Rec Comment OF M!иикy@иs^s Blog

သင်္ကြန်လေသွေး (၆) ဇတ်သိမ်းပိုင်း

သင်္ကြန်ရေတွေ ပက်ဖြန်းခွင့်ရမယ့် နောက်ဆုံးနေ့ …

မနက်အိပ်ယာနိုးတာနဲ့ လေညှင်းထဲမှာ ပိတောက်ရနံ့တို့ စီးမျောလာသည်။ စိတ်ထဲမှာ ချက်ချင်းသိလိုက်၏။ ရွှေဝါပိတောက်တို့ ပွင့်လန်းလေပြီ။ မျက်နှာသစ်ပြီးတာနဲ့ လမ်းထိပ်က ပိတောက်ပင်ကြီးဆီ ထွက်လာခဲ့သည်။ ပိတောက်ပွင့်တို့ကို ကြည့်ရင်း ပျော်လာမိသည်။ ညက ရွာသွန်းခဲ့သည့် သင်္ကြန်မိုးကိုလည်း ကျေးဇူးတင်မိပါရဲ့။ တံခြူဖြင့် ခြူနိုင်လောက်သည့် အမြင့်တွင် အပွင့်ကောင်းကောင်းတို့ မရှိ။ ပိတောက်ပင် ပိုင်ရှင်အား ခွင့်တောင်းပြီး တက်ခူးခဲ့သည်။ ပိတောက်ပွင့်တို့ ညို့ယူအားကြောင့် တစ်ကိုင်းတချို့ဖြင့် စူးငြိ နာကျင်သော်လည်း မမှုအား။ ပိတောက်ခိုင်တို့ တပွေ့တပိုက်နှင့် အိမ်ပြန်ရောက်သောအခါ မေမေက တအံ့တသြ ကြည့်နေသည်။
“အများကြီးပါလား သားရဲ့။ ဝယ်လာတာလား”
“မဟုတ်ဘူး မေမေ။ သားကိုယ်တိုင် ခူးလာတာ။ မေမေ ဘုရားတင်ဖို့”
“ဟုတ်မှ ဟုတ်ရဲ့လား သားရယ်။ တယောက်ယောက်ကို ပေးဖို့များလားလို့” ပြုံးစိစိဖြင့် မသိဟန်ပြုကာ ဆိုလေသည်။
ပြန်ဖြေစရာ အဖြေမရှိ။ ဘုရားတင်ဖို့သာ ခူးလာသည် မဟုတ်။ အပွင့်လှလှ လေးငါးခက်ရွေးချယ်ပြီး စက်ဘီးလေး ယူကာ အိမ်မှ ထွက်လာခဲ့သည်။ မေမေနှင့် ဖေဖေကတော့ သိလျှက်နှင့် မမြင်သလို နေပေးကြသည်မို့ ခေါင်းငုံ့ မျက်နှာဝှက်ကာ အမြန်ထွက်လာခဲ့သည်။ လေအရှိန်ဖြင့် ပိတောက်ပွင့်တို့ ကြွေမည်စိုး၍ စက်ဘီးကို ထိမ်းနင်းကာ ငုတို့ ပွင့်လန်းနေသည့် ကုန်းလေးတစ်လျှောက် နင်းတက်ရင်း သူငယ်ချင်းမလေး ခင်သူ့ဆီသို့ …..

အဝေးမှပင် မြင်နေရသည်။ အိမ်ရှေ့တွင် ဒန်းစီးရင်း ငေးငိုင်နေသော ခင်သူ။ သူမအနားသို့ ရောက်သည့်တိုင် အသိမပေးပဲ ရောက်လာခဲ့သည်။ ဘေးက စာအုပ်တွင် တချို့ကို ရေးမှတ်နေပုံရသည်။ ရေးရင်းနှင့်ပင် မျက်ရည်စတချို့ သုတ်လိုက်သည်ဟုလည်း ထင်မိ၏။ ခင်သူ ငိုနေသည်လား ကျနော်မသိ။ စိတ်ထဲမှာတော့ စိုးရိမ်စိတ်တို့ ကြီးစိုးလာသည်။ အနားရောက်လာတော့ သိလိုက်ရသည်က သူမရေးနေသည်မှာ ကျနော် ပေးခဲ့ဖူးသည့် ဒိုင်ယာရီစာအုပ်လေး။

“ခင်သူ …. နင်ငိုနေတာလားဟင်”
ဖြတ်ခနဲ့ အံ့သြသည့် အမူအရာလေးနှင့် လှည့်ကြည့်ရင်း မျက်နှာတွင် ရှက်သွေးတို့ လွှမ်းသွားသည်ကို တွေ့လိုက်ရသည်။ ရှက်နေသည့် မျက်နှာလေးကို လေညှင်းလေးက အလိုက်တသိနဲ့ ဆံနွယ်တချို့ကို ဆွဲယူ ဖုံးကွယ်လိုက်သယောင်ပင်။ ခင်သူက မျက်ရည်စတို့ကိုလဲ ခိုးသုတ်နေရင်း
“နင် ဘယ်တုန်းက ရောက်နေတာလဲ”
“ခုလေးတင်ပါပဲ။ စက်ဘီးနဲ့ လာတော့ အသံမကြားရလို့ နင်သတိမထားမိတာ ဖြစ်မှာပါ။ ရော့ .. နင့်အတွက် ပိတောက်ပန်း။ ငါကိုယ်တိုင် တက်ခူးလာတာ”
“နင် ငါ့ကို သတိရသေးတယ်နော်” ခေါင်းလေးငုံထားရင်းက ပြောသည်။
“နင်ဟာ ငါ့ရဲ့ သံယောဇဉ်အရှိဆုံးသူလေ။ သတိရလို့ နင့်ကို ပန်စေချင်လို့ လာပေးတာပေါ့။ ပန်လိုက်နော်”
ကြည်နူးသွားသည့် မျက်နှာလေးက အလွန်ပင် အပြစ်ကင်းနေသည်။ ပိတောက်တို့ကို သူ့လက်ထဲသို့ ထည့်ပေးပြီး ပန်ဖို့ အကောင်းဆုံး အပွင့်တချို့ကို ရွေးချယ်ပေးလိုက်သည်။ ပိတောက်တို့ လက်ကမ်းပေးသည့် အချိန်မှာပင်….
“ဟယ် ထူးအောင် နင့်လက်မှာ ဒဏ်ရာတွေနဲ့ပါလား။ နင် လမ်းမှာ ရန်ဖြစ်လာတာလား”
“မဟုတ်ပါဘူးဟာ။ ပိတောက်ပင်ပေါ် တက်ရင်း သစ်ကိုင်းခြစ်မိပြီး ပြဲသွားတာပါဟ။ မေမေက ပြုံးစိစိနဲ့ ကြည့်နေတော့ ငါလဲ ဆေးမထည့်မိပဲ အမြန်ထွက်လာမိတာ။ အရေးမကြီးပါဘူး။ နင်ပန်လိုက်အုံးနော်”
ပိတောက်ပွင့်တို့ကို ကလစ်လေးဖြင့် ညှပ်၍ ဆံနွယ်တို့ထက်မှာ နေရာပေးလိုက်သည်။
“ကဲ … ရပြီလား” မျက်နှာလေးမော့ကာ ပြုံးရွှင်စွာဖြင့် ဆိုသည်။
“အင်း .. ရပြီ”
“ဒါဆို နင့်လက်ဆေးထည့်ပေးဖို့ ဆေးဗူးသွားယူလိုက်အုံးမယ်။ နင်ကလေ ငယ်ငယ်ကအတိုင်း ပေပေတေတေနဲ့။ အနာကိုတောင် သေချာဂရုမစိုက်ချင်ဘူး။ အရက်ပြန်နဲ့ကို လောင်းပစ်အုံးမယ်” ပြောလဲပြောရင်း အလျှင်စလိုဖြင့် အိမ်ထဲသို့ ပြေးဝင်သွားသည်။ ကျနော် အနာတစ်ခုခုဖြစ်ပြီဆိုလျှင် ခင်သူ စိတ်ပူတတ်သည်က ဟိုးယခင်ကတည်းကပင်။ ဒန်းပေါ်မှာ ထိုင်ရင်း ဒိုင်ယာရီစာအုပ်ကလေးကို ဂရုပြုမိလိုက်သည်။ ဖောင်တိန်လေးက အဖုံးဖွင့်လျှက်သား။ ရေးလက်စ ဖြစ်ဟန်တူသည်။ အနာရင်းမှာ စိတ်ပူနေသည်မို့ ဆေးဗူးအမြန်သွားယူရန် အိမ်ထဲပြေးအဝင်မှာ မေ့ကျန်သွားသည်ထင်၏။ ယူကြည့်ချင်သည့် စိတ်တို့ကို မတားလိုက်နိုင်ခင် စာအုပ်လေးကို လက်က ကောက်ယူလျှက်သား ဖြစ်နေသည်။

အားလုံးစုံအောင် ဖတ်ချိန်မရလိုက်သော်လည်း စာမျက်နှာတိုင်းမှာ သတိရကြောင်း လွမ်းဆွတ်ကြောင်းနှင့် မိန်းကလေး တစ်ဦး၏ ဖော်ထုတ်ခွင့် မရသော ချစ်ခြင်းတို့ ဖြစ်ကြောင်းကို သိခွင့်ရလိုက်သည်။ ရင်ထဲမှာ ကြည်နူးမှုတို့ ပြည့်နှက်သွားသည်။ အံ့သြမှုတို့ကတော့ သိပ်မရှိ။ ကျနော်ကိုယ်တိုင်လည်း သံယောဇဉ်တချို့ အရောင်ပြောင်းစ ပြုလာလေပြီလေ။ ခင်သူလဲ ကျနော့်လိုပဲ ခံစားရမည်ပေါ့။ ခင်သူ ဆေးဗူးလေး ကိုင်ကာ ပြန်ထွက်လာတော့ ဒိုင်ယာရီစာအုပ်လေးကို ပြန်ချကာ မသိသလိုလေး နေလိုက်သည်။ ခင်သူကတော့ လက်က ဒဏ်ရာကိုသာ အာရုံရောက်နေသည်။ အနာကို ဂရုတစိုက် ဆေးထည့်ရင်း ပါးစပ်ကလည်း တတွတ်တွတ်ဖြင့် အပြစ်တင်စကားဆိုနေသည်။

အနာကို အရက်ပြန်ထည့်နေသည်ကိုလည်း သတိမမူမိ။ သူ့အပြစ်တင်စကားတို့ကိုလည်း မကြားတော့။ စကားလည်း ပြန်မဆိုနိုင်။ ခင်သူ့မျက်နှာလေးကိုသာ မျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်။ စကားပြန်မရပဲ စိုက်၍သာ ကြည့်နေသော ကျနော့်အား ခဏအကြာတွင် ခင်သူ သတိထားမိပုံရသွားသည်။ မေ့ကျန်ခဲ့သော ဒိုင်ယာရီစာအုပ်လေးကို သတိရမိသွားထင်၏။ စာအုပ်လေးကို ဆွဲယူဖွက်လိုက်သည်။ မျက်နှာမှာတော့ ရှက်သွေးတို့ ပြည့်လျှမ်းလို့။

“ဒီ ဒိုင်ယာရီစာအုပ်လေး ယူသွားလည်း ဖတ်မိထားတဲ့ စာအုပ်ထဲက စာသားတွေကို ငါ မမေ့သွားပါဘူး ခင်သူရယ်။ နင့်ကို ဂရုမပြုမိပဲ အတုအယောင် အချစ်တွေ ကြားမှာ မိန်းမောခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ပါနော်”
“…………..”
“မိုးပြာနဲ့ ချစ်ခဲ့တဲ့ အချစ်တွေထက် ငယ်ငယ်ကတည်းက ရှိနေခဲ့တဲ့ နင်နဲ့ငါရဲ့ သံယောဇဉ်တွေကို အချစ်ထပ်ပေါင်းလိုက်ရင် တုနှိုင်းမရတဲ့ အချစ်တွေ ဖြစ်လာမှာပါ။ ငါလဲ ဘယ်အချိန်ဖြစ်ဖြစ် နင့်ကို သတိရနေခဲ့ပါတယ်။ မိုးပြာရဲ့ အချစ်တုတွေကြားမှာ ပျော်နေခဲ့ချိန်မှာတောင်မှပေါ့။ လှည့်ဖြားမှုတွေကို ခံလိုက်ရတော့ နင့်ဂရုစိုက်မှုတွေ ကြင်နာမှုတွေကို ပိုလွမ်းတတ်လာတယ်။ သူငယ်ချင်း ဘဝထက် ချစ်သူဘဝအဖြစ်နဲ့ နင့်ရဲ့ အကြင်နာတွေကို ပိုပြီး ခံယူချင်လာတယ်။ နင့်ကို ခံစားရအောင် လုပ်ခဲ့တဲ့အတွက် နင်ပျော်ရွှင်ကြည်နူးအောင် ငါ့အချစ်တွေ သစ္စာတွေနဲ့ ပေးဆပ်ချင်လာတယ်။ နင်သာ ခွင့်ပြုမယ်ဆိုရင် နင့်ကို အရမ်းချစ်တယ်ဆိုတဲ့ စကားလေး ပြောခွင့်ပေးပါလားဟင်”
“ဟွန်း လူလည်ကျလိုက်တာ။ ပြောပြီးကာမှ ခွင့်တောင်းနေသေးတယ်။ ငါက အရင်ချစ်ခဲ့ရသူပါ ထူးအောင်ရယ် ….”
စကားလုံးတို့ အများကြီး မလိုတော့။ ခင်သူနှင့် ကျနော့်ကြားမှာ နားလည်မှုများစွာတို့က ရှိနှင့်လျက်သား။ ဆေးထည့်ပေးနေသည့် ခင်သူ့လက်လေးကို ဆွဲယူဆုပ်ကိုင်လိုက်သည်။ တဖက်ကတော့ ပုခုံးလေးကို ဖက်လို့။ ခင်သူကလဲ အလိုက်သင့် ကျနော့်ရင်ခွင်ထဲသို့ မှီနွဲ့လာသည်။ ဆံနွယ်ထက်မှ ပန်းပိတောက်တို့ ရနံ့က ပို၍ မွှေးပျံ့နေတော့သည်။ လောကကြီး တစ်ခုလုံး ပန်းပိတောက်တို့ အပြည့်ဖုံးလွှမ်းသွားသယောင်။ ဒိုင်ယာရီ စာအုပ်လေးနှင့် ပန်းပိတောက်တို့က ခိုးကြည့်နေသလိုလို။

ညနေခင်းမှာ တစ်နှစ်တာအတွက် အစွမ်းကုန် ပက်ဖြန်းနေသည့် သင်္ကြန်ရေမဏ္ဍပ်တွေ ကြားမှာ ကျနော်နှင့် ခင်သူ နှစ်ယောက် ဆိုင်ကယ်လေး တစ်စီးတွင် အတူတွဲလျှက်။ အားကိုးတကြီး ဖက်သိုင်းထားသည့် ခင်သူ့လက်ကလေးကလည်း မြဲမြံလျှက်။ သင်္ကြန်ရေတွေ ကြားမှာ ပြုံးရွှင်နေသည့် ကျနော်တို့ နှစ်ဦး၏ ရင်ထဲက ကြည်နူးမှုတို့ကား မည်သူမှ မှန်းဆတတ်လိမ့်မည်မဟုတ်ပေ။ သင်္ကြန်အချိန်ကား မကြာမီ ပြီးဆုံးတော့မည်။ ကျနော်နှင့် ခင်သူရဲ့ အချစ်ကတော့ ဒီနှစ်သင်္ကြန် ပြီးဆုံးသွားသလို ပြီးဆုံးသွားမည်မဟုတ်။ သင်္ကြန်ရှိနေလေတိုင်း ရှိနေလေဦးမည့် ခိုင်မြဲသော အချစ်တို့နှင့်။

ဒီနေ့ သင်္ကြန်အတက်နေ့မို့ ညဖက်ပါ စည်ကားလျှက်။ သကြားမင်းကြီးလည်း ပြန်တော့မည်။ မိုးလင်းသည်နှင့် ခင်သူနှင့်အတူ ဘုရားသွားကြမည်။ ရှေ့ဘဝတစ်လျှောက် ခင်သူ၏ လက်ကိုတွဲလျှက် လျှောက်လှမ်းဖို့ အားအင်တွေ ပြည့်လျှက်…………

------ ------ ------ ------ -------

သင်္ကြန်ကို လွမ်းစိတ်နဲ့ ဖြေသာစရာဆိုလို့ ကျနော်တို့မှာ ခုလိုစာလုံးတွေ ဖွဲ့သီဖို့ပဲ ရှိတယ်လေ။ ဒါ့ကြောင့် ခုလို ဝတ္ထုလေး ရေးပြီး အလွမ်းဖြေလိုက်တာပါ။ ရေးရင်းနဲ့လဲ ဇတ်လမ်းဆင်ရင်း စိတ်ထဲမှာ တကယ်ကို နစ်မျောခံစားခဲ့ရပါတယ်။ သူငယ်ချင်းတွေ မေးကြသလို တကယ်ဖြစ်ခဲ့တဲ့ အကြောင်းတွေတော့ မဟုတ်ပါဘူး။ စိတ်ကူးယဉ် ရေးဖွဲ့ခြင်းသာ ဖြစ်ပါတယ်။ ကျနော်အရင်က ဝတ္ထုတွေ ရေးဖူးပေမယ့် ဒီတခါတော့ အရှည်ဆုံးလဲ ဖြစ်ပါတယ်။ ဝတ္ထုတိုလို့ ဆိုထားပေမယ့် မတိုမရှည် ဖြစ်သွားပါတယ်။း) တစ်ပိုင်းပြီး တစ်ပိုင်းကို အမြဲမပြတ် လာခံစားကြတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်လျှက်ပါ။ သူငယ်ချင်းအားလုံးလဲ သင်္ကြန်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေဗျာ။

သင်္ကြန်လေသွေး (၅)

သင်္ကြန်အကြတ်နေ့။

ရေပက်ခံကားတွေ ဆိုင်ကယ်တွေ အလွန်ပင် စည်ကားနေ၏။ မဏ္ဍပ်မှာလည်း သူငယ်ချင်းတို့၏ သီချင်းသံတွေ ပျံ့လွင့်နေသည်။ သီတာတော့ ရောက်လာခဲ့သည်။ ခင်သူကတော့ ရောက်မလာသေး။ ရေပက်လိုက် သီချင်းဆိုလိုက်နှင့် တမနက်လုံး ပျော်နေခဲ့သည်။ ခင်သူ ဘယ်အချိန် ရောက်လာမလဲလို့တော့ မျှော်နေမိသည်။ သို့ပေမယ့် တမနက်လုံး ခင်သူ ရောက်မလာခဲ့။ နေ့လည် ခဏနားတော့ ခင်သူ့ဆီ ဖုန်းဆက်သည်။ နေမကောင်းချင်သလို ဖြစ်နေ၍ မလာတော့ကြောင်းဆိုသည်။ စိတ်ပူမိသွားသည်။ ညမှ သွားတော့မည်။ ခုနေ့လည် ခဏနားရင် ညနေအတွက် အားမွေးနေလိုက်သည်။ မိုးပြာကိုလဲ သတိရမိနေသည်။

ညနေဖက် တခါ ရေပက်ကြပြန်တော့ ကားတွေ မနက်ကထက်ပင် ပိုစည်လာသည် ပိုကြတ်လာသည်။ မဏ္ဍပ်တစ်ခုမှတခု ကူးနိုင်အောင် တော်တော် ရွှေ့ယူနေရသည်။ ဒါ့ကြောင့် အကြတ်နေ့ဟု သတ်မှတ်သည်ထင့်။ ကားပေါ်တွင်လည်း ရောင်စုံမိန်းကလေးများ စည်းချက်ညီ လွင့်လူးနေကြသည်။ အတွဲများကလည်း သင်္ကြန်ရေတွေကြားမှာ မြူးနေကြ လေသည်။ ချစ်သူအပေါ် စစ်သူရဲကြီးတွေအလား အကာအကွယ် ပေးကြသည်။ အဖော်မပါသူ ယောင်္ကျားလေးများကတော့ ကသူက ခုန်သူခုန်နှင့်။

မျက်လုံးတို့ ပြာဝေသွားသည်။ ရေဝင်နေသဖြင့် မျက်စိတို့ ဝါးဝေနေသည်လား အထင်ဖြင့် မဏ္ဍပ်ရှေ့မှ ကားကို ထပ်ကြည့်မိသည်။ သေချာလေပြီ မိုးပြာမှ မိုးပြာ။ ကျနော် ချစ်ခဲ့ရသော ၊ မနေ့က အတူတူလည်ခဲ့ကြသော ၊ ဒီနေ့ အလျှူရှိသဖြင့် မလည်နိုင်ကြောင်း ပြောခဲ့သော မိုးပြာ။ ယခု တခြားသူ ရင်ခွင်ထဲမှာလဲ ပြုံးလို့ပျော်လို့ပင်။ သူတို့ စုံတွဲအား ကျနော်ကိုယ်တိုင် သင်္ကြန်ရေတို့ ပက်ဖြန်းပြီး အသိအမှတ် ပြုနေသယောင်ယောင်။ ရေပိုက် ရေလုံးတို့ကို ကြောက်သည့်ဟန်မူပိုလို့ တခြားရင်ခွင်ထဲကို မျက်နှာအပ်လို့ ဖက်တွယ်ထားသည်လေ။ သူ့မျက်လုံးထဲတွင်တော့ ကျနော့်ကို မြင်မည်မဟုတ်။ သူမျက်နှာမူရာ တခြားသူရဲ့ ရင်ကိုသာ မြင်နေပေလိမ့်မည်။ မိုးပြာတို့ ချစ်သူစုံတွဲတို့ စီးသည့်ကား တဖက် မဏ္ဍပ်ကူးသွားသည်အထိ လိုက်ကြည့်နေမိသည်။ ရေပိုက်ချပြီး မဏ္ဍပ်အောက်ဆင်းတော့ သီတာကပါ ဆင်းလိုက် လာသည်။ သူလဲ မြင်လိုက်သည်ထင့်။ မျက်ဝန်းတို့က နားလည်မှု အယောင်သန်းနေသည်။

တစ်နှစ်တစ်ယောက်တွဲသည်ထက် တစ်ရက်တစ်ယောက် ထည်လဲတွဲတတ်သူ မိုးပြာကို အံ့သြမိသည်။ အချစ်ကို ကျွမ်းကျင်ပြီးသား ကစားနည်းတစ်ခုနှယ် သူ့စိတ်ကြိုက် ပိရိစွာ ကစားသွားခဲ့သည်။ သူ့ဆီမှ ဖြေရှင်းမှုတို့လဲ မလိုအပ်တော့။ ဟန်ဆောင်စကားများကိုလည်း ယုံနိုင်စွမ်းတို့ ကုန်ခမ်းလျှက်။ ချစ်ခဲ့သည့် အချစ်တို့လည်း ဒီမှာတင် နိဂုံးချုပ်သင့်လေပြီ။ ခံစားနေ၍လည်း ထူးမည်မဟုတ်။ မိုးပြာအတွက်တော့ အောင်နိုင်သွားသော လှည့်စားမှုတစ်ခုသာ ဖြစ်စေလိမ့်မည်။ ချစ်ခဲ့သည့်အချစ်တို့ မယစ်မူးမှီ သိလိုက်ရ၍ ကံကောင်းသွားသည်ဟုသာ သတ်မှတ်ရတော့သည်။ သူငယ်ချင်းများကိုပင် လှစ်လျှူရှုမိ ခဲ့သည့် ကိုယ့်လုပ်ရပ်ကိုလည်း တွေးကာ ရှက်မိနေသည်။

ရင်ထဲက အပူတို့အား ငြိမ်းအေးစ ပြုနိုင်ချိန်မှာ ခင်သူ့ထံသို့ ဖုန်းဆက်သည်။ မိုးပြာအကြောင်းကိုပါ ပြောပြမိသည်။ သီတာထံမှ ကြိုတင်သိထားသည်ထင်၏။ နှစ်သိမ့်ပေးနေသည်။ ဖျားတာသက်သာပြီလား မေးတော့ သူ့ကို စိတ်မပူနဲ့တဲ့။ ရှုပ်သလို ဖြစ်နေမှာစိုးလို့ တမင်ရှောင်ပြီး မလာခဲ့ကြောင်း နားလည်လိုက်သည်။ အားနာလိုက်တာ ခင်သူရယ်။ စကားမပြောနိုင်ကြပဲ အတွေးကိုယ်ဆီနဲ့ နှုတ်ဆိတ်နေခဲ့ရသည်မို့ ဖုန်းချလိုက်သည်။ ဒီလောက်တောင်ပဲ နားလည်ပေးနိုင်လား ဒီလောက်တောင်ပဲ စိုးရိမ်ပေးခဲ့လား ခင်သူရယ်။ နင်ငိုနေပါတယ်လေ။ ငါသိပါတယ်။ နင်ငိုနေတယ်။ နင့်ရှိုက်သံတွေကို ဖုန်းထဲကနေ ကြားနေရတယ်။

ဟော … သင်္ကြန်မိုးတွေ ရွာလာပြီ။ လေညင်းတွေ ဝှေ့လို့တိုးရင်း သစ်ပင်များလည်း ယိမ်းနွဲ့လို့။ လေအဝှေ့တိုင်းမှာ မိုးစက်ပွင့်တို့နဲ့အတူ နွေရနံ့တွေ မြေသင်းနဲ့တွေ ပါနေလေရဲ့။ နွေကာလလေးကို အေးမြစေတဲ့ သင်္ကြန်မိုး ၊ သင်္ကြန်ချိန်ခါ ပိတောက်တို့ ပွင့်လန်းဖို့အတွက် ခွန်အားတွေ ပေးသနားမယ့် သင်္ကြန်မိုး ၊ ရင်ထဲထိ အေးမြစေမယ့် သင်္ကြန်မိုးပါပေ။ မိုးပြာကြောင့် ရင်ထဲက ဒေါသတွေ နာကျင်မှုတွေကို သင်္ကြန်မိုးတွေက ယူငင် ဖြေဖျောက်လိုက်လေသည်။ သစ္စာမရှိသော ချစ်ခြင်းအတွက် ခံစားမနေသင့်တော့ပေ။

မည်သည့်စကားလုံးမှ အဆင်သင့်ဖြစ်မနေသည့်အတွက် ဖုန်းပြောရင်း ဆွံ့အနေမိသည်။ သူလဲ စကားလုံးတွေ ရှားသွားသည်ထင့်။ ရှိုက်သံတွေ ထွက်သွားရသည့် မိမိရင်ကိုသာ အပြစ်တင်လိုက်ချင်သည်။
“ခွင့်လွှတ်ပါ ထူးအောင်ရယ်… ငါ့ခံစားချက်တွေကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားခဲ့တာပါ။ နင် ခံစားနေရတာတွေ သိလိုက်ရလို့ ပိုဝမ်းနည်းနေမိသွားတာ။ ငါ့ရင်ထဲက သံယောဇဉ်တွေကို ငါကိုယ်တိုင် အရောင်ဆိုးမိသွားတယ်နဲ့ တူပါရဲ့ ထူးအောင်ရယ်… ဒါပေမယ့် ကြီးမားတဲ့ သံယောဇဉ်နဲ့ ဖြစ်တည်လာတဲ့ ချစ်ခြင်းသင်္ကေတ ပန်းနုရောင်လေးပါ။ နင်နဲ့ ဝေးနေရချိန်ကတည်းက သတိရနေမိတာက လွမ်းဆွတ်ခြင်းရဲ့ တပည့်တပန်းတွေ ဖြစ်မှာပေါ့။ နင့်ကို လွမ်းတဲ့အချိန် ငါ့စိတ်ကူးလေးတွေကို ဒိုင်ယာရီစာအုပ်လေးထဲမှာပဲ ရေးမှတ်ပြီး ဖြေသိမ့်ခွင့်ရှိတယ်လေ။ ဒီဒိုင်ယာရီစာအုပ်ကလေးက နင်ကိုယ်တိုင် အမှတ်တရ ပေးခဲ့တဲ့ လက်ဆောင်လေးမို့ ဒီစာအုပ်လေးထဲမှာ ရေးလိုက်တိုင်း နင့်ကို ပြောမိသလို ခံစားမိပါတယ် ထူးအောင်ရယ်… သင်္ကြန်ကုန်လို့ ခွင့်ရက်စေ့ရင် နင်ပြန်သွားတဲ့အခါ တကယ်ဝေးသွားကြရမှာ စိုးရိမ်မိတာတွေ နင်သိရဲ့လားဟယ်…။ ရွာနေတဲ့ သင်္ကြန်မိုးရယ် တိုက်နေတဲ့ လေညှင်းတို့ရယ် မိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲက မျှော်လင့်ချက်တွေကို သူသိအောင် ပြောပြပေး ပါလားကွယ်…”

သင်္ကြန်မိုးကတော့ ဖြိုးဖြိုးဖြောက်ဖြောက် ကျနေဆဲ။
လေညှင်းတို့လဲ တိုက်ခတ်ဆဲ။
မနက်ဖန်တော့ ရွှေပိတောက်တို့ သင်းပျံ့လှိုင်တော့မည်။

ဒီမနက်ပဲ ဇတ်သိမ်းပေးပါ့မယ်ဗျာ။ အပိုင်းတွေ ရောမှာမို့ ပို့စ်တစ်ခု သတ်သတ်တင်လိုက်ရတာပါ။ ကျနော်ကိုယ်တိုင် ဇတ်သိမ်းလေး ရေးနေရင်း ခံစားနေရပါတယ်။

သင်္ကြန်လေသွေး (၄)

သင်္ကြန်အကျနေ့။

သကြားမင်းကြီး ဆင်းလာပြီထင့်။ သင်္ကြန်ကား မနေ့ကထက် ပိုမို၍ အသက်ဝင်လာသည်။ ခင်သူနဲ့ သီတာ တို့ လာခေါ်လို့ ထွက်လာပြီး သူငယ်ချင်းတွေ စုရပ်ဆီ လာခဲ့ကြသည်။ သူငယ်ချင်းများကလဲ အတွဲကိုယ်စီဖြင့် လည်ကြမယ့် သူငယ်ချင်းတွေနဲ့ ကားနဲ့ စဉ်းစားကြည့်လိုက်ရင် ကားက သေးနေမည် ထင်သည်။ အမိုးပွင့် ဂျစ်ကားလေး။ မိုးပြာနဲ့လဲ လွတ်လွတ်လပ်လပ် မဖြစ်နိုင်သဖြင့် သူစိတ်ဆိုးမှာလဲ စိုးရသေးသည်။ ထို့ကြောင့် ခင်သူနှင့် သီတာကို ကားနှင့်သာ လည်ခိုင်းလိုက်ပြီး ကျနော်နှင့် မိုးပြာကတော့ ဆိုင်ကယ်ဖြင့်သာ လည်တော့မည် ဖြစ်ကြောင်း ပြောလိုက်သည်။ သူတို့ကို ထားခဲ့ရမည် ဖြစ်သဖြင့် အားတော့နာမိသည်။ ဒါပေမယ့်လည်း ကားတစ်စီးလုံးလည်း သူငယ်ချင်းတွေချည်းသာ ဖြစ်သဖြင့် မျက်နှာပူပူဖြင့် ထားခဲ့ရသည်။ မိုးပြာနှင့် ချိန်းထားသည့် နေရာတွင် စောင့်နေရင်း ရင်ခုန်သံတို့ကား ထိမ်းချုပ်မရလောက်အောင် ရှိသည်။

မိုးပြာရောက်လာတော့ ကားမှာ လူကြပ်နေ၍ ဆိုင်ကယ်ဖြင့်သာ လည်မည်ဖြစ်ကြောင်းပြောပြီး ထွက်ခဲ့ကြသည်။ ဆိုင်ကယ်နှင့်မို့ ကားနဲ့ လောက်တော့ လွတ်လွပ်စွာ မနေရပေမယ့် နှစ်ယောက်တည်းမို့ တကမ္ဘာထင်မိနေသည်။ သတိတော့ထားပြီး မောင်းရသည်။ မူးနေတတ်ကြသည် မဟုတ်လား။ မဏ္ဍပ်ရှေ့တွေ ဖြတ်တိုင်း ရေပိုက်တွေ ရေလုံးတွေ ကြားမှာ ခါးလေးကို ဖက်ပြီး ခေါင်းလေးဝှက်ထားတတ်သည်။ အရမ်းမွန်းလာရင်တော့ ကျောကိုထုပြီး မဏ္ဍပ်ရှေ့က ထွက်ဖို့ သတိပေးတတ်သည်။ ရေစိုလို့ ချမ်းနေပေမယ့် သူ့ရင်ငွေ့ကြောင့် နွေးထွေးနေသည်ဟု တောင်ထင်မိသည်။ ခါးကိုဖက်သိုင်းထားသည့် မိုးပြာလက်လေး တုန်နေတော့ ကော်ဖီဆိုင်လေး တစ်ဆိုင်ထဲ ဝင်ပြီး နားခဲ့ရသည်။
“အရမ်းပျော်တာပဲ မိုးပြာရယ်။ သင်္ကြန်မှာ ချစ်သူနဲ့ လည်ရတာ ကို့ဘဝမှာ ဒီတကြိမ် ပထမဆုံးပဲ။ မိုးပြာရော ပျော်လားဟင်”
“အင်း ပျော်တာပေါ့ ကိုရယ်။ ဆိုင်ကယ်ကို ထိမ်းမောင်းဖို့ ပြောရတာလဲ အမောပဲ။ မဏ္ဍပ်ရှေ့ရောက်ရင် ပြန်ကို မထွက်တော့ဘူး။ မွန်းနေပါပြီဆိုမှ ဟွန်း”
“ဒါမှ မိုးပြာက ကို့ကို ပိုဖက်ထားမှာပေါ့။ မနက်ဖန်လဲ လည်ကြအုံးမယ်လေ”
“ဟင့်အင်း မနက်ဖန်တော့ မိုးပြာ မလည်တော့ဘူး။ အိမ်မှာ အလျှူလုပ်မှာမို့ မိုးပြာ ပျောက်လို့ မဖြစ်ဘူး။ ဒီနေ့ အကြာကြီး လည်ခဲ့ကြတာပဲ။ ကျေနပ်တော့နော် ကို”
ဒီလိုနဲ့ပဲ လက်လျှော့ခဲ့ရသည်။ စကားလေး တီးတိုးပြောရင်း တစ်ယောက်ရင်ခွင်မှာ တစ်ယောက်နွေးထွေးခဲ့ရသည်။ အချမ်းပြေတော့ နောက်တခါ ထပ်လည်ကြသည်။ တချို့ မဏ္ဍပ်ရှိလာ လမ်းတွေကိုတော့ သူ့မိဘအသိများရှိသည်ဆို၍ မဝင်ဖြစ်ခဲ့။ မြို့ထဲမှာ ပတ်ရင်း ခင်သူနှင့် သီတာတို့ ပါရာ ကားကို မြင်လိုက်မိသောအခါ မျက်နှာပူသဖြင့် ရှောင်ပြီး လည်ခဲ့ရသည်။ ညနေ နေဝင်သည့်အခါမှာတော့ နှုတ်ဆက်ရင်း အိမ်သို့ ပြန်လာခဲ့သည်။

ညဖက် ခင်သူ့ဆီ ဖုန်းဆက်တော့ ခင်သူက သူတို့ကိုထားပြီး မိုးပြာနှင့်သာ လည်ခဲ့သဖြင့် အပြစ်တင်ချင်သည့် စကားသံတချို့ကြားရသည်။ သို့သော် စကားလုံးများကို ထိမ်းချုပ်ထားပုံရသည်။ အရင်လို စိတ်ဆိုးဆိုးနှင့် ပြောနေသည်တော့ မဟုတ်။ ရေပက်ခံနေတုန်းကလည်း ကားပေါ်မှာ ခင်သူနှင့် သီတာတို့ ထူးထူးခြားခြား ပျော်မနေတာကို သတိထားမိခဲ့သည်။ မနက်ဖန်ကို မလည်တော့ပဲ မဏ္ဍပ်တွင်သာ ရေပက်တော့မည်ကိုပါ ပြောလိုက်သည်။ ခင်သူကိုတော့ နောက်နေ့မှ ချော့ရတော့မည်။ သူ စိတ်မကောင်း ဖြစ်နေရင်တော့ ကျနော် မနေတတ်။

ရေပက်ခံကားပေါ်မှပင် နောက်မှ ဆိုင်ကယ်ဖြင့် ရေပက်ခံရင်း ပျော်ရွှင်နေသည့် သူတို့နှစ်ဦးကို သူကိုယ်တိုင် မြင်ခဲ့ရသည်။ ခင်သူ့ရင်မှာ နာကျင်ရသည်။ မိုးပြာက နောက်မှ သိုင်းဖက်လို့ ထူးအောင်က ကြည်နူးနေသည့် မျက်နှာကို သင်္ကြန်ရေတွေ ကြားမှာပင် မြင်လိုက်သေးသည်။

“ငါ့အချစ်တွေကို မမြင်တာလား ထူးအောင်ရယ်။ နင့်အပေါ် သံယောဇဉ်တွေ ဂရုစိုက်မှုတွေ အလေးထားမှုတွေ ဖြစ်လာရတာဟာ အချစ်ကြောင့်ပဲ ထင်ပါရဲ့။ ဒါပေမယ့် ပြောခွင့်မရှိတဲ့ ငါ့အဖြစ်ကို နင် နည်းနည်းလေးတောင်မှ ဂရုမပြုမိဘူးလားဟယ်။ နင့်ရင်ခွင်ထဲမှာ တခြားတယောက် ရှိနေပေမယ့် စိတ်လဲ မဆိုးနိုင် မေ့လဲမမေ့နိုင် ဖြစ်နေရတယ်လေ။ နင် ပျော်စေဖို့အတွက် အတတ်နိုင်ဆုံး ငါပြုံးပေးပါ့မယ် ထူးအောင်ရယ်….. ”

သင်္ကြန်အကျနေ့ည။
အိမ်တိုင်းတွင်လည်း သင်္ကြန်သီချင်းတွေ ပျံ့လွင့်ဆဲ။
ပိတောက်ပန်းတို့ မနက်ဖန် ပွင့်လေမည်လား။

ကျနော့်သင်္ကြန်ပိုးကတော့ ခက်နေပြီ။ ဝတ္ထုတိုကို လက်စကို မသပ်ချင်သေးဘူးဖြစ်နေတယ်။ အရှိန်က တဖြည်းဖြည်း ပိုရလာလို့ဗျာ။ နောက်တပိုင်းတော့ ဇတ်သိမ်းပါတော့မယ်း) ။

သင်္ကြန်လေသွေး (၃)

အိမ်ပြန်ရောက်သည်နှင့် ခင်သူနှင့် သီတာကို လက်တို့ခေါ်ကာ မုန့်ချိုင့် တချိုင့်ဆွဲပြီး အမေ့အား တစ်အိမ်ကျန်သေးလို့ဟု ပြောကာ ထွက်လာခဲ့ကြသည်။ သူတို့ကတော့ နားမလည်သည့်အကြည့်တွေနှင့် ကြည့်နေဆဲ။ ခင်သူနှင့် သီတာက ဆိုင်ကယ်တစ်စီး ကျနော်က ဆိုင်ကယ်တစ်စီး။ လမ်းရှင်းသည့် နေရာတွင် ရပ်ပြီး ရှင်းပြရသည်။
“သူ့နာမည်က မိုးပြာ ။ ……. မှာ နေတယ်လေ။ နင်တို့သိတယ်မလား။ သူနဲ့ငါနဲ့ မနှစ်က ခွင့်ပြန်တုန်းက ရည်းစားလိုလို ဘာလိုလိုဟ။ စာတွေပို့ ဖုန်းတွေ ဆက်ရင်း အဖြေရတာ။” စပ်ဖြဲဖြဲဖြင့် ရှင်းပြရသည်။
“ဪ ငါတို့က စာကောင်းကောင်းသင်နေတယ် မှတ်တာ ။ နင်က ဒါတွေလုပ်နေတာကိုး။ ခု ငါတို့က ဘာလုပ်ပေးရမှာလဲ” သီတာက ဆောင့်အောင့်ပြီး ပြောသည်။
“နင်တို့ သူ့အိမ်သွားပြီး မုန့်ပို့ရင်းနဲ့ သူ့ကို ခေါ်ထုတ်လာပေးဟာ။ ငါတနေရာက စောင့်နေမယ်လေ။ ငါသွားလို့ သူ့အဖိုးကြီးနဲ့ တွေ့နေရင် ထိပ်ကွဲနေအုံးမယ်။”
“အာ ငါတို့နဲ့ အရမ်း ရင်းနှီးတာလဲ မဟုတ်ပဲနဲ့။ နင့်အမေ သိရင်လဲ ငါတို့ကို ဆူနေအုံးမယ်။ မသွားပေးဘူးဟာ” သီတာက ငြင်းသည်။ သည်တော့မှ စကားဆိတ်နေသည့် ခင်သူက
“သွားပေးလိုက်ပါ့မယ်ဟာ။ ခွင့်ပြန်လာတုန်းလေးမှာ သူပျော်ပါစေ”
စောင့်နေမည့် နေရာကို ပြောပြီး ရေသန့်ဘူး တစ်ဘူးဝယ်ပြီး စောင့်နေလိုက်သည်။ ရင်ထဲမှာတော့ မိုးပြာ ပါမလာမှာ စိုးထိတ်နေမိသည်။ ခဏနေတော့ သူတို့ ရောက်လာကြသည်။ စာတွေ ဖုန်းတွေ ဖြင့်သာ ကျွမ်းဝင်နေခဲ့သော သူ။ ဓါတ်ပုံကိုသာ တစိမ့်စိမ့် ကြည့်နေခဲ့ရသော သူ။ ခု အပြင်မှာ မြင်တော့ ပိုလို့တောင် လှသည် ထင်မိသည်။ ရေသန့်ဘူးဖြင့် သူ့ကို အရင်လောင်းလိုက်သည်။ သူကလည်း ပြန်လောင်းရင်း စကားတွေ ပြောနေကြသည်။ ခင်သူနှင့် သီတာကတော့ ခပ်လှမ်းလှမ်း တစ်နေရာတွင်။
“သင်္ကြန်မှာ ကိုအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုတော့ ပြည့်သွားပြီကွာ။”
“တစ်ခုပြည့်ပြီဆိုတော့ ဘယ်နှခု ကျန်သေးလို့လဲ ကိုရဲ့”
“တစ်ခုက သင်္ကြန်မှာ မိုးပြာကို ရေလောင်းချင်တာလေ။ နောက်တစ်ခုကတော့ တူတူလျှောက်လည်ချင်တာပေါ့။ မနက်ဖန် ကို့သူငယ်ချင်းတွေ ကားနဲ့ ရေပက်ခံထွက် မယ်လေ။”
“ဟင့်အင်း မိုးပြာ ကြောက်တယ်။ မလည်ချင်ဘူး။ ခုတောင် ခဏဆိုပြီး ထွက်လာရတာ”
“ကိုနဲ့မိုးပြာနဲ့ ချစ်သူအဖြစ် ခုလို သင်္ကြန်ရက်လေးမှာမှ တွေ့ခဲ့ကြတာလေ။ ဒီလိုအမှတ်တရ သင်္ကြန်ရက်လေးမှာ မိုးပြာနဲ့ တူတူ သင်္ကြန်လည်ချင်မိတဲ့ ဆန္ဒလေးကို လိုက်လျောပေးပါလား မိုးပြာရယ်”
သူခေတ္တစဉ်းစားပြီးမှ ခေါင်းငြိမ့်သည်။ အချိန်နည်းနည်း ကြာနေပြီမို့ သူရော ကျနော်တို့ပါ ပြန်လာကြသည်။ အပြန်လမ်းမှာတော့ ကျနော့်အတွေးထဲမှာ မနက်ဖန် မိုးပြာနှင့် လည်ရမည့် အကြောင်းတွေ တွေးရင်း ပျော်နေမိသည်။ ခင်သူကတော့ မျက်နှာလေး ညှိးပြီး စကားနည်းနေသည်။ သီတာကတော့ စူပုတ်ပုတ်မျက်နှာနှင့်။

အိမ်ပြန်ရောက်ပြီး ခဏကြာတော့ ရေစိုနေသော အဝတ်အစားတွေ လဲကြပြီး ခဏနေကြသည်။ နေ့လည်စားစားတော့ ခင်သူ မနက်ကလို မဟုတ်တာကို သတိထားမိသည်။ စားပြီးသည်နှင့် ကျနော့်မိဘတွေကို နှုတ်ဆက်ကာ ခင်သူနှင့် သီတာတို့ ပြန်သွားကြသည်။ မနက်ဖြန် ကားနှင့် လည်ကြဖို့တော့ သေချာပြောလိုက်ရသည်။ အိမ်ကို လာခေါ်ဖို့က အဓိက။ သူတို့ သူငယ်ချင်းတွေပါမှသာ အိမ်က လည်ခွင့်ပြုမည်ပင်။

အိမ်အပြန် လမ်းတွင် ကလေးတွေ ရေပက်တာကအစ ခင်သူ စိတ်တိုနေမိသည်။ အိမ်ရောက်တော့လဲ ရေအမြန်ချိုးပြီး ချမ်းတာကို အကြောင်းပြပြီး အိပ်ယာထဲ လှဲနေမိတော့သည်။ မျက်ဝန်းမှာ မျက်ရည်စတွေ အလိုလို ကျလာမိသည်။ တစ်သက်တာမှာ အရင်းနှီးဆုံးနဲ့ သံယောဇဉ် အရှိရဆုံး သူ့မှာ တခြား တစ်ယောက်ရှိနေသည်တဲ့လေ။ ခက်လိုက်တာလေ ဒါ.. ချစ်တယ်ဆိုတာ များလား။ သူမ မဝေခွဲတတ်တော့။ သေချာသည်ကတော့ သူပျော်နေတာကိုပဲ မြင်နေချင်မိသည်။ သူ မိုးပြာနှင့် တူတူရှိနေရရင် သူပျော်နေသည်ဆိုရင် သူ့ကိုပဲ ပျော်ခွင့်ပေးပြီး စိတ်ထဲက ဝမ်းနည်းမှုတွေကို အပြုံးတွေဖြင့် ဖုံးကွယ်ထားလိုက်တော့မည်။

ခင်သူနှင့် သီတာတို့ ပြန်သွားတော့ စိတ်ထဲမှာ တမျိုးဖြစ်နေသည်။ မနက်ဖန် မိုးပြာနှင့် သင်္ကြန်တူတူ လည်ရမှာမို့ ဝမ်းသာနေသော်လည်း ခင်သူ မျက်နှာမကောင်းတာကို မြင်ရတော့ စိတ်မကောင်းဖြစ်နေသည်။ သူတို့နှင့် သင်္ကြန် အတူတူ မလည်မှာစိုးလို့ စိတ်ကောက် သည်လား မဝေခွဲတတ်။ မနက်ဖန် လည်ရမှာမို့ စောစော အိပ်လိုက်တော့သည်။

သင်္ကြန်အကြိုနေ့မို့ သိပ်စည်ကားသေးသော်လည်း မြေသင်းနံ့တို့ မွှေးပျံ့လာသည်။
ပိတောက်တို့ ပုရစ်ဖူးများတော့ မပွင့်သေး။

သင်္ကြန်လေသွေး (၂)

သင်္ကြန်အကြိုနေ့…
မနက်အိပ်ယာထလို့ မျက်နှာသစ်ပြီး ခဏအကြာမှာပင် ခင်သူ ဆိုင်ကယ်လေးနှင့် ရောက်လာသည်။ သီတာကတော့ စက်ဘီးနှင့် လာရသည်မို့ နောက်ကျဟန်တူသည်။ ကျောပိုးအိပ် အသေးလေး အနည်းငယ် ဖောင်းနေသဖြင့် အဝတ်လေး အပိုတစ်စုံ ထည့်လာပုံရသည်။
“စိတ်ချရတယ်နော် မနေ့က ပြောတဲ့အတိုင်းပဲ”
“ကောင်စုတ် ကူလုပ်ပေးရအောင်လို့ စောစောလာတာပါ” မျက်စောင်းလှလှ ဖြင့် မိတ်ဆက်တော့သည်။
သီတာလာမှ စ လုံးကြမယ်ဟာ။ ဘေးအိမ်က အမကြီးတွေရော တခြား သူငယ်ချင်းတွေလဲ ခေါ်ထားသေးတယ်လေ”
“ဟုတ်လား ဒါဆိုရင်တော့ ပျော်စရာကြီး”
“ဟုတ်ပ ငါပြန်လာတုန်းလေး ငါ့သူငယ်ချင်းတွေကို ပျော်စေချင်လို့။ မဟုတ်ရင် ဘဲတွေနဲ့ပဲ နှစ်ပါးသွားနေကြတာ ပျော်စရာ သိပ်မရှိမှာစိုးလို့ ”
“ဟာ သမီးတောင် ရောက်နေပြီကိုး။ သားကတော့ ခုမှ နိုးတာ ဝိရိယက ကောင်းမှကောင်းလေ” မေမေကပါ ဝင်ပြီး ချီးမွန်းခန်းဖွင့်သည်။
“ဟဲ့ ခင်သူ နင် အိမ်ပြင်ခဏ လိုက်ခဲ့ ၊ ငါတို့ ထိုင်ဖို့ ဖျာသွားခင်းဖို့”
“ဘာလို့လဲ ။ နင်နော် ညာတာပါတေးနဲ့ ရေလောင်းမလို့ မဟုတ်လား” ပါးလိုက်တဲ့ ခင်သူ ခေါ်လို့ကို မရ။ ဒါနဲ့ပဲ သူငယ်ချင်းတွေ စောင့်ရင်း အိမ်ပေါ်မှာ ကာရာအိုကေ ဆိုဖြစ်ကြသည်။ သင်္ကြန်ကာလမို့ လက်က အလိုလို သင်္ကြန်ခွေတွေ ထည့်ပြီးသား ဖြစ်သွားသည်။ ဘယ်လိုပဲ လိမ်လိမ်မာမာ နေခဲ့ပါစေ ဒီလိုအချိန်တွေတော့ မိုက်ခဲဖြစ်နေပြီ။ ဖေဖေနှင့် မေမေကတော့ မနက်စာ စားရင်း ကျွန်တော်နှင့် ခင်သူ သီချင်းရွေး ၊ မိုက်လုနေကြသည်ကို ကြည့်ပြီး ရီနေကြသည်။ ငယ်သူငယ်ချင်းများ ဖြစ်သည့်အပြင် မိဘချင်းပါ ရင်းနှီးသဖြင့် ခင်သူကလဲ ကျွန်တော့်အိမ်မှာဆို ဗိုလ်ကျချင်သည်။ ကျနော်ကလည်း အလျှော့မပေးပဲ သူဆိုချင်သည့် မိန်းခလေးဆိုသည့် အခွေမထည့်ပဲ ယောင်္ကျားလေး ဆိုသည့် သီချင်းတွေသာ ဖွင့်သည်ကိုလည်း အသံသေးသေးလေးဖြင့် မရရအောင် ဖျစ်ညစ်ဆိုသည်ကို ကြည့်ပြီး ရီနေခဲ့ရသည်။
“ဇော်ဝမ်းကြီးတော့ ငိုတော့မှာပဲ ခင်သူရာ နင့်စာကလေးသံနဲ့များ လုပ်ရက်လိုက်တာ”
“နင်က အကျင့်ယုတ်ပြီး ငါ့အခွေတွေ ထည့်မှ မပေးပဲကိုး။ ရအောင် လိုက်ဆိုမှာပဲ။ မဆိုစေချင်ရင် ငါကြိုက်တဲ့ အခွေထည့်ပေး”
“အေးပါ ထည့်ပေးပါတော့မယ်။ သနားလာလို့”
“အောင်မယ် သနားစရာလား။ ပြောင်းပေးတော့။ ငါ့သီချင်းတွေ လိုက်မဆိုနဲ့နော်”
“နင့် မိန်းကလေး သီချင်းတွေ ငါလိုက်ဆိုစရာလားဟ။ ငါ အိမ်ရှေ့မှာ ကင်းသွားစောင့်လိုက်အုံးမယ်”
“ငါ့ဆိုင်ကယ် အတွက်လား ။ မပူနဲ့ ခြံထဲမှာ ရပ်ထားခဲ့တာ”
“ဟုတ်ပါလိမ့်မယ် အားကြီးကြီး။ ငါ့အိမ်ကို ခဲနဲ့ ဝိုင်းပေါက်မှာ စိုးလို့” ထိုင်ရင်းနဲ့မို့ လုံးဝ ပြေးချိန်မရလိုက်ပေ။ ခင်သူရဲ့ ဗိုက်ခေါက်လိမ်ဆွဲခြင်း အတတ်ပညာကို ကောင်းကောင်း သင်ယူလိုက်ရသည်။ သို့နှင့် သူသီချင်းဆိုနေသည်ကို ဘေးမှ ထိုင်အားပေးရင်း ခင်သူ့ကို သေချာကြည့်နေမိသည်။ နူးညံ့စွာ ခေတ်ဆန်သည့် အလှက သူမျက်နှာလေးမှာ ပေါ်လွင်နေသည်။ နောက်ချင်သည်မို့သာ ဘယ်လို ရုပ်ဆိုးကြောင်း ပြောပေမယ့် ခင်သူရဲ့ အိနြေ္ဒရစွာ ဆွဲဆောင်သည့် အလှကိုတော့ အသိအမှတ်ပြုရသည်။ ရန်ဖြစ်ခဲ့ စိတ်ဆိုးခဲ့ကြတိုင်းလဲ ပြန်မခေါ်ပဲ မနေနိုင်ခဲ့ကြ။ စိတ်ညစ်နေရင်လည်း သူ့အားပေးစကားတွေကြောင့် ပြေပျောက်ခဲ့ရသည်။ တိုင်ပင်စရာ ရှိရင်လည်း ပွင့်ပွင့် လင်းလင်း ပြောခဲ့ကြသည်။ ခု ခေါင်းထဲမှာ တွေ့ချင်နေသည့် သူကလေး အကြောင်းကိုတော့ အိမ်မှာ မိဘတွေလဲ ရှိနေသည်မို့ မပြောပြရသေး။
အတွေးတို့ လွင့်နေစဉ်မှာပင် သီတာရောက်လာသည်မို့ အတွေးစများ ပြတ်သွားသည်။ မရှေးမနှောင်းမှာပင် အိမ်နားပတ်ဝင်းကျင်မှ အသိများနဲ့ သူငယ်ချင်းတချို့လည်း ရောက်လာသည်မို့ အိမ်အောက်တွင် ဝိုင်းဖွဲ့ကာ မုန့်လုံးကြ မီးဖိုကြနှင့် အလုပ်ရှုပ်ကြတော့သည်။ သင်္ကြန်သီချင်းတွေနဲ့ အတူ မုန့်လုံးရင်း စရင်းနောက်ရင်းနဲ့ အိုးမည်းလည်း အသုတ်ခံရသည်။ ကျနော်ကလည်း ရိုးရာအတိုင်း မုန့်လုံးရေပေါ်ထဲမှာ ငရုတ်သီး ခိုးထည့်သည်။ ကောင်းသူထိပ် မကောင်းသူထိပ်ပေါ့။
“ထူးအောင် နင်မညစ်ပတ်နဲ့ဟာ။ ငရုတ်သီးတွေ ထည့်လိုက်တာ ငါမြင်တယ်” ဘယ်အချိန်က ချောင်းနေမှန်း မသိသော သီတာက မိသွားသည်။
“ဘေးအိမ်တွေ အလျုလိုက်လုပ်အုံးမှာနော် နင်ငရဲကြီးနေမယ်” ခင်သူက လူကြီးလေသံနဲ့ ဝင်ဟောက်သည်။
“အောင်မယ် အဘွားကြီး ကျနေတာပဲ။ အအီပြေအောင်လဲ အပင်ပန်းခံပြီး ခိုးလုပ်ပေးရသေးတယ်”
“အမလေးလေး နင့်စေတနာတွေ ငါသိပါတယ်။ မလုပ်နဲ့တော့ဟာ.. နင်ဂစ်တာသွားယူဟာ ဝိုင်းဖွဲ့ပြီး သီချင်းဆိုကြမယ်”
ဒါနဲ့ပဲ ကျနော်က ဂစ်တာတီးပြီး သီချင်းဆိုရင်း မုန့်လုပ်ကြရင်းနဲ့ပဲ အတော်လေး မုန့်တွေ ကျက်လာပါပြီ။ ကိုယ့်လက်ရာ ကိုယ်ပြန်စားကြည့်ကြရင်း ကောင်းတယ်လို့ပဲ သုံးသပ်ကြပြန်သည်။ သီချင်းဆိုရင်း မတွေ့ရသေးတဲ့ သူလေးကို ပိုသတိရသလိုလို …
“သားရေ ဘေးအိမ်တွေကို အလျူသဘောမျိုး မုန့်လိုက်ပို့ပေးပါအုံး” မေမေပြောတော့ ဂစ်တာတီးရပ်ပြီး အဝတ်အစား သေချာလဲကာ မေမေထည့်ပေးထားသည့် မုန့်လုံးရေပေါ် ချိုင့်တွေဆွဲပြီး ဘေးအိမ်တွေ လိုက်ပေးသည်။ တချို့ မြို့ထဲက အသိတွေထံသို့လည်း ပို့ခိုင်းသည်။ ဆိုင်ကယ်ရှေ့ခြင်းထဲမှ မုန့်ချိုင့်တွေကို မမှောက်အောင် ထိမ်းစီးရင်း ….. အဲ… အကြံရသွားပါပြီ ။ တညလုံး စဉ်းစားလို့ မရသေးသည့် အကြံဥာဏ်တွေ ခုမှ ပွင့်တော့သည်။ ခင်သူနဲ့ သီတာကို သူလေးအိမ်ကို မုန့်ပို့ခိုင်းရင်း အပြန်မှာ ခေါ်ထုတ်လာခိုင်းရမည်။

ဆက်ဦးမယ်ဗျာ...

သင်္ကြန်လေသွေး (၁)

မရောက်ဖူးသေးတဲ့ နေရာမို့ မျက်စိထဲ အမြင်စိမ်းနေသည်။ အိမ်အသစ်ပြောင်းထားတာမို့ ကျောင်းပိတ်ရက် ခွင့်ပြန်လာချိန် ကျနော့်မျက်စိထဲမှာ အရင်အိမ်လို ရင်းနှီးခြင်းမရှိသေး။ ရှားရှားပါးပါး များများစားစား သင်္ကြန်ကျောင်းပိတ်ရက်။ သင်္ကြန်အကြို မတိုင်ခင် တစ်ရက်။

တညလုံးခရီးပန်းလာမှုတွေ ဇာတိမြေလေးမှာ ရေချိုးလိုက်တာနှင့် ပြေပျောက်သွားသည်။
“သားရေ ရေအကြာကြီး စိမ်ချိုးမနေနဲ့လေ ရေပြောင်း မြေပြောင်းမှာ ဖျားနေလို့ သင်္ကြန်မှာ စောင်ခြုံနေရအုံးမယ်” မေမေက သတိပေးရင်း ရယ်စရာ စကားဆိုလာသည်။

“စိတ်ချ မေမေရေ သင်္ကြန်ရက်လေးမှာ လုံးဝမဖျားစေရဘူး” စပ်ဖြဲဖြဲနှင့်ပြောရင်း ရေချိုးတာ အဆုံးသတ်လိုက်တော့သည်။ မိဘများကို ကန်တော့ပြီး စကားစမြည် တမနက်လောက် ပြောပြီးသည်နှင့် ငယ်သူငယ်ချင်းတွေကို သတိရသည့် စိတ်က ဝင်လာတော့သည်။

“သား သူငယ်ချင်းတွေဆီ သွားလိုက်အုံးမယ်”
“အင်းအင်း သား စက်ဘီးလေး အဆင်သင့်ပြင်ပေးထားတယ်” ဖေဖေက အလိုက်တသိ ဆိုသည်။ သို့နှင့် ငယ်ငယ်ကတည်းက စီးခဲ့သည့် မောင်းတိန်းဘီးလေး စီးပြီးထွက်လာခဲ့သည်။ ဖေဖေကတော့ သူတို့ ရှိရာဆီ တစ်နေကုန် သွားပြီး နှုတ်ဆက်ဖြစ်သည်။ စာသင်ဆောင် အိုအိုဟောင်းဟောင်းလေးတွေနဲ့ ကျနော့်ကို ပညာတွေ စုံအောင် သင်ကြားပေးလိုက်တဲ့ ကျောင်းလေးမှာ ဆရာ ဆရာမ ပြန်ဖြစ်နေကြတဲ့ သူငယ်ချင်းတွေ ၊ တက္ကသိုလ် တက်နေဆဲ သူငယ်ချင်းတွေ အားလုံးကို လိုက်နှုတ်ဆက်ခဲ့ရင်း စိတ်ထဲမှာ အရမ်းပျော်ရသည်။ သီတာကို ဝင်ခေါ်ပြီး ခင်သူ့အိမ်သို့ တူတူလာခဲ့ကြသည်။ ခင်သူ နှင့် သီတာ သည် ကျနော့်ဘဝတွင် အခင်ဆုံး နားလည်မှု အရှိခဲ့ကြဆုံး သူငယ်ချင်းများ ဖြစ်သည်။ သင်္ကြန်မှာ ပြန်မလာနိုင်တဲ့ သူငယ်ချင်းတွေဆီကိုလည်း ဖုန်းဆက်ခဲ့ကြသည်။ သူငယ်ချင်း အားလုံး မစုံလင်ပေမယ့် အခင်ဆုံး သူငယ်ချင်းတွေတော့ ရှိသည်မို့ ဒီနှစ်သင်္ကြန်က ပျော်စရာ ကောင်းတော့မည်။ ငယ်ငယ်က သင်္ကြန်မှာ တူတူ ရေကစားခဲ့ကြတာတွေ ပြောရင်းလည်း ရီစရာတွေ ဖြစ်ခဲ့ကြသည်။

ခင်သူက“နင် ငယ်ငယ်က ရေပုံးနိုင်တနိုင်နဲ့ သွားလောင်းတာ ရေတင်မကပဲ ပုံးပါလွတ်သွားလို့ လူကြီးတယောက် စိတ်ဆိုးသွားတာ မှတ်မိသေးလား”
“မှတ်မိတာပေါ့ဟ အဲဒီလူက နင့်ကို ခေါင်းကနေတောင် လောင်းသွားတာကိုး” ရှက်ရှက်နဲ့ ကျနော် ပြန်ပြောလိုက်ရသည်။
“ငါ့ကိုလည်း လောင်းသွားပါတယ်နော် ခင်သူ့ကိုတင် မဟုတ်ပါဘူး” သီတာကပါ ဝင်ပြောသည်။
“ခင်သူ့ ပုံခုံးကို လောင်းရင်တောင် နင့်ကို ခေါင်းက လောင်းသလို ဖြစ်နေမှာပါဟာ။ နင့်ခေါင်းနဲ့ ခင်သူ့ ပုံခုံးက တူတူ ဖြစ်နေတာကိုး”
ပြောလည်းပြော ပြေးလည်းပြေး ရသည်။ သီတာ အရပ်ပုသည်ကို အမြဲမပါပါအောင် နောက်ခဲ့သည့် ငယ်ငယ်က အတိုင်း ခုလည်း နောက်လိုက်သည်မို့ လိုက်ထုတော့သည်။

“သူ့ခင်သူကို ထိတော့ မခံဘူး ငါ့ကျတော့ ဘာဖြစ်ဖြစ်ပေါ့လေ။ ဟိုးနှစ်ကလို ပေါင်ချိန်ဖြစ်အောင် ထပ်ကို လုပ်အုံးမယ်”
လိုက်မမှီသည့်အဆုံး လွန်ခဲ့သော သင်္ကြန်က ကျနော့်ကို ဝိုင်းချုပ်ပြီး အိုးမည်းသုတ်ဖူးသည်ကို အရသာခံကာ ပြန်ပြောပြီး ကျိမ်းဝါးသည်။ ကျနော်က ခင်သူ့ကို အခင်ဆုံးဖြစ်သလို ပိုဂရုစိုက်တတ်သည်ကို သိသဖြင့် နောက်တာလဲဖြစ်သည်။
“ငါ့တို့ သူငယ်ချင်းတွေ တူတူ သင်္ကြန်မလည်ဖြစ်တာ သုံးနှစ်တောင် ရှိပြီနော်”
ခင်သူ၏ လွမ်းရိပ်သန်းသော စကားကြောင့် သုံးယောက်သား ပြန်ငြိမ်သွားကြသည်။ အရင် နှစ်က ကျောင်းအသီးသီး တက်နေကြသည်မို့ မဆုံဖြစ်လိုက်နိုင်ပေ။
“ဒီနှစ်တော့ သူငယ်ချင်းအားလုံး မဆုံပေမယ့် ငါ့တို့ ခုတူတူလည်ရမှာပါဟာ။ မနက်ဖြန် ငါတို့အိမ်မှာ မုန်လုံးရေပေါ် လုပ်စားကြမယ်လေ။ နင်တို့ လာမယ်မလား” သူငယ်ချင်းတွေ ကျနော့်အိမ်မှာ အမြဲ မုန့်လုပ်စားနေကြမို့ရော တပျော်တပါး မုန့်လုံးရတာကိုရော နှစ်သက်သည်မို့ တခါတည်းပြောလိုက်သည်။
“လာမယ် လာမယ် စိတ်ချ”
“လာမှာပေါ့ဟ အစောကြီးလာမယ် ဒါမှ ရေပက်မခံရမှာ”
“အေးပါဟာ သိပါတယ် အစားအသောက်ဆို ထိပ်ဆုံးကဆိုတာ သိပြီးသား။ အိမ်တံခါး မဖွင့်ခင် ရောက်လာအုံးမှာတောင် မြင်ယောင်သေး” ပြောပြီးတာနှင့် စက်ဘီးပေါ်တက်ကာ နင်းပြေးခဲ့ရသည်။ မိသွားရင်တော့ ဗိုက်ကြောပြတ်ပေတော့မည်။

အိမ်ပြန်ရောက်တော့ မိဘများကို ပြန်ချွဲရင်း အလွမ်းသယ်ရင်း ညဖက်ရောက်လာသည်။ ခုထိ တယောက်သောသူဆီသို့ မရောက်သေး။ မနှစ်က ခွင့်ပြန်လာစဉ် ရည်းစားလိုလို ဘာလိုလို ဖြစ်ခဲ့သည့်သူလေး။ ဖုန်းအဆက်အသွယ်တော့ ရှိကြသည်။ သူ့ဆီကိုတော့ တယောက်တည်း သွားလို့ မဖြစ်။ သူ့အဖိုးကြီး အိမ်မှာ ရှိနေရင် အိမ်နားတောင် ကြာကြာ ရစ်မနေရဲပေ။ မနက်ဖြန်မှ ခင်သူနှင့် သီတာကို အပူကပ်ပြီး ခေါ်ထုတ်ခိုင်းရတော့မည်။ ဥာဏ်နီ ဥာဏ်နက်များကို စဉ်းစားရင်း ခရီးပန်းပန်းဖြင့် အိပ်မက်တို့ ခေါ်ဆောင်ရာ ပါသွားတော့သည်။ အိပ်မက်ထဲမှာတော့ သင်္ကြန်လည်နေသည် ရေတွေ ပက်နေသည်။ ဘေးက ဘယ်သူရယ် မသိ ၊ ပက်သူ ဘယ်သူရယ်မသိ။

သင်္ကြန်အကြို မတိုင်ခင်ည။
အိမ်ရှေ့မှ အတာအိုးလေးကတော့ အတာပန်းမျိုးစုံဖြင့် လန်းဆန်းနေဆဲ။
သင်္ကြန်ရနံ့ မွှေးပျံ့နေဆဲ။

သင်္ကြန်ဆိုရင် ကျနော့်ပိုးတွေ ထထလာလို့ ခု ကျနော့် သင်္ကြန်ပိုးလေးကြောင့် ဝတ္ထတိုလေး ရေးဖြစ်တာပါ။ အပြီးထိ မရေးနိုင်သေးတာကိုတော့ သည်းခံပါအုံး။ ဆက်ရန်ပေါ့ :)

ချစ်သူများနေ့အတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ

မနေ့က မနက် နိုးနိုးချင်းပဲ (နိုးနိုးချင်းဆိုတာကလဲ နေ့လည် ၂ နာရီ ) ညီလေး သားဖြိုးက ချစ်သူများနေ့အတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ ဂိမ်းပွဲလေး တစ်ခုလုပ်ဖို့ ပြောလာတယ်။ ဘလော့ဂါတွေမှာ ချစ်တဲ့ ကောင်မလေးတွေနဲ့ ထပ်တူ ချစ်ရတဲ့ ကိုယ့်ဘလော့လေးနဲ့ ပတ်သက်ပြီး ပြိုင်ကြမယ့် ကစားပွဲလေး တစ်ခုပါ။ အကြောင်းအရာလေးတွေနဲ့ စည်းကမ်းချက်လေးတွေပါ သတ်မှတ်ထားလေရဲ့။ ဖတ်ကြည့်လိုက်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါနဲ့ပဲ ညီလေးက တခြား ဘလော့ဂါတွေဆီလဲ မေးလ်ပို့ပြီး ကစားပွဲလေးကို ဖတ်ဖို့ ပြောတာနဲ့ အသိအားလုံးဆီ မေးလ်ပို့ခဲ့တယ်။ အွန်လိုင်း ရှိသမျှ သူငယ်ချင်းတွေကိုလဲ ချက်ချင်း ဖိတ်ခဲ့တယ်။ တစ်နေ့လုံး လူရော လက်ရော ဦးနှောက်ကော နားကို မနားလိုက်ရဘူး။ အကြောင်းအရာနဲ့ စည်းကမ်းချက်လေးတွေကို နားမရှင်းတဲ့ တချို့က ပြန်မေးနေတာနဲ့ ထိုင်ရှင်းပြနေရတာလေ။ ဒါကြောင့် ကျနော်ကိုယ်တိုင် ဘာမှ ကောင်းကောင်း မရေးလိုက်နိုင်ခဲ့ဘူး။ (ဒါကြောင့် ဆုမရတာလို့ ပြောလို့ရအောင် ကြိုရှင်းထားတာ ဟတ်ဟတ်)။ ကစားပွဲလေး လုပ်ရခြင်းရဲ့ အကြောင်းရင်းလေးကတော့

(၁) ဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။

(၂) ခုလိုပျော်ပွဲလေးတစ်ခု လုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။

(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့် အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်... အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ... ဒါကြောင့် ဘလော့ဒ်ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို ဘာလက်ဆောင်များ ပေးကြမလဲဆိုတဲ့ စိတ်ကလေးကနေ စတင် ဖြစ်ပေါ်လာတဲ့ ကစားပွဲလေးပါ။

စည်းကမ်းချက်လေးတွေကတော့ သက်ဆိုင်တဲ့ ခေါင်းစဉ်အောက်မှာ နာမည်တစ်လုံးနဲ့ စာတကြောင်းပဲ ရတယ်တဲ့။

ဆုကတော့ အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမဆု ရရှိသူကို ညီလေးသားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ် သူကြိုက်တဲ့ (ကောင်လေး (သို့) ကောင်မလေး) နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်တဲ့။

ကစားနည်းလေးတွေကတော့
(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့် စာသားလေး အဖြစ်ပြောင်းရမယ်တဲ့..
ကျနော် ရေးပေးလိုက်တာကတော့

မင်း”အတွက် ဆိုရင် တပါးသူအတွက် မ“ကျန်”တော့လောက်အောင်အထိ “စစ်”မှန်တဲ့ ချစ်ခြင်း“ရဲ့” ပျော်ရွှင်ခြင်း “ရသ”ကိုပဲ ပေးစွမ်းရင်း “ကမ္ဘာ”ငယ်လေးတစ်ခု တည်ထောင်ချင်မိတယ်…

(၂) ချစ်သူ့ အခေါ်ဝေါ်လေး။ ဒါကိုတော့ ချစ်တဲ့သူကို ခေါ်တာဖြစ်ဖြစ် ချစ်တဲ့သူက ခေါ်တာ ဖြစ်ဖြစ် စိတ်ကြိုက်ရေးနိုင်ပါတယ်တဲ့။
ကျနော် ရေးလိုက်တာကတော့

ပုဂံသမိုင်းမှာ တွင်“ကျန်”ရစ်တဲ့ ဟို“စစ်”သားကြီးလို ရဲဝံ့တည်ကြည်တဲ့ ငါ့ကို “မင်း”ခေါ်လိုက်စမ်းတော့ မောင်ကြီးရေ….. လို့

(၃) ချစ်သူ့လက်ဆောင်။
လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။ ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။ တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့ ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။ ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်ရမယ်တဲ့လေ…
ကျနော် ရေးလိုက်တာကတော့

တစ်ခုတည်းသော ရင်ခုန်သံနဲ့
နှစ်ယောက်တစ်ဘဝပေါင်းစပ်ဖို့
သုံးစွဲလိုက်တဲ့ နှလုံးသားကိုအရင်းတည်
လေးနက်စွာနဲ့
ငါးရာနှစ်ဆယ့်ရှစ်ထက် ကျော်မိတာမင်းအတွက်
ခြောက်ခြားစရာတွေ ဖြစ်စေခဲ့သလား
ခွန်အားပြည့်ချစ်ခြင်းတွေနဲ့
ရှစ်ခွင်နယ်တစ်ခုလုံးမှာ
ကိုးစားယုံကြည်ရဆုံး ငါ့အချစ်တွေကို
ဆယ်ယူထွေးပွေ့လိုက်တော့ကွယ်…

ဒီကစားပွဲလေးကြောင့် အရင်နှစ်တွေနဲ့ မတူပဲ စာကြောင်းတွေအတွက် စဉ်းစား အကြံထုတ်ရင်း ပျော်ရွှင် ကြည်နူးမှုတွေနဲ့ အတူ ချစ်သူများနေ့လေးကို ပိုပြီး အမှတ်တရ ရှိနေစေခဲ့တယ်ဗျာ...

အိမ်ထောင် (အချစ်) စတင်လာပုံ

လူတွေ ပြောနေကြတဲ့ အချစ် အချစ်တဲ့… အချစ်ဘယ်က စတင်ဖြစ်ပေါ်လာသလဲ။ အာဒံနဲ့ ဧဝ ပန်းသီးစားရာက စတယ်လို့လည်း ပြောကြတယ်။ အမျိုးမျိုး စုံလို့ပါပဲ။ ကျွန်တော်သိတဲ့ အချစ်စတင်ဖြစ်ပေါ်လာပုံ (သို့) အိမ်ထောင်တစ်ခု စတင်ဖြစ်ပေါ်လာပုံလေးကိုလည်း မသိသေးတဲ့ သူငယ်ချင်းတွေ သိအောင် ရေးလိုက်ပါတယ်။

ကမ္ဘာကြီးပျက်ပြီးတော့ နောက်ကမ္ဘာသစ်တစ်ခု ပြန်တည်ထောင်တဲ့အခါမှာ ဗြဟ္မာတွေ ဗြဟ္မာပြည်ကနေ စုတေးပြီး လူ့ပြည်မှာ ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ်ကြပါတယ်။ အဲဒီလို လူလာဖြစ်တဲ့ အချိန်မှာ ယောင်္ကျား မိန်းမဆိုတဲ့ ဣတ္ထိ ဘာဝရုပ် ၊ ပုရိသ ဘာဝရုပ် ထင်ထင်ရှားရှား မဖြစ်သေးပါဘူး။ ကိုယ်ယောင် ကိုယ်ဝါတွေလဲ ရှိနေသေးတော့ နေတွေ လတွေလဲ မလိုအပ်သေးဘူးတဲ့။

ဗြဟ္မပြည်က စုတေကာစဆိုတော့ ပီတိလေးတွေနဲ့ပဲ နေနေကြလို့ ဘာမှ မစားကြသေးဘူးတဲ့။ ကမ္ဘာပြုမိုးတွေ ရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေ ခန်းခြောက်သွားတော့ မြေအထက် အပေါ်ယံမှာ မြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက နို့ရည်အထက်မှာ တက်နေတဲ့ မလိုင်ကို ချိုဆိမ့်တဲ့ အနံ့ အရသာ ရှိတယ်လို့ ဆိုပါတယ်။ တစ်ယောက်က မွှေးကြိုင်နေတဲ့ မြေဆီလေးကို ဘယ်လို အရသာရှိမလဲ ဆိုပြီး လက်နဲ့တို့ပြီး လျှက်ကြည့်ရာက ကောင်းတယ်ဆိုပြီး ကျန်သူများကလည်း သူစားသလို လိုက်စားပါတယ်။ ဒီကစလို့ ရသတဏှာဝင်ပြီး ကိုယ်ရောင် ကိုယ်ဝါတွေလည်း ပျောက်သွားရောလို့ ဆိုပါတယ်။

ဒီလိုနဲ့ မြေဆီတွေ စားရင်း စားရင်း ကုန်သွားတော့ ကံအားလျော်စွာ သလေးဆန်တွေ ပေါ်လာပါတယ်။ ဒီသလေးဆန်ဟာ အိုးထဲထည့် မီးကျောက် တင်လိုက်တာနဲ့ အလိုလို မီးတောက်ပြီး ထမင်းကျက်တာနဲ့ မီးလည်း ငြိမ်းသွားပါတယ်။ မြေဆီတွေ စားနေတုန်း စားသမျှ အဆီအသားဖြစ်ပြီး အဖတ်အကာ တချို့သာ ကျန်တယ်လို့ ဆိုပါတယ်။ အဲဒီ အဖတ်အကာ အချို့ကိုလည်း ဝမ်းမီးက လောင်လိုက်တဲ့အတွက် ကုန်ခန်းကုန်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူးတဲ့။

သလေးဆန်တွေ စားလာတဲ့အခါမှာတော့ ကျင်ကြီး ကျင်ငယ်ဆိုတာ ဖြစ်လာပြီး ကျင်ကြီး ကျင်ငယ် ထွက်ရာ အပေါက်တွေလည်း ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒီတော့မှ ယောင်္ကျား ၊ မိန်းမ ပုံသဏ္ဌာန်ဖြစ်တဲ့ ဣတ္ထိ ဘာဝရုပ် ၊ ပုရိသ ဘာဝရုပ် တွေလည်း ထင်ထင်ရှားရှား ဖြစ်လာပါတော့တယ်။ ဗြဟ္မာပြည် မရောက်ခင် မိန်းမဖြစ်ခဲ့သူက ဣတ္ထိ ဘာဝရုပ် ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့သူက ပုရိသ ဘာဝရုပ် ပေါ်လာတယ်လို့ဆိုပါတယ်။

နားနဲ့ မနာ ဖဝါးနဲ့နာ ဆိုတဲ့အတိုင်းပဲ နားနဲ့ မဖတ် မျက်စိနဲ့သာ ဖတ်တော့လို့ ပြောရမလားပဲ သူငယ်ချင်းတို့ရေ။ တစ်ယောက်နဲ့ တစ်ယောက် အင်္ဂါမတူလို့ တစ်ယောက် အင်္ဂါကို တစ်ယောက် တပ်မက် နှစ်သက်တဲ့ တဏှာရာဂ တွေ ဝင်လာပြီး စိတ်မချည်းတည်းနိုင်တော့ပဲ ကာမကိစ္စကို စတင် မှီဝဲကြပါသတဲ့။ ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပမလားဆိုပြီး ခဲနဲ့ ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို မွေ့လျော်သွားသူတွေဟာ ပုန်းအောင်းရင်းနဲ့ အိမ်ယာများ သီးသန့် တည်ထောင်ပါသတဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်တဲ့ ဓလေ့ဟာ ကမ္ဘာဦးကတည်းက ဖြစ်ပေါ်လာတဲ့ အဲဒီအဖြစ်လေးကို အရင်းတည်ပါသတဲ့ဗျာ။

ကျွန်တော့် မင်္ဂလာဦးညလေး ရောက်ရင်တော့ ခဲနဲ့လာမပေါက်နဲ့နော်။ သူငယ်ချင်းတွေကို အဝကျွေး အဝတိုက်မယ်။ အဟဲ :D

(သုတ်ပါထေယျ ပါဠိတော် ၊ မြန်မာပြန် အဂ္ဂညသုတ်နဲ့ ဆရာတော် အရှင် ဇနကာဘိဝံသရဲ့ သဂြိုဟ်ဘာသာဋီကာ အခြေပြု ပဋ္ဌာန်းတော် စာအုပ်တို့မှ ကောက်နှုတ်ပါသည်)

ကိန္နရီချောင်းခြား လွမ်းရက်များစွာ

ကိန္နရီချောင်းခြားတဲ့ အဖြစ်ဟာ
ကိုယ့်အတွက်တော့
ကွမ်းတယာညက်ခန့်ပါပဲကွယ်…
တစ်စက္ကန့်ကို မြစ်တစ်မြစ်တား
စက္ကန့် ၊ နာရီ အမြောက်အမြားခြားနေတဲ့
ကိုယ့်ရင်ထဲမှာ
ဂန္ဒဝင်အလွမ်းရက်ရှည်ကြီးဖြစ်တဲ့
ရက်ပေါင်း (၇၀၀) ဟာ
ကွမ်းတစ်ယာညက်စာပါပဲ…

စန္ဒကိန္နရီဇတ်တော်ရဲ့ ဘလ္လာတိယပျို့မှာ မိုးလေတွေ လွန်စွာပြင်းထန်လို့ ကိန္နရီမောင်နှံဟာ ချောင်းတစ်ဖက်တစ်ချက်ဆီမှာ တစ်ညလုံး ကွဲကွာနေရတယ်။ နောက်နေ့ နံနက် ချောင်းရေကျသွားတဲ့ အချိန်မှာ ပြန်ဆုံကြတော့ တစ်ယောက်ကို တစ်ယောက်ဖက်ပြီးတော့ ငိုလိုက်တာ ရက်ပေါင်း (၇၀၀) ကြာတယ်တဲ့။

ကျွန်တော်ကတော့ ကိန္နရီမောင်နှံထက်ပိုလိုက်ချင်တယ်။ ဇတ်တော်မှာက တစ်ညလုံးမှာ ချောင်းတစ်ခုပဲ ခြားတာလေ။ ကျွန်တော်ကတော့ တစ်စက္ကန့်ကို မြစ်တစ်စင်း ခြားသလိုကို ဝေးကွာလွန်းတယ်လို့ တင်စားလိုက်တာပါ။ တစ်ညတာဝေးကွာလို့ ကိန္နရီမောင်နှံတို့ ငိုခဲ့တဲ့ ရက်ပေါင်း(၇၀၀)ကလဲ ကျွန်တော့်ရင်ထဲက အလွမ်းတွေနဲ့စာရင် ကွမ်းတစ်ယာညက်လောက် အချိန်လေးပဲ ရှိလိမ့်မပေါ့။ ကိုယ့်ရင်ထဲမှာ အလွမ်းတွေက များစွာသော ရက်ပေါင်း (၇၀၀) လောက်ထိ ရှိနေတယ်လေ။

ကမ္ဘာတစ်ဖက်တစ်ချက်စီမှာ မြစ်တွေ ၊ ချောင်းတွေ များစွာ ခြားနားလို့ ရှိနေကြတဲ့ ချစ်သူနှစ်ယောက်အတွက် အလွမ်းဆိုတာလဲ အတိုင်းအဆမရှိပေါ့။ ဒါပေမယ့်လည်းလေ အချစ်စစ်ဆိုတာကို ရင်ခွင်မှာ ထွေးပိုက်ရင်း နှစ်ဦးသားအားတင်းလို့ ဆုံနိုင်မယ့် အနာဂါတ် လေးဆီကို ဦးတည်လျှောက်လှမ်းလျှက်ပေါ့…

အချစ်တန်ဖိုး

အချစ်ဆိုတာ လူတွေနဲ့ အရင်းနှီးဆုံးအရာပေါ့။ အမျိုးမျိုးလဲ ဖွဲ့ဆိုကြတယ်။ အရွယ်တိုင်း မှာလဲ အချစ်အမျိုးမျိုးရှိကြတယ်။ လူမှန်းသိတတ်တဲ့အရွယ် ကလေးလေးကလဲ မိခင်ကို ချစ်မယ်။ နည်းနည်းကြီးလာတော့ မောင်နှမ ဆွေမျိုး သူငယ်ချင်းတွေကို ချစ်မယ်။ နောက် ချစ်သူ ရည်းစားကို ချစ်တတ်လာမယ်။ လူ့ဘ၀ကြီးထဲက ထွက်မသွားမချင်းလဲ တစ်မျိုးမျိုး သော အချစ်တွေ ရင်ထဲမှာ ရှိနေမှာပါ။ အေးချမ်းတည်ငြိမ်တဲ့ မောင်နှမလိုအချစ်မျိုးကို (၅၂၈) အချစ်မေတ္တာလို့သတ်မှတ်ကြတယ်။ ရယူပိုင်ဆိုင်လိုမှု ရယက်တွေ ပါဝင်နေတဲ့ ချစ်သူရည်းစား အချစ်ကို (၁၅၀၀) အချစ်မေတ္တာလို့ အားလုံးသိထားကြတယ်။ နှိုင်းတုမမှီတဲ့ မိဘက သားသမီးအပေါ်ထားတဲ့ အချစ်ကိုကျတော့ ဘာလို့ ဂဏန်းတန်ဖိုး သတ်မှတ်ထားတာမရှိရတာလဲ။ နောက်တစ်ခု ဖေမြင့်ရဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးပါရဲ့။ ချစ်သူနှစ်ယောက်လက်တွဲလမ်းလျှောက်လာတဲ့အချိန်မှာ လေပြင်းတစ်ချက်ဝှေ့လို့ ဖုန်သဲတွေ လွင့်လာရင် ကိုယ့်မျက်လုံးကို ကိုယ်အရင် ကာတတ်ကြတာကို ကြည့် ခြင်းအားဖြင့် လူရဲ့ မသိစိတ်ထဲမှာ (တချို့ကတော့ သိစိတ်မှာပါ) ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်ပါတယ် တဲ့။ အဲဒီ ကိုယ့်ကိုယ်ကို ချစ်တဲ့ စိတ်ကရော ဂဏန်းတန်ဖိုး ဘယ်လောက်နဲ့ သတ်မှတ်ပါသလဲ။ ကျွန်တော်ကတော့ ကတ်သီးကတ်သတ်နိုင်တယ်ပဲ ပြောရမလားပဲ။ သိတာလေးတွေရေးခဲ့သလို မသိတာလေးတွေလဲ ရေးမိပြန်ပြီ။ တန်ဖိုးစဉ်းစားလို့ ခေါင်းခြောက်သွားရင်တော့ Cola သောက် ပျောက်သွားပါလိမ့်မယ် :D