Rec Comment OF M!иикy@иs^s Blog

ကလောင်လွတ်

နိုးတာနဲ့ ထတာ
ကွဲပြားမှုကို ငါမသိဘူး။
ဘုတ်နဲ့ ကျီးတောင်
ငှက်ဆိုတာလောက်ပဲ ငါသိတာ။
လိုချင်သူက “လု”
ယူလိုက်ပေးလိုက်လုပ်သူက “လူ”
ဆုံးရှုံးသူက “လူး”
မှန်သူတွေက “လင်း”
မှားသူတွေက “လိမ်”
သွေးထိုးသူတွေက “လေ” ဖြစ်မယ်ဆို
ငါကတော့ “လွတ်”
ဝါသနာပါရာ င့ါကလောင်မှာ
ငါ့အနုပညာတွေကိုပဲ မှင်ဖြည့်ပါရစေ...

ဖြစ်စေချင်တယ်...

ကျောင်းကပွဲအတွက် ဒိုးပတ်ဝိုင်းတိုက်နေလို့ မအားရဘူး ဖြစ်နေတယ်ဗျာ။ ကျောင်းကတဖက် အနားကပ်မှ သိရတာတဖက်ကြောင့် ညဘက်တွေပါ လေ့ကျင့်နေကြရတယ်ဗျာ။ ဒိုးပတ်ဝိုင်းတိုက်ရင်း နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတော်တော်များများမှာ ဖြစ်တတ်တဲ့ အချက်လေး တစ်ခုတွေ့ရလို့ ဒီပို့စ်ကို ရေးလိုက်တာပါ။ တခြားနိုင်ငံတွေမှာကတော့ ကျောင်းတစ်ကျောင်းမှာ အများအားဖြင့် မြန်မာဆိုရင် ကျောင်းသားနဲ့ကျောင်းသူ မျှပြီး ရှိတတ်ကြပါတယ်။ ကျနော်တို့ မော်စကိုမှာလဲ တခြားနိုင်ငံက ပညာသင်သူတွေမှာလဲ ကျောင်းသား ကျောင်းသူတွေ မျှပြီး ရှိတတ်ကြပါတယ်။ ကျောင်းကပွဲတိုင်းမှာလဲ နိုင်ငံအလိုက်က ပြိုင်ပွဲအဖွဲ့မှာ မိန်းကလေးကျောင်းသူတွေရဲ့ အကအဖွဲ့တွေပါ တွဲဖက်ပါတတ်ကြပါတယ်။ ကျနော်တို့ မြန်မာတွေကတော့ မိန်းကလေးဆိုလို့ မူးလို့ပင် ရှုစရာမရှိပေမယ့် မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်နဲ့ ဦးရွှေရိုး ဒေါ်မိုး အကတွေ ရှိနေလို့ တော်ပါသေးတယ်ဗျာ။ တခြားနိုင်ငံတွေက ခေတ်ပေါ် ဒစ်စကိုတီးလုံးတွေ ဒီဂျေတွေနဲ့ စုံတွဲအကတွေနဲ့ ပြိုင်မယ့်အချိန်မှာ ကျနော်တို့ကလဲ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်ဝိုင်းနဲ့ သံချပ်တွေဆို ဦးရွှေရိုးအကနဲ့ ပြိုင်ကြမှာပေါ့။ ကျောင်းမှာရှိတဲ့ ကျောင်းသားထဲက တကယ်တတ်သူတွေရော ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်သူတွေ ( ကျနော့်လိုပေါ့ mrgreen ) စုပြီး ဝိုင်းလေးဖွဲ့လိုက်ကြတယ်။ နိုင်ငံရပ်ခြားမို့ မရှိမဲ့ရှိမဲ့ မစုံမလင် အိုးစည် ဒိုးပတ်တွေနဲ့ပဲ မြိုင်ဆိုင်အောင် ၊ ပြိုင်ပွဲမှာ မျက်နှာမငယ်အောင် စိတ်ပါလက်ပါ ကြိုးစားကြတာတွေ့တော့ အားရှိစရာပါ။ ဒါပေမယ့် အဝတ်အစားမှာ အခက်အခဲ ဖြစ်လာပါတယ်။ ပြောချင်တာလဲ အဲဒါပါပဲ။ အိုးစည် ဒိုးပတ်ဝိုင်းဆိုတော့ ဝိုင်းသားတွေလဲ မြန်မာပီပီ တိုက်ပုံနဲ့ ပုဆိုး ဝတ်ကြမယ်လို့ သတ်မှတ်လိုက်ကြတယ်။ အဲဒီမှာ စတွေ့တာပဲ။ ပုဆိုးက မြန်မာ တော်တော်များများမှာ ပါလာတတ်ကြသေးတယ်။ မရှိသလောက် ရှားတာက လည်ကုတုံးအကျီနဲ့ တိုက်ပုံ။ နိုင်ငံခြား လာမှာမို့ မဝတ်ရဘူး မလိုဘူးလို့ သတ်မှတ်ပြီး မယူလာတတ်ကြဘူးဗျာ။ နိုင်ငံခြားမှာလဲဖြစ် ဝတ်လေ့ဝတ်ထလဲမရှိ လေဆိပ်မှာ အဝတ်အစား အလေးချိန်ကျော်မှာ စိုးလို့ ယူမလာတာလို့ ဆိုချင်ဆိုကြပါလိမ့်မယ်။ လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်ဖြစ်ပေမယ့် အရေးအကြောင်းရှိလို့ မြန်မာဟေ့လို့ ကြွေးကြော်ရမယ့် အချိန်မှာ မြန်မာ့ရိုးရာ ဝတ်စုံတောင် ကိုယ်ကိုယ်တိုင်က ဝတ်မပြနိုင်ပဲနဲ့ ငါ မြန်မာရယ်လို့ ဘယ်လိုဟစ်ကြွေးနိုင်ပါ့မတဲ့လဲ။ ဒါ့ကြောင့် ပြည်ပကို ထွက်ခွာလာတဲ့ မြန်မာတိုင်း မြန်မာဆန်ဆန် ရိုးရာဝတ်စုံ တစ်စုံလောက်တော့ ပါလာသင့်တယ်လို့ ထင်မိတယ်ဗျာ။ ပါလာအောင်လဲ ကြိုးစားပြီး ယူလာစေချင်တယ်။ ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင် ထိမ်းသိမ်းရင်း နိုင်ငံတကာ အလယ်မှာ မြန်မာရယ်လို့ မော်ကြွားနိုင်ပါစေဗျာ

ရှေးသမိုင်းက စက်ရုပ်များ

ကျောင်းကပွဲအတွက် တီးဝိုင်းတိုက်နေရလို့ မအားဘူး ဖြစ်နေတယ်ဗျာ။ နိုင်ငံအနှံ့က လူမျိုးအလိုက် တီးက ကကြမှာဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်အောင် အားလုံး ဝိုင်းပြီး ကြိုးစားနေကြရတယ်။ ဆုလေး ဘာလေး ပေးမလားတော့ မသိရသေးဘူးဗျ။ razz မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်ကို ဦးရွှေရိုး ဒေါ်မိုးနဲ့ တွဲပြီး တီးမှုတ်မှာ ဖြစ်ပါတယ်။ ကျနော်ကတော့ တတ်သည့်ပညာ မနေသာ ဆိုသလို ဝင်ရှုပ်လိုက်တာကတော့ ဘာဂျာမှုတ်မလို့ဗျို့။ mrgreen ဒါ့ကြောင့် အသစ်မရေးဖြစ်ဘူး ဖြစ်နေရတာ။ လာကြည့်ပြီး အသစ်မတွေ့ရမှာ အားနာလို့ ဖွဲ့တည်ရာမဂ္ဂဇင်းမှာ ပါပြီးသားဖြစ်တဲ့ ရှေးသမိုင်းက စက်ရုပ်များကို မဂ္ဂဇင်းမှာ မဖတ်ရသေးတဲ့ သူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်ဗျာ။

ရှေးသမိုင်းက စက်ရုပ်များ

သာမာန်အားဖြင့် စက်ရုံများစတင် တီထွင်လာချိန်ကို နှစ်ဆယ်ရာစုလို့ပဲ ထင်မိကြမှာပါ။ တကယ်တော့ ပေလေးပင် ရှင်လေးပါးမှ ရှင်မဟာရဌသာရ ရေးသားထားသော တံတားဦး မင်္ဂလာစေတီတော် မော်ကွန်းထဲမှာပါတဲ့ ဆယ့်ငါးရာစုနှစ်က အရုပ်တစ်ရုပ် အကြောင်းမှ စတင်ရပါလိမ့်မယ်။ ဒီအရုပ်ကို စက်ကြိုးယန္တရားအတတ်နဲ့ အခြေခံပြီး သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပုဏ္ဏားရုပ် ဖြစ်ပါတယ်။ တန်ဆောင်း၏ အရှေ့မြောက် တနေရာမှာ ဆံပင်းကို ကျစ်ကွာ နောက်တွဲထုံးလျက် မုတ်ဆိတ် ကျင်စွယ်တို့ကို ဖားလျားချလျက် မှန်ကူကွက်ကို ရေးခြယ်လျက် အရွယ်အိုမင်းလှသော ပုဏ္ဏားသစ်သားရုပ်ကြီး တစ်ရုပ်ဖြစ်သည်။ ပုဏ္ဏားရုပ်ကြီးသည် နှုတ်ခမ်းကို ဖွင့်ကာ အုပ်ကာ မေးတလှုပ်လှုပ်ဖြင့် လူပကိ အရှင်ကဲ့သို့ စကားပြောတတ်လေသည်။ ပုဏ္ဏားရုပ်ကြီးထံ လက္ခဏာမေးလျှင် မျက်တောင် ခတ်လျှက် မျက်လုံးလည်လျှက် ပြုံးပြုံးရယ်ရယ်နှင့် လက္ခဏာကြည့်ပေးတတ်သည်။ ဂါထာတို့ကို နားဝင်ချိုအောင် ရွတ်တတ်လေသည်။ လာသမျှသောသူတို့အား အဘ အမယ် စသည်ဖြင့် ချစ်စဖွယ် ခေါ်တတ်သည်။ လူပရိသတ်များအား “ငါသည် သီဟိုမင်းထံမှ ရွှေနန်းသဘင်ပွဲတော်သို့ ကိုယ်စားလာရောက်ခြင်း ဖြစ်သည် ၊ ငါ့အသက်သည် အသက် ၈၀ ရှိပြီ” ဟု ပီပီသသ ပြောတတ်သည်တဲ့။

အဲဒီခေတ်က စက်ကြိုးယန္တရား အတတ်မှာ အလွန်ပင် စိတ်ဝင်စရာ ကောင်းနေချေလေပြီ။ စက်ကြိုး ယန္တရားအတတ်ဆိုတာကတော့ စက်သီး ၊ ဘီး ၊ ခွေးသွားစိတ် ၊ မောင်းတန် ၊ ချိတ်ဆက် ၊ သံကွင်း နဲ့ လေးပြား ကဲ့သို့ ပစ္စည်းများကို စက်ကြိုးတွေနဲ့ ချိန်ပြိး တပ်ဆင်တဲ့ပညာရပ်လို့ အခြေခံ ယူဆလို့ ရပါတယ်။ ပုဏ္ဏားရုပ်ကြီးကို လေ့လာကြည့်ရင် စက်ကြိုးယန္တားရားအတတ်အပြင် အခြားပညာရပ်တွေကိုပါ စိတ်ဝင်စားစရာ တွေ့နိုင်ပါတယ်။ ဥပမာ - စကားပြောစေတဲ့နည်း။ အဲဒီခေတ်အချိန်က မြစ်ကမ်းနား နဘေးလို နေရာတွေမှာ အင်မတန် ထူးဆန်းတဲ့ အသံဖမ်းကျောက်တုံးတွေ ရှိတယ်။ အဲဒီ ကျောက်တုံးတွေနားမှာ သွားစကားပြောမိရင် ကျောက်တုံးတွေက စကားတွေကို ဖမ်းထားပြီး ပြန်လွှင့်ပေးတတ်တယ်။ အလွန် အံ့သြဖွယ် ရှားပါး ကျောက်တုံးတွေပေါ့။ ဖြစ်နိုင်ပမလားလို့ သံသယရှိဖွယ်ရှိတယ်။ အသံဖမ်းတယ် အသံလွင့်တယ်ဆိုတာက လျှပ်စစ်ဓါတ် သံလိုက်ဓါတ်နဲ့ လျှပ်စစ်လှိုင်း သံလိုက်လှိုင်းတွေ စိးမျောနစ်မြုပ်နိုင်တဲ့ အရာရယ် ကာဗွန်မှုန့်လို့  ပစ္စည်းတွေရယ် အချိုးကျကျ ပေါင်းစပ်သွားခဲ့ပြီး ဖြစ်နိုင်လာပါတယ်။ ဒီလိုနည်းနဲ့ ဗေဒင်ဟောတဲ့ စကားသံတွေ ပေါ်စေပါတယ်။ လာသူများကို အသက်အရွယ်အလိုက် နှုတ်ဆက်တတ်တာ ၊ ဟန်ပန်တွေ ပေါ်အောင် လုပ်တာ တခြားလှုပ်ရှားမှုတွေကတော့ ဘယ်လိုအတတ်ပညာတွေကြောင့်လို့ အတိအကျ မဖော်ပြထားခဲ့ပါဘူး။ အလွန် လျှို့ဝှက်ခဲ့သည်လေ။ အဲဒီခေတ်က ဘုရားတည်တာတောင် ပုံစံတူတည်ထားမှာစိုးလို့ ပန်းရံဆရာတွေကို ကွပ်မျက်ခဲ့သည်မလား။
သစ်သားပုဏ္ဏားရုပ်ထက် အဆင့်မြင့်လာတဲ့ စက်ရုပ်ကတော့ သီရိဓမ္မာသောကမင်းကြီး လက်ထက်မှာပါ။ ဖြစ်လာပုံက သီရိဓမ္မာသောကမင်းကြီးဟာ တခြားမင်းတပါး ကိုးကွယ်ထားတဲ့ ဌာပနာတွေကို လိုချင်စိတ်ဖြစ်လာတယ်။ အဲဒီခေတ်က ဌာပနာတွေကို ဓားစင်္ကြာ လှံစင်္ကြာတွေ ကြားထဲမှာထားတယ်လေ။ ဓားစင်္ကြာ လှံစင်္ကြာတွေကြောင့် သွားယူသူ ခေါင်းပြတ်မှာကိုး။ ဒါ့ကြောင့် စက်ကြိုးယန္တရားအတတ် တတ်သူကို သွားယူခိုင်းတော့ သူ့ရဲ့ အတတ်နဲ့ ဓားစင်္ကြာ လှံစင်္ကြာတွေကို ဖျက်ဆီးပြီး ဌာပနာတွေကို ယူလာနိုင်ခဲ့တယ်။ ဒီစက်ကြိုးယန္တရားအတတ်ဟာ ခေါမတိုင်းက စတင်ခဲ့တဲ့မို့ သူတို့ပညာကို တခြားတိုင်းပြည်က ရသွားရင် လိုက်သတ်တယ်လေ။ ဒါနဲ့ပဲ တစ်နေ့မှာ သီရိဓမ္မာသောကမင်းကြီးဆီကို ခေါမတိုင်းမှ အင်မတန်လှပပြီး အဖိုးတန်တဲ့ သေတ္တာကြီးတစ်လုံး လက်ဆောင်ပေးလိုက်တယ်။ မင်းကြီးလဲ သေတ္တာကြီးရတော့ အားရဝမ်းသာ ဖွင့်ခိုင်းတာပေါ့။ ဒါပေမယ့် ဘယ်သူမှ ဖွင့်လို့မရဘူးဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ စက်ကြိုးယန္တရားအတတ် တတ်သူကို ခေါ်ဖွင့်ခိုင်းတော့ အဲဒီလူက စမ်းသပ်ပြိးတဲ့နောက်မှာ မဖွင့်ပါရစေနဲ့ သေတ္တာကို ဖွင့်လိုက်ရင် အထဲက စက်ရုပ်ထွက်လာပြီး သူ့ခေါင်းကို ဖြတ်ပါလိမ့်မယ်လို့ လျှောက်တယ်။ မင်းကြီးက အတင်းဖွင့်ခိုင်းလေတော့ သေတ္တာကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အထဲက စက်ရုပ်က ဝုန်းကနဲ ထွက်လာပြီး သန်လျက်နဲ့ အဲဒီပညာရှင်ရဲ့ ခေါင်းကိုဖြတ် ခေါင်းပြတ်ကိုပိုက်ပြီး သူ့တိုင်းပြည်ကို ပြန်ထွက်ပြေးသွားလေသတဲ့။ ဌာပနာတွေကို ကာကွယ်ထားတဲ့ ဓားစင်္ကြာ လှံစင်္ကြာတွေကို ဖျက်ဆီးနိုင်တဲ့ ပညာရှင်ကို ပြန်သတ်ချင်တဲ့အတွက် တီထွင်ဖန်တီးထားတဲ့ စက်ရုပ်ပါ။ အခြား ဘယ်လိုစက်ရုပ်မျိုးတွေ ဖန်တီးခဲ့သေးလဲဆိုတာ သိခွင့်မရစေခဲ့တာ ဘဝင်မကျစရာပါ။ အဲဒီအချိန်က ပညာရှင်တွေသာ အချင်းချင်း မသတ်ခဲ့ရင် ခုချိန်ဆို ဘယ်လောက်များ တိုးတက်နေလိုက်လေမလဲ တွေးမိရင်လဲ နှမျောစရာပါ အဲဒီခေတ်ကတောင် ဒီလို စက်ရုပ်မျိုးလုပ်နိုင်ခဲ့သေးတော့ ခုခေတ်မှာ လကမ္ဘာပေါ်ကို တက်နေတဲ့ ရိုဘော့တွေ လူသားနဲ့ ထပ်တူနီးပါး တူနေတဲ့ ရိုဘော့တွေ တီထွင်လာနိုင်တာ နောက်ကျတယ်လို့တောင် ဆိုလိုက်ချင်တယ်ဗျာ။ ။

ဘဝလက်တွဲဖော်အား...

လကုန်ခါနီးကတည်းက ပိုက်ပိုက်လည်းကုန်လို့ ကိုးနတ်ရှင်ကို မဆက်သနိုင်တာနဲ့ ကိုးနတ်ရှင်က မင်းကျန်စစ်ကို အဆက်ဖြတ်လေရဲ့။ အသစ်လည်း မရေးနိုင် လည်လဲ မလည်နိုင်ဖြစ်သွားရတယ်။ လခထုတ်တော့လည်း တခြားကျောင်းက သူငယ်ချင်း တစ်ယောက် ကွန်ပျူတာ ပြသနာဖြစ်လို့ သွားကြည့်တာကနေ ၁၀ ရက်ဆက်တိုက် နေဖြစ်သွားလို့ တော်တော်ကို အဆက်ပြတ်သွားတာ။ လာလည်ပြီး အသစ်မဖတ်ပဲ ပြန်သွားရတဲ့ သူငယ်ချင်းတွေကို အားနာမိတယ်။ ခုတော့ မလေးမ တက်တာနဲ့ပဲ အပျင်းထူပြီး နှပ်နေလို့ မရတော့ဘူးဖြစ်သွားတယ်။ ကဲ… ရေးပြီ မလေးမရေ…

ခေါင်းစဉ်လေးက ဘဝလက်တွဲဖော်တဲ့။ တကယ်ကိုပဲ ဘဝလက်တွဲဖော်ဆိုတာ လူတိုင်းမှာ တွေးဖူး ခံစားခဲ့ဖူးကြတဲ့ ခံစားချက်လေး တစ်ခုပါ။ ဘဝလက်တွဲဖော်ဆိုတာကို ငယ်ငယ်က စဉ်းစားခဲ့စဉ်ကပေါ့။ စဉ်းစားတိုင်း ပျော်သလို ကြည်နူးမိသလို ခံစားမိခဲ့စမြဲပဲ။ အရင်ဆုံး ရှာဖွေမိခဲ့တာက “အချစ်” ။ တကယ်မချစ်တဲ့ သူကိုတော့ လက်တွဲဖော်အဖြစ် ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလေ။ အချစ်ဆိုတာကို ရှာဖွေမိတဲ့ အချိန်မှာ စစ်မှန်တဲ့ ရင်တွင်းက နှစ်ဦးသား ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်လောက်မယ့် အချစ်ကို ရှာရခက်ခဲ့ပါတယ်။

ဒါပေမယ့် ငယ်ငယ်က မျက်မှန်မတတ်ရသေးတော့ ဘောင်ခတ်မကြည့်တတ်သေးဘူးပေါ့။ ဖြူဖြူမြင်ရာ အကုန်ချစ်မိနေတာပဲ :P ချစ်သူထားရတဲ့ အရသာဆိုတာကိုပဲ ရှာဖွေမိတာကိုး။ အမှတ်တရ ရှိခဲ့ဖူးတာလေး ပြောပြအုံးမယ်။ ငယ်ငယ်ကပေါ့ ကောင်မလေး တစ်ယေက်ကို အရင်ဆုံး ရည်းစားစကား လိုက်ပြောတုန်းက ကတုန်ကရင်ဖြစ်ပြီး စက်ဘီးမှောက်လဲပြီး အရှက်ကွဲခဲ့ဖူးတယ်။ အဲဒီလောက်အထိ အချစ်ဆိုတာကို ကြိုးကြိုးစားစား ရှာဖွေခဲ့တဲ့ မင်းကျန်စစ်ပါ။ ဟိုမင်းကျန်စစ်က စော်ကြည်သလောက် မင်းကျန်စစ်ကတော့ ခေလိုက်ပါဘိ အချစ်ကံ :D

ဒါပေမယ့် အသက်နည်းနည်းကြီးတော့ မျက်မှန်လေးလဲ မတတ်မဖြစ်တတ်လာရတော့ ဘောင်လေးခတ်ပြီး ကြည့်တတ်လာတယ်။ ရုပ်လေး ချောရုံနဲ့ မချစ်မိတော့ဘူး။ ဘဝလက်တွဲဖော်တစ်ယောက်ကို ရုပ်ရည်လေးတင်ပဲ ကြည့်ပြီး မဆုံးဖြတ်ဖြစ်တော့ပါဘူးလို့ ပြောချင်တာပါ။ စိတ်သဘောထားလေးကို ဂရုတစိုက်လေး ကြည့်တတ်လာတယ်။ စိတ်ထားလေး သိမ်မွေ့နူးညံ့မယ် လူမှုဆက်ဆံရေးလေး ကောင်းမယ်စတာလေးတွေ ကြည့်တတ်လာတယ်။ ကိုယ့်အပေါ်ချစ်ပေမယ့် တရွာလုံးနဲ့ တစ်ယောက်ဖြစ်အောင် ဆက်ဆံတတ်တဲ့ သူကိုတော့ ဘဝလက်တွဲဖော်အဖြစ် လက်တွဲဖို့တော့ တော်တော်စဉ်းစားရမှာပဲ။ ဒီမင်းကျန်စစ်က တရွာလုံးကိုတော့ ခံချမပေးနိုင်ပေါင်။

ချစ်ခဲ့တာထက် သစ္စာရှိစွာနဲ့ တစ်သက်လုံး ခိုင်ခိုင်မြဲမြဲချစ်တတ်မယ့် သူမျိုးလေး ဖြစ်စေချင်တယ်။ သူချစ် ကိုယ်ချစ်ဆိုတာထက် နှစ်ဦးနှစ်ဖက်လုံး အပြစ်မမြင်တမ်း ချစ်ရမယ့် သူမျိုးလေး ဖြစ်စေချင်တယ်။ တစ်ဦးရဲ့ ဝါသနာကို လိုက်မလုပ်နိုင်ရင်တောင် မပိတ်ပင်တတ်တဲ့ သူမျိုးလေး ဖြစ်စေချင်တယ်။ မိဘတွေ အပေါ်လဲ မိဘအရင်းတွေနဲ့မခြား ဆက်ဆံပေးတတ်သူ ဖြစ်စေချင်တယ်။ ဒါတွေ အားလုံးကတော့ တကယ်သာ စိတ်မှာ နှစ်နှစ်ကာကာ ချစ်နေမယ်ဆိုရင် ကျော်လွားနိုင်မယ့် အရာတွေမဟုတ်လား။

နောက်တစ်ချက်ကတော့ မိန်းမ မဆန်လွန်းတဲ့ မိန်းမဖြစ်ရမယ်။ မိန်းကလေးသဘောအရ သဝန်ကြောင်တာမျိုးတော့ မုန်းမိတယ်။ ကိုယ့်ချစ်တဲ့ ကိုယ့်ခင်ပွန်းအပေါ် သဝန်တိုစိတ်လေးနဲ့ စိုးရိမ်တတ်တာကို လက်ခံပါတယ်။ သဝန်တိုတယ်ဆိုတာလေးကတော့ ပျော်စရာလေးပါ။ သဝန်တိုတတ်တဲ့ သူကို စတယ် နောက်တယ် ကောင်မလေးကလည်း စိတ်ကောက်တယ် ချော့တယ်။ ဒါတွေက အိမ်ထောင်ကျပြီးတဲ့ ဘဝလက်တွဲဖော်တွေမှာတောင် ရိုးအီ ပျင်းငွေ့မသွားနိုင်တဲ့ ပျော်စရာ ဆိုးနွဲ့တတ်တဲ့ အလေ့အထလေးပါ။ သဝန်ကြောင်တယ် ဆိုတာကတော့ ဆိုးတယ်။ စိုးရိမ်စိတ်ကြီးတစ်ခုအနေနဲ့ နေရာတကာ ပိတ်ပင်နေမယ်။ တဖက်လူကို စိတ်ကျဉ်းကျပ်စေလာမယ်။ အထင်လွဲမှုတွေ ဖြစ်လာနိုင်တယ်။ ဒါတွေကြောင့် သဝန်တိုတယ်ဆိုတာထက်ပိုတဲ့ သဝန်ကြောင်တတ်တဲ့ သူမျိုးမဖြစ်စေချင်ဘူး။ နောက် မိန်းမဆန်လွန်းစွာ နေရာတကာမှာ တွက်ချက်နေတတ်တဲ့ အတ္တသူမျိုးလဲ မဖြစ်စေချင်ဘူး။ ယူပြီးမှ သိရရင်တော့ အရင်မင်းကျန်စစ်လို လာထား နောက်တစ်ယောက်ပဲ :D

လောင်းကစားလုပ်တတ်သူလဲ မဖြစ်စေချင်ဘူး။ ကျွန်တော်ကိုယ်တိုင် ဘာလောင်းကစားမှ မလုပ်သလို ကျွန်တော့် လက်တွဲဖော်ဖြစ်မယ့်သူကလည်း မလုပ်တဲ့သူ ဖြစ်စေချင်တယ်။ မသေချာတဲ့ အလုပ်တစ်ခုကို ကြုံရင် လုပ်တတ်တာဆိုလို့ အစိုးရထီထိုးတာပဲ ကျွန်တော်လုပ်ဖူးတယ်။ အလုပ်အကိုင်လေး တစ်ခုတော့ လူမြင်တင့်တယ်အောင် ရှိစေချင်တယ်။ ခိုင်းစားဖို့ မဟုတ်ပေမယ့် အိမ်ထောင်မှုကိစ္စမှာတင် နစ်မျောမနေပဲ မောင်တစ်ထမ်း မယ်တစ်ရွက်စိတ်လေးနဲ့ တက်ကြွနေအောင်ပေါ့။ စီးပွားပြိုင်ဖို့တော့ မဟုတ်ပါဘူး။ အသက်အရွယ်ကိုထောက်ပြပြီး အနိုင်ယူတတ်သူမျိုးမဖြစ်စေချင်ပါဘူး။ နှစ်ဦးသား စိတ်တူကိုယ်တူ ထူထောင်ကြတဲ့ ဘဝလက်တွဲဖော်တွေမှာ ဒါမျိုးတွေ ရှိမနေစေချင်ပါဘူး။ စီးတဲ့ရေ ဆည်တဲ့တလဟောတို့ ၊ ဘာတဆင်စာ ညာတဆင်စာ ဝယ်ချင်ရင်တဲ့သူဆိုရင်တော့ သားသားလို ပိုက်ပိုက် မလောက်ငှတဲ့ သူနဲ့တော့ မဖြစ်နိုင်ကြောင်းဗျာ။ ခုတော့ စိတ်ကူးထဲက မှန်းထားတာလေးနဲ့ အားလုံးနီးပါး တူညီတဲ့ သူလေးတစ်ယောက်တော့ တွေ့ထားတယ်ဗျ။ သူငယ်ချင်း အားလုံး စိတ်တူကိုယ်တူလေးနဲ့ ဘဝခရီးကို လက်တွဲပြီး ခေါ်သွားနိုင်မယ့် သူလေးတွေနဲ့ တွေ့ကြုံပါစေဗျာ...

ကဲ.. မလေးမရေ စိတ်ထဲရှိသမျှတော့ အားလုံး ရေးချပြီးပြီ။ ကျေနပ်ပါရဲ့လားဗျာ။
ကျနော် အလုပ်တွေ ရှုပ်ပြီး မရေးဖြစ်တုန်းက လာလည်မြဲ လာလည်နေတဲ့ သူငယ်ချင်း အားလုံးကိုလဲ ကျေးဇူးဗျာ။ ရေးဖြစ်အောင် တိုက်တွန်းအားပေးတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူး။
အသစ်မရေးရင် ညကြရင် ကြောင်ကြီးကိုက်မယ်ဆိုတဲ့ ညီလေး ကြောင်မျိုး
ကဗျာတစ်ပုဒ်နဲ့ အားပေးခဲ့တဲ့ VACANCIES နေရာလွတ်များမှ ကိုတည်ညိမ်းကို
ဘာတွေ ဒီလောက်တောင် ရှုပ်နေလဲလို့ သံသယဝင်နေတဲ့ အိမ်လေး
သားပျောက်လို့ စိတ်ပူနေရရှာတဲ့ အမေစိန်
ခင်ပြီးကာစမှာပဲ အသစ်မဖတ်ရလို့ ပူစာနေတဲ့ ကောင်မလေး
လိပ်တစ်ကောင်ရေထဲရောက်သွားပြီလားလို့ မေးကြတဲ့ သူငယ်ချင်း တင့်ထူးရွှေ မျှားပြာ ဖြိုးငယ် ညိမ်းညို
ငြိမ်လှချည်လားဆိုပြီး ဟိုဘက်ရော ဒီဘက်ရော လာလည်ပြီး လျှာလေး ထုတ်ပြသွားတဲ့ ကိုကြီးစိုးထက်
မွေးနေ့ပွဲလုပ်ပြီးတာနဲ့ ပျောက်သွားကြောင်းပြောခဲ့တဲ့ မဏီ
ဒီအထဲမှာ မပါတဲ့ သူငယ်ချင်းအားလုံးကိုလဲ ကျွန်တော် အရင်လို ပုံမှန် ပြန်ရေးတော့မယ်လို့ တခါတည်း ပြောလိုက်ပါတယ်ဗျာ။

အချစ်ကို မယုံမရဲ ဖြစ်နေရတဲ့ အမေစိန် (ပန်းခရေ)ရဲ့ ရင်ထဲက ဘဝလက်တွဲဖော်လေး ကလည်း ဘယ်လိုများ ရှိလေမလဲ သိချင်စမ်းပါဘိ။ ရေးပေးနော့။

ဘဝကို အရောင်တင်ဖို့

ကျောင်းအားရက်မို့ ပို့စ်ကောင်းကောင်းလေး ရေးချင်တာနဲ့ သိသမျှအကြောင်းလေးတွေကို ဒသနဆန်ဆန်လေး ရေးလိုက်ပါတယ်ဗျာ။

အမြင်ဝေး၍ ခရီးဝေးသည့် တောင်
အပင်ကြီး၍ အသီးသေးသည့် ညောင်။

မြန်မာဆိုရိုးစကားပုံတစ်ခု ကြားဖူးမှာပေါ့။ ညောင်ပင်ဆိုတာ အရွယ်အစား တော်တော် ကြီးမားကြတာ သူငယ်ချင်းတို့လဲ သိမှာပေါ့။ ဒါပေမယ့် ညောင်သီးဆိုတာကတော့ လက်သည်းခွံ အရွယ်အစားလောက်ပဲ ရှိတာဗျ။ အပင်ကြီိးသလောက် အသီးသေးပါရဲ့။ ညောင်သီးထဲက အစေ့ကိုရော တွေ့ဖူးရဲ့လား။ နှမ်းစေ့ထက်တောင် သေးသေးတယ်လေ။ ဘိန်းစေ့ ၊ မုန်ညင်းစေ့လောက်ပဲ ရှိလေရဲ့။

ညောင်စေ့လောက်လျှူရင် ညောင်ပင်ကြီးလောက် ကုသိုလ်ရသတဲ့။ ဒါနရဲ့ အကျိုးက ဒီလိုဆတိုး ကောင်းကျိုးပေးတတ်ပါတယ်။ မှုန်မှုန်သေးသေး ပိစိညှောက်တောက် ညောင်စေ့လေးထဲမှာ ညောင်ပင်ကြီး တစ်ပင်အဖြစ် အမြစ်တွယ်ပြီး ပေါ်ပေါက်လာနိုင်တဲ့ ဗီဇနိယာမ စွမ်းအားသတ္တိတွေ ပါဝင်နေတယ်ဆိုတာ အကြောင်းအကျိုး ဆက်စပ်ပြီး တွေးကြည့်ရင် ညောင်ပင်ဖြစ်လာနိုင်တဲ့ မျိုးစေ့ဗီဇ စွမ်းအားသတ္တိ ရှိပြီးသားမို့ အချိန်ကာလ တခုသာပေးရင် သက်သေပြနိုင်လောက်ပြီပေါ့။

အလားတူပါပဲ။ လူတိုင်းရဲ့ ကိုယ်ထဲမှာ အောင်မြင်နိုင်စွမ်းရှိတဲ့ စွမ်းရည်သတ္တိတွေ ၊ အရည်အချင်းတွေ ၊ ထိုးထွင်းသိမြင်မှုတွေ ၊ တီထွင်ဖန်တီးနိုင်မှုတွေ ၊ အဆပေါင်းများစွာ ကြီးမားလာနိုင်တဲ့ အားအင်တွေ အများကြီး သိုလှောင်သိမ်းဆည်းထားပါတယ်။ လူပေါင်းများစွာဟာ ဒါကိုသတိမပြုမိဘဲ သေဆုံးသွားကြလို့သာလျှင် ဒီစွမ်းအင်တွေဟာ လူနဲ့အတူ မြေကြီးအောက်ကို အတူတကွ ရောက်ရှိသွားကြပြီး ဘာမှ ဖော်ထုတ်ပြသခွင့် မရလိုက်ကြတာပါ။

အောင်မြင်မှုတွေ ကြီးမားစွာ ရရှိနေကြတဲ့သူတွေဟာ ဘယ်နတ်ဒေဝါတွေကမှ မ စ လို့ မဟုတ်ကြသလို စူပါမင်းတွေ ၊ ပင့်ကူလူသားတွေလို စွမ်းအားစွမ်းအင် ထူးခြားဆန်း ကြယ်လှပါတယ်ဆိုတဲ့ ရုပ်ရှင်ဇတ်ကောင်တွေတောင်မှ ဘယ်မှော်ဆရာကမှ ဖန်ဆင်းတာ မဟုတ်ပါဘူး။ လူသားရဲ့ ဦးနှောက်ထဲက မွေးထုတ်လိုက်တဲ့ ဇတ်ရုပ်တွေပဲ မဟုတ်လား။ လူတွေ လုပ်တာပါပဲ။

လူတစ်ယောက်ဟာ မိမိကိုယ်ကို ယုံကြည်မှု ၊ အထင်ကြီး လေးစားမှု ၊ ဂုဏ်သိက္ခာပြည့်ဝ သူအနေနဲ့ ရိုသေဖို့တော့ အမှန်တကယ် လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ် တွေးထင်ထားတဲ့ အတိုင်း အမှန်တကယ် လိုက်ပါလုပ်ဆောင်ရင် ဖြစ်လာနိုင်တယ်။ အကုသိုလ် ဒုစရိုက်တရားတွေက ဘယ်လိုပဲ ဖြားယောင်းသွေးဆောင် စေကာမူ မလိုက်ပါ ၊ မနစ်မွန်းဘူး ငါဟာဖြူစင်တဲ့သီလ (အကျင့်စာရိတ္တ) ဂုဏ်ကို စောင့်ထိန်းနိုင်သူလို့ မှတ်ယူပြီး ရှောင်ကျဉ်နိုင်သူတွေဟာ အမှောင်မှ အလင်း ၊ အလင်းမှ ပို၍ လင်းရာဆီသို့ လျှောက်လှမ်း နိုင်ကြမှာပါ။ ဟီရိ သြတ္တပ လောကပါလ တရားနှစ်ပါးနဲ့ မိမိစိတ်ကို စောင့်ထိန်းတဲ့ လူစားမျိုးဟာ ဘယ်လိုပင် ဆွဲဆောင် ဖျက်ဆီးပါစေ မပျက်စီးနိုင်ပါဘူး။

တိုးတက်ဖို့အတွက် အကျိုးပြုနိုင်တဲ့ အခွင့်အလမ်းတွေဟာ လူတယောက်ရဲ့ ကိုယ်တွင်းမှာပဲ ရှိတယ်ပေါ့။ ကျွန်တော် ကြားဖူးတဲ့ မိမိကိုယ်ကို မြင့်မားအောင် ကျင့်သုံးတဲ့ နည်းကတော့ (၁) မကောင်းမှုရှောင် (၂) ကောင်းမှုဆောင် (၃) ဖြူအောင် စိတ်ကိုထား ဆိုတာလေးပေါ့။