန်ပါပြီ။ (၄) ရက်နေ့ကတည်းက ထွက်တာပါ။ ကလောင်ရှင် အဟောင်းတွေရော အသစ်တွေပါ ရေးထားတဲ့ ဆောင်းပါးကောင်း ကဗျာကောင်းတွေ ဖတ်ရတာ ရသရှိလှပါတယ်။ ကျနော်ကသာ ရှေ့တစ်လလုံး မအားဖြစ်လို့ ဒီတစ်ပတ် ဆောင်းပါးကောင်း တစ်ပုဒ်မှ မရေးဖြစ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တစ်ခု လို့တောင် ခံစားရပါတယ်။ အယ်ဒီတာအဖွဲ့ရဲ့ စီစဉ်ပေးမှုကြောင့်သာ ကဗျာတစ်ပုဒ် ပါခွင့်ရသွားတဲ့အတွက်လည်း ကျေးဇူးတင်ရှိကြောင်းပါ။ မဖတ်ဖူးသေးသူများ သိနိုင်ကြစေဖို့ ထပ်ကြေညာပေးလိုက်ပါတယ်။ ဒီမှာ Download နိုင်ပါတယ်။ ဖွဲ့တည်ရာ ဒီထက်မက အောင်မြင်ပါစေ...
Posted by မင်းကျန်စစ်။ at 5:03 PM 2 comments
Labels: စာပေရပ်ဝန်း
01Aug2008
မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း (Myanmar Wikipedia)
ကျွန်တော် မြင်သလောက် ပြောရရင် မြန်မာဝီကီဟာ လူသိအရမ်းကို နည်းနေပါသေးတယ်။ သိခဲ့ရင်လဲ မြန်မာဝီကီဆိုတာ ရှိတယ် ဆိုတာမျိုးလောက်ပဲ သိတဲ့ အသိမျိုးပါ။ တစ်ချိန်မှာ မြန်မာဝီကီဟာလဲ အဲဒီလို အချက်အလက်စုံစုံ ၊ အထောက်အထား ခိုင်ခိုင်မာမာနဲ့ ဖြစ်စေဖို့ အတွက် သူများလုပ်ပေးတာ အရင်ကလို ထိုင်စောင့်နေလို့ မရတော့ပါဘူး။ တတ်အားသမျှ ပညာရှင်များ ၊ ကျောင်းသားများ ၊ စိတ်ဝင်စားသူများ ၊ မြန်မာမှန်ရင် အင်တာနက်လည်း အဆင်ပြေနေမယ်ဆိုရင် တတ်နိုင်သလောက် နည်းနည်းချင်း ၀င်ရေးသင့်တဲ့ ကိစ္စတစ်ခုအဖြစ် ကျွန်တော် တိုက်တွန်းချင်ပါတယ်။
ဝီကီရဲ့ အဓိက ရည်ရွယ်ချက်က ပင်တိုင်ဆောင်းပါးရှင်များနဲ့ ရေးဖို့ထက် မည်သူမဆို ၀င်ရောက်ရေးသားပြင်ဆင်ဖို့ ဖြစ်ပါတယ်။ ၀င်ရေးချင်တဲ့ သူတွေမှာ စစချင်း ကြုံရလေ့ရှိတဲ့ အခက်အခဲက ဖွဲ့စည်းတည်ထောင်စဖြစ်လို့ နားမလည်တာလေးတွေ ၊ ဝဒ်ဆိုက်ရဲ့ မပြည့်စုံ သေးမှုတွေကြောင့် စိတ်ပျက်သွားဖွယ်ရာရှိပါတယ်။ အဲဒီ အချက်တွေကို တကယ်တမ်း နားလည်သူတွေက ဖြန့်ဖြူးပေးဖို့ နှောင့်နှေးနေတာကြောင့် လူသိနည်းပြီး ပြဿနာ ဖြေရှင်းနည်းတွေ ရေးတဲ့လူနည်းပြီး အခုလို တိုးတက်မှု နည်းနေရတယ်လို့ ယူဆမိပါတယ်။
မြန်မာဝီကီရဲ့ သဘောက ရှာလို့ရမယ် ၊ ဖတ်လို့ရမယ် ၊ ရှာလို့တွေ့တဲ့ အချက်အလက်ထဲမှာလဲ အမှားတွေ့ရင် ဒါမှမဟုတ် ထပ်ပြီး ဖြည့်စွက်ချင်ရင် စေတနာအလျှောက် လွတ်လွတ်လပ်လပ် ဖြည့်စွက်လို့ ရပါတယ်။ Register user တစ်ယောက် မဟုတ်ရင်လဲ ပြင်ဆင်လို့ ရတဲ့အတွက် အမှန်ကိုသာ ပြင်ဆင်စေချင်ပါတယ်။ ကိုယ်ပိုင် ရေးချင်တဲ့ အကြောင်းအရာ အချက်အလက် ကိုလဲ ခေါင်းစဉ်အသစ် ၊ စာမျက်နှာအသစ် ဖွင့်ပြီး ရေးလို့ရပါတယ်။ အရေးအသားကိုတော့ စွယ်စုံကျမ်းနဲ့ ကိုက်ညီအောင် ခံစားချက်ဆိုင်ရာ အရေးအသားမျိုး မဟုတ်ပဲ အချက်အလက် အထောက်အထားများနှင့် ရေးသားစေလိုပါတယ်။ မြန်မာဝီကီ ရေးသားနည်း သင်တန်းများ ဖွင့်ဖို့ အထိကိုပါ ရည်ရွယ်ထားကြောင်းနှင့် မီဒီယာများကနေပြီး ကူညီပညာပေးမယ့် အစီအစဉ်များလည်း လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။ သူငယ်ချင်းများမှလည်း ထပ်ဆင့်ပြီး မြန်မာဝီကီ အကြောင်းကို သတင်းပေးတဲ့ ဆောင်းပါးများ ရေးပေးကြစေချင်ပါတယ်။
အခုလက်ရှိ မြန်မာဝီကီမှာ အကြောင်းအရာပေါင်း (၂၇၀) ကျော်ပဲ ရေးထားပါသေးတယ်။ မိမိတတ်နိုင်သလောက် တစ်တပ်တစ်အား ရေးသားထားကြမှသာ အချက်အလက်ပြည့်စုံတဲ့ မြန်မာ့အွန်လိုင်း စွယ်စုံကျမ်းတစ်ခုဖြစ်လာမှာ ဖြစ်တဲ့အတွက် အားလုံးကူညီရေးသားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ကျနော်တို့လည်း မြန်မာဝီကီ အကြောင်းကို လေ့လာနေဆဲဖြစ်လို့ သိသမျှ အချက်အလက်များနှင့် မြန်မာဝီကီမှ ကိုဘလူးဖိနစ်ရဲ့ ဆောင်းပါးကို ကိုးကားပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပိုမိုစုံစုံလင်လင် လေ့လာချင်ရင် မြန်မာဝီကီ မှာ လေ့လာ နိုင်ကြပါတယ်။
မြန်မာဝီကီအကြောင်းကို အသိပေးနိုင်ဖို့ ဓါတ်ပုံတင်ချင်သူများအတွက် ဒီကုဒ်များကို အသုံး ပြုနိုင်ပါတယ်။ မိမိဘလော့နဲ့ ကိုက်ညီတဲ့ အလျား အနံ ရရှိအောင် width & height ကို ပြောင်းလဲပေးပါ။ မိမိတတ်သိသမျှကို မျှဝေနိုင်ပါစေ....
<img width="150" alt="MM wiki" src=" http://h1.ripway.com/minnkyansis/mmWiki New.PNG" height="190"/>
ဒါကတော့ ခုလက်ရှိ မြန်မာဝီကီရဲ့ ပုံပါ။

<img width="150" alt="MM wiki Old" src=" http://h1.ripway.com/minnkyansis/mm Wiki Old.jpg" height="190"/>
ဒါကတော့ အရင်က မြန်မာဝီကီရဲ့ ပုံပါ။
Posted by မင်းကျန်စစ်။ at 9:44 AM 10 comments
Labels: စာပေရပ်ဝန်း, နည်းပညာစာပေ