ဟိုတခါတုန်းက တက်တာတွေ ခေတ်စားလိုက်တုန်းက ဘလော့တွေမှာ ပြဿနာ နည်းနည်းဖြစ်ပြီးကတည်းက တက်တာတွေ ရပ်သွားလိုက်တာ ခုပြန်ပေါ်လာပြန်ပီပေါ့။ ရှေ့တစ်လကျော်လောက်ကတည်းက မအားဖြစ်လို့ ဘလော့ကို ပစ်ထားမိတာ တက်ကြွေးရေးပေးဖို့လဲ တော်တော်ကို နောက်ကျသွားတယ်။ နောက် - မွေးနေ့တုန်းကလဲ ပွဲလုပ်ပေမယ့် ဘာမှမရေးဖြစ်တာ ဘာရယ်မဟုတ်ပါဘူး မအားတာရယ် နောက် ဘလော့ဘက်မှာ ကွာနေတာကြာပြီး ခုရက်မှ ထမရေးတယ်ဖြစ်မှာ စိုးလို့ပါ။ သိသွားလို့ လာနှုတ်ဆက်ပေးကြတဲ့ သူငယ်ချင်းအားလုံးကို အားနာနာနဲ့ ကျေးဇူးတင်မိပါတယ်။ ကဲ ... တက်ဂိမ်းစလိုက်တဲ့ မီးငယ် နဲ့ ဘော့ဒကာကြိမ်း ကြိမ်းနေတဲ့ မောင်ငယ် ရေ .... စပြီကွ။
နာမည် -------- မင်းကျန်စစ် (ဘာလို့ ပေးမိလိုက်လဲတော့ နောက်မှ ရေးတော့မယ်)
သူငယ်ချင်းတွေက ဒီလိုခေါ်ကြတယ် ------- ကျန်စစ် ၊ ကျန်ရစ် ၊ ကြံဆစ် ၊ မောင်ကျန် ၊ ကိုကျန် ၊ ဆြာကျန် ၊ ကျန်ကျောင်း ၊ ကြံဖတ်ပုတ် (ကြယ်စင်နတ်သမီး) ၊ သား (ပန်းခရေ) ၊ ညီတော် (အညာသား) ၊ နယ်တား (ကိုရင်ညိန်း) ၊ ဖွားဘက်တော်အကို (Dream)
ဒီမှာနေတယ် -------- ကုတင် စားပွဲနဲ့ ဘီဒိုသေးသေးလေးသာ ပိုင်ဆိုင်ပြီး ရေနံမြေ လုပ်သားတန်းလျားလို နေရာမလောက်မငလေးသာရှိတဲ့ အခန်းကျဉ်းလေး
ဖုန်းဆက်ချင်ရင် -------- နံပါတ်နှိပ်ပေါ့
အကြိုက်ဆုံးတွေက
အရောင်ဆိုရင် ----------- Skyblue
အဝတ်အစားဆိုရင် ----------- ခွေးမကိုက် ၊ ကျွဲမခွေ့ခံရရင်ပြီးရော (ဘာဝတ်ဝတ် လိုက်နေတော့လဲ ပြောစရာလိုတော့ဘူးပေါ့လေ ) တခါတလေကျ ၁၂ နှစ်သားစတိုင် ၊ တခါတလေကျ တရားစခန်းဝင်မယ့် အဖိုးကြီးပုံ ၊ တခါတလေကျ လုပ်ငန်းရှင်စတိုင် (အလုပ်လုပ်ရင်း ငန်းတာမဟုတ်ပါ)
အစားအစာဆိုရင် ---------- လူစားတာမှန်သမျှ (နတ်အတွက်လည်းမရှောင် ၊ ကားအတွက်လည်း မရှောင် ဘယ်သူ့အတွက် ဘာအတွက်မှကို မရှောင်ဘူး။ ဧည့်သည်လုပ်ရင်လည်း အိမ်ရှင် ရွေးချက်နေရမှာ အားနာလို့)
ပစ္စည်းဆိုရင် ---------- အီလက်ထရောနစ်အသုံးအဆောင်
သီချင်းဆိုရင် ----------- ခွေးအော် ဝက်အော် ဒါမှမဟုတ် အီလေးဆွဲမနေရင် အားလုံးနားထောင်တယ်
စာရေးဆရာဆိုရင် ------------ ဟာသနဲ့ ဖော်ကျူးတဲ့အချစ်ဇတ်လမ်းများရေးသော နီကိုရဲ ၊ အတွေးအခေါ်ပါတဲ့ ဇတ်လမ်းများရေးသော တာယာမင်းဝေ ၊ မောင်လှမျိုး (ချင်းချောင်းခြံ) (ကြိုက်မုန်းစာရေးဆရာကြီး - ဖတ်လို့ကောင်းပြီး နောက်ဆုံး မရ ရအောင် ခွဲကိုခွဲတဲ့လူကြီး)
စာအုပ်ဆိုရင် ---------- ဖေဖေရဲ့ လက်ဆင့်ကမ်းအမွေစာအုပ်များ
Life Style ------------ ဘိုသီဘတ်သီ ဖိုးသိုးဖတ်သတ် ဖတ်သိုးဖတ်သီ
ဝါသနာ ---------- မသိသေးတာ တစ်ခုခုကို ကလိနေချင်တာ
အလိုချင်ဆုံးလက်ဆောင် ----------- ရင်းနှီးကျွမ်းဝင်မှု
အချစ်ဆုံး အလေးအထားဆုံးသူက ----------- မိဘနှစ်ပါး
အမုန်းဆုံးလူ -------- ပူစာလွန်း ထိမ်းချုပ်ဖို့တော်တော်ခက်လွန်းတဲ့ ကိုယ့်ကိုယ်ကို
အခင်ဆုံးသူငယ်ချင်းက --------- အညာသားလေး
ရင်အခုန်ဆုံးအချိန် ------------- ပြေးတဲ့အချိန်
အကြောက်ဆုံးအချိန် ------------- ကျောင်းနောက်ကျနေတုန်း ဓါတ်လှေကားပျက်တဲ့အချိန်
အချစ်ဆိုတာ -------- ပေါက်လုပ်ပဲစား သီအိုရီတွေ ၊ ကမြောက်ကချောက် ဖော်မြူလာတွေ ၊ ကဗျစ်ကညစ် ဒဿနတွေ ဖောင်းပွဲလာအောင် လုပ်တဲ့ တရားခံ
အမုန်းဆိုတာ ----------- ပါးရိုက်ခံရမယ့် အဓိက အကြောင်းရင်း
အလွမ်းဆိုတာ ----------- မင်းသမီးတွေ ပရုတ်ဆီသုံးဖို့လိုတဲ့ အကြောင်းရင်း
ဘဝဆိုတာ --------- လုံးလည် ချာလည်ကြီး
သူငယ်ချင်းဆိုတာ ------------ ညီအကို မောင်နှမမရှိတဲ့ ကျနော့်အတွက် အဓိက အဖော်မွန်
ချစ်သူဆိုတာ ----------- ချစ်ဖို့နဲ့ ရန်ဖြစ်ဖို့
ကိုယ်ကိုယ်ကိုထင်တာ ---------- ဥစ္စချော ရုပ်ပေါ
အပြောချင်ဆုံးစကား -------------- ဗိုက်ဆာပြီ။
ကိုယ့်ကိုယ်ကိုဖော် မသူတော်
Posted by မင်းကျန်စစ်။ at 4:02 AM 13 comments
Labels: သူငယ်ချင်းတို့ တက်သမျှ, ဟာသ
ထားဝယ်သားရယ်...
ထားဝယ်သား သူငယ်ချင်းတစ်ယောက် အိပ်သို့လာလည်သောအခိုက် ...
“အောင်ကျော်ထွင်းရာ ...... မင်းအတွက် ထားဝယ်ကနေ ပုဆိုး ခွင်နထည် ဝယ်လာတာ တစ်ထည်က တွင့်ကျေနေလို့ မီးပူထိုးလိုက်တာ မီးကျွင်းသွားလို့ ခြောက်ထည်ပဲ ပါလာရ တော့တယ်”
အောင်ကျော်ထွန်းက လဖက်သုတ်စားနေရင်း နားလည်အောင် မနည်းနားထောင်နေ၏။
“အောင်ကျော်ထွင်းရာ ဧည့်သည်ကို ဧည့်ခံတဲ့ လဖက်သုတ် မင်းပဲစားနေတယ်။ ငါ့လဲ ဇွင်းပေးပါအုံးကွ”
“မင်းစကားနားထောင်ရတာလဲ မျက်စိလည်လိုက်တာကွာ။ ဇွန်းတော့ ပီအောင်ပြောပါဟ။”
“ထားဝယ်သား ထားဝယ်သံပဲ ထွက်မှာပေါ့ အောင်ကျော်ထွင်းရ”
“မြန်မာလို မပီရင် အင်္ဂလိပ်လို ပြောကွာ။ ပီအောင် ပြောနိုင်မှ ပေးမယ်”
“စပွင်းးးးး”
တက္ကသိုလ်တက်တုန်းက ထားဝယ်သားတွေကို နောက်ခဲ့တာကို သတိရလို့ ပြန်ရေးမိတာဗျာ။ ထားဝယ်သားတွေ လာဖတ်မိရင် ခွင့်လွှင့်ပေးကြပါ
Posted by မင်းကျန်စစ်။ at 4:16 PM 19 comments
Labels: ဟာသ
ကျွန်မသိပြီ
ဂီတပညာရှင်ကြီး မစ္စတာထင်ပေါ် နှင့် မစ္စစ်ထင်ပေါ်တို့၏ အိမ်ထောင်သက် အနှစ် လေးဆယ်ပြည့် မင်္ဂလာပွဲသို့ မစ္စတာ ထုံပေတို့ ဇနီးမောင်နှံလာရောက်ကြသည်။ ဧည့်ခံပွဲတွင် စားသောက်ကြပြီးနောက် မစ္စတာထုံပေမှာ အတော်လေး မူးနေပြီဖြစ်သည်။ အပေါ့သွားချင် သဖြင့် မစ္စတာ ထင်ပေါ်အား ရေအိမ်ရှိရာကို မေးမြန်းပြီး တယိမ်းတယိုင်ဖြင့် သွားခဲ့ရသည်။
ဧည့်ခံပွဲမှ အပြန်တွင် မစ္စတာထုံပေက သူ့၏ဇနီး မစ္စစ်ထုံပေအား
“ထင်ပေါ်တို့ ချမ်းသာလိုက်ပုံများ ဆီးသွားတဲ့ခွက်ကိုတောင် ရွှေနဲ့ လုပ်ထားတယ်ကွာ။ အံ့ရောပဲ”
“ဟုတ်ပမလားရှင်…။ ရှင်မူးနေခဲ့လို့ အမြင်မှားတာ နေမှာပါ။ ကျွန်မတော့ မယုံဘူး”
“ငါ အဲလောက်မမူးပါဘူးကွ။ သေချာပါတယ်။ ရွှေမှ ရွှေအစစ် ပြောင်လက်နေတာပဲ။ မယုံရင် မနက်ဖန် မစ္စစ်ထင်ပေါ်ကို မေးကြည့်ပေါ့”
မနက်ဖြန် နံနက်တွင် မစ္စစ်ထုံပေမှ မစ္စစ်ထင်ပေါ်အား ဖုန်းဆက်ပြီး မေးမြန်းရာ
“ဟဲလို မစ္စစ်ထင်ပေါ်။ ရှင်တို့ အိမ်မှာ ဆီးသွားတဲ့ခွက်ကိုတောင် ရွှေနဲ့ လုပ်ထားတယ်လို့ ကျွန်မယောက်ျားက ပြောနေလို့ အဲဒါဟုတ်လားဟင်”
မစ္စစ်ထင်ပေါ်ထံမှ အဖြေစကားထွက်မလာသေးခင် မစ္စတာထင်ပေါ်ထံသို့ လှမ်းပြောလိုက် သော စကားသံထွက်လာသည်။
“ယောင်္ကျားရေ ညက ရှင့်ဆိုက်ဆိုဖုန်းကြီးထဲကို ဆီးသွားခဲ့တဲ့ တရားခံကို ကျွန်မသိပြီရှင့် ! ”
Posted by မင်းကျန်စစ်။ at 5:47 PM 7 comments
Labels: ဟာသ
သူမနဲ့ အဟောင်းများ
ချစ်သူ !
ခေတ်ရေစီးအလိုက် ဖို့ရို့ဖားယားဝတ်တတ်တဲ့ငါ့ကို
မျက်လုံးအဟောင်းကြီးနဲ့ကြည့်ပြီး
လမ်းသရဲလို့ မတင်စားလိုက်ပါနဲ့
ရက်ပ်ပါတိုင်း ဒီလိုဝတ်တတ်ကြတယ်လေ။
လူတွေ့တိုင်းချစ်စကားအမြဲလိုက်ပြောတတ်တဲ့ငါ့ကို
နားအဟောင်းကြီးနဲ့ နားထောင်ပြီး
နှောင့်ယှက်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့
မတွေ့ပဲပြောနိုင်မယ့် ဖုန်းနံပါတ်မှ မပေးပဲ။
အရင်က ရည်းစားများခဲ့ရတဲ့ ငါ့အချစ်ကို
အတွေးဟောင်းတွေနဲ့ တွေးပြီး
ပွေတယ်လို့ မစွပ်စွဲလိုက်ပါနဲ့
စမ်းသပ်မှုတွေပြီးမှ ကုန်ပစ္စည်းထွက်တာလေ။
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့
ဆိုရိုးအဟောင်းကြီးကို လိုက်နာပြီး
ငါ့အပြင်တခြားလူမထားလိုက်ပါနဲ့
ဆရာဝန်ကမှာထားတာ ငါ့မှာအူတိုရောဂါရှိတယ်တဲ့။
မင်းရင်ထဲမှာ ငါရှိနေရက်နဲ့
အစဉ်အလာဟောင်းကြီးတွေ နားယောင်ပြီး
သုံးနှစ်သုံးမိုးတော့ မစောင့်ခိုင်းလိုက်ပါနဲ့
အူဝဲတောင်မှ သုံးမိနစ်ပဲစောင့် တဲ့ …
Posted by မင်းကျန်စစ်။ at 9:42 PM 34 comments
မန်းနေးဂျင်းသို့ ...
သို့ /
မန်နေးဂျင်း ဒါရိုက်တာ (သို့) ဘော့စ်
အကြောင်းအရာ။ ။ လစာမဲ့ခွင့် ခံစားခွင့်တောင်းခံခြင်း။
ကျွန်တော် အနုပညာ ဖြန့်ဖြူးရေး ကိုယ်စားလှယ် ကိုကျန်သည် ယခုရက်ပိုင်းအတွင်း ဇနီးသည် မပရိုဂရမ်မှာ ကိုယ်ဝန်အရင့်အမာ ဖြစ်နေသည်ကတစ်ကြောင်း ၊ သမီးငယ် သီအိုရီ၏ ကျန်းမာရေး အခြေအနေ မကောင်းသည်ကတစ်ကြောင်း ၊ ( 0 နှင့် 1 ) နှစ်လုံးတည်းသာသိကာ ဥာဏ်ရည်မမှီဖြစ်နေသော သားကြီး မောင်ဒစ်ဂျစ်တယ်ကို သွန်သင်ဖြောင့်ဖြပေးနေရသည်ကတစ်ကြောင်း ထိုသို့သော အကြောင်းကြောင်းများကြောင့် ရုံးတက်ချိန်မမှန် ၊ စာရင်းစစ်များ လာသော်လည်း စာရင်းရှင်းတမ်းများ ထုတ်မပေးနိုင် ၊ နယ်လက်ခွဲများလို့ ဖြန့်ဖြူးရာတွင်လည်း လစ်ဟင်းနှောင့်နှေးခဲ့သည်များကြောင့် ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာ ယုတ်လျော့ခဲ့ရသည်။ မန်းနေးဂျင်းတို့၏ နားလည် ခွင့်လွှတ်ပေးမှုများကြောင့်သာ အရေးယူခြင်း မခံရသည်ကိုလဲ ကျေးဇူးများစွာ တင်ရှိပါသည်။
ယခုရက်များအတွင်း ကုမ္ပဏီတွင် အလုပ်တက်နေသော်လည်း လုပ်ငန်းတာဝန်များ လစ်ဟင်းနေနိုင်သည့်အတွက် ဇနီးသည် မပရိုဂရမ်နှင့် နှစ်ကိုယ်တူ ကျိုးကျိုစားစား ရယူခဲ့သော ကိုယ်ဝန်လေးကို မွေးဖွားပြီးချိန် ၊ သမီးငယ် သီအိုရီ၏ ကျန်းမာရေး ကောင်းမည့်အချိန် ၊ သားကြီး ဒစ်ဂျစ်တယ်၏ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာမည့် အချိန်လေးအထိ လစာမဲ့ခွင့် ခံစားခွင့်ပေးပါရန် လေးစားစွာဖြင့် တောင်းခံအပ်ပါသည်။
ရုံးမတက်နိုင် ၊ ဖြန့်ဖြူးရေး မလုပ်နိုင်သေးသော်လည်း ကုမ္ပဏီ၏ ဝန်ထမ်းကောင်းပီသစွာဖြင့် ပြင်ပဈေးကွက် အခြေအနေကိုတော့ လိုက်လံစုံစမ်းပေးနေမည်ဖြစ်ကြောင်းပါ အသိပေးအပ် ပါသည်။
ကိုကျန်
အနုပညာ ဖြန့်ဖြူးရေး ကိုယ်စားလှယ်





























Posted by မင်းကျန်စစ်။ at 2:46 AM 19 comments
Labels: ဟာသ
ကဲ ဘယ်လိုလူစားမျိုးလဲ
ယဉ်ကျေးသူ - အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟု ပြောပြီး အီးပေါက်ပြီးသောအခါ “ဆောရီး” ဟု ပြောတတ်သူ
မရိုးသားသူ - ကိုယ်က အီးပေါက်သော်လည်း ဝန်မခံပဲ “ကျွန်တော့်ခွေးလက်ချက်ပေါ့” ဟု လွှဲချတတ်သူ
မိုက်မဲသူ - အီးပေါက်ချင်သော်လည်း မပေါက်ပဲ အတင်းအောင့်ထားတတ်သူ
ဗဟုသုတကြွှယ်ဝသူ - ဘယ်အချိန် ဘယ်နေရာမှာ အီးပေါက်ရမလဲ သိတတ်သူ
ဒုက္ခရောက်နေသူ - အီးအလွန်ပေါက်ချင်သော်လည်း အီးပေါက်ရန် ဘယ်လိုမှ ကြိုးစား၍ မရသူ
လျှို့ဝှက်တတ်သူ - လက်သည်မပေါ်အောင် (သို့မဟုတ်) သူ့လက်ချက်မှန်း ဘယ်သူမှ မသိအောင် အီးပေါက်သူ
ကြွားဝါသူ - အီးပေါက်နိုင်ခြင်းနှင့် ပတ်သက်၍ ဂုဏ်ယူနေတတ်သူ
နှိပ်စက်တတ်သူ - လူများသော နေရာတွင်မှ ရွေးပြီး အီးပေါက်တတ်သူ
သိပ္ပံပညာရှင် - အီးပေါက်ပြီးလျှင် လေထုညစ်ညမ်းမှာကို စိုးရိမ်နေတတ်သူ
ရှက်တတ်သူ - အီးပေါက်ပြီးလျှင် မနေတတ် မထိုင်တတ်နှင့် မျက်နှာတစ်ခုလုံး နီရဲနေတတ်သူ
အကြံပိုင်သူ - အီးပေါက်သံကို မကြားအောင် အသံအကျယ်ကြီး စကားပြောပြီး ရယ်မောပြတတ်သူ
အလွန်တုံးပြီး အသုံးမကျသူ - အီးပေါက်ပြီးသည်နှင့် ကိုယ်ထဲက လေတွေ လျော့သွားပြီ အထင်နဲ့ ပြန်မျှတအောင် လေကို တဝကြီး ပြန်ရှုသွင်းတတ်သူ
ကပ်စေးနဲသူ - အီးကို အကုန်မပေါက်ပဲ ချန်ထားတတ်သူ
အတ္တကြီးသူ - ငါ့အီးက မနံဘူးဟု ယုံကြည်နေတတ်သူ
အပေါင်းအဖော်မက်သူ - သူငယ်ချင်းများစုပြီး အီးအပေါက်ပြိုင်နေတတ်သူ
သီးသန့်ဆန်သူ - ဆိတ်ကွယ်ရာသို့သွားပြီးမှ အီးပေါက်တတ်သူ
ရေကိုချစ်သူ - ရေကူးကန် ၊ ရေချိုးဇလုံထဲတွင် ရေချိုးသန့်စင်ရင်း အီးပေါက်သူ
သန်စွမ်းသူ - အင်အား မစိုက်ထုတ်ရပဲ အီးပေါက်နိုင်သူ
ရိုးသားသူ - အီးပေါက်ကြောင်း ဝန်ခံသူ
အာရုံစူးစိုက်သူ - အသံကြားရုံနှင့် ဘယ်သူအီးပေါက်တာဟု ဖော်ထုတ်နိုင်သူ
ကံဆိုးသူ - အီးပေါက်ရန်ကြိုးစားရာမှ အီအီးထွက်သွားသူ
ကဲ စာဖတ်သူများလဲ ဘယ်လိုလူဖြစ်သလဲဆိုတာ ကွန်မက်မှာ ရေးပေးသွား

Posted by မင်းကျန်စစ်။ at 11:54 PM 16 comments
Labels: ဟာသ
ချစ်သူများနေ့အတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ
မနေ့က မနက် နိုးနိုးချင်းပဲ (နိုးနိုးချင်းဆိုတာကလဲ နေ့လည် ၂ နာရီ ) ညီလေး သားဖြိုးက ချစ်သူများနေ့အတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ ဂိမ်းပွဲလေး တစ်ခုလုပ်ဖို့ ပြောလာတယ်။ ဘလော့ဂါတွေမှာ ချစ်တဲ့ ကောင်မလေးတွေနဲ့ ထပ်တူ ချစ်ရတဲ့ ကိုယ့်ဘလော့လေးနဲ့ ပတ်သက်ပြီး ပြိုင်ကြမယ့် ကစားပွဲလေး တစ်ခုပါ။ အကြောင်းအရာလေးတွေနဲ့ စည်းကမ်းချက်လေးတွေပါ သတ်မှတ်ထားလေရဲ့။ ဖတ်ကြည့်လိုက်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါနဲ့ပဲ ညီလေးက တခြား ဘလော့ဂါတွေဆီလဲ မေးလ်ပို့ပြီး ကစားပွဲလေးကို ဖတ်ဖို့ ပြောတာနဲ့ အသိအားလုံးဆီ မေးလ်ပို့ခဲ့တယ်။ အွန်လိုင်း ရှိသမျှ သူငယ်ချင်းတွေကိုလဲ ချက်ချင်း ဖိတ်ခဲ့တယ်။ တစ်နေ့လုံး လူရော လက်ရော ဦးနှောက်ကော နားကို မနားလိုက်ရဘူး။ အကြောင်းအရာနဲ့ စည်းကမ်းချက်လေးတွေကို နားမရှင်းတဲ့ တချို့က ပြန်မေးနေတာနဲ့ ထိုင်ရှင်းပြနေရတာလေ။ ဒါကြောင့် ကျနော်ကိုယ်တိုင် ဘာမှ ကောင်းကောင်း မရေးလိုက်နိုင်ခဲ့ဘူး။ (ဒါကြောင့် ဆုမရတာလို့ ပြောလို့ရအောင် ကြိုရှင်းထားတာ ဟတ်ဟတ်)။ ကစားပွဲလေး လုပ်ရခြင်းရဲ့ အကြောင်းရင်းလေးကတော့
(၁) ဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။
(၂) ခုလိုပျော်ပွဲလေးတစ်ခု လုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။
(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့် အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်... အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ... ဒါကြောင့် ဘလော့ဒ်ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို ဘာလက်ဆောင်များ ပေးကြမလဲဆိုတဲ့ စိတ်ကလေးကနေ စတင် ဖြစ်ပေါ်လာတဲ့ ကစားပွဲလေးပါ။
စည်းကမ်းချက်လေးတွေကတော့ သက်ဆိုင်တဲ့ ခေါင်းစဉ်အောက်မှာ နာမည်တစ်လုံးနဲ့ စာတကြောင်းပဲ ရတယ်တဲ့။
ဆုကတော့ အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမဆု ရရှိသူကို ညီလေးသားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ် သူကြိုက်တဲ့ (ကောင်လေး (သို့) ကောင်မလေး) နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်တဲ့။
ကစားနည်းလေးတွေကတော့
(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့် စာသားလေး အဖြစ်ပြောင်းရမယ်တဲ့..
ကျနော် ရေးပေးလိုက်တာကတော့
“မင်း”အတွက် ဆိုရင် တပါးသူအတွက် မ“ကျန်”တော့လောက်အောင်အထိ “စစ်”မှန်တဲ့ ချစ်ခြင်း“ရဲ့” ပျော်ရွှင်ခြင်း “ရသ”ကိုပဲ ပေးစွမ်းရင်း “ကမ္ဘာ”ငယ်လေးတစ်ခု တည်ထောင်ချင်မိတယ်…
(၂) ချစ်သူ့ အခေါ်ဝေါ်လေး။ ဒါကိုတော့ ချစ်တဲ့သူကို ခေါ်တာဖြစ်ဖြစ် ချစ်တဲ့သူက ခေါ်တာ ဖြစ်ဖြစ် စိတ်ကြိုက်ရေးနိုင်ပါတယ်တဲ့။
ကျနော် ရေးလိုက်တာကတော့
ပုဂံသမိုင်းမှာ တွင်“ကျန်”ရစ်တဲ့ ဟို“စစ်”သားကြီးလို ရဲဝံ့တည်ကြည်တဲ့ ငါ့ကို “မင်း”ခေါ်လိုက်စမ်းတော့ မောင်ကြီးရေ….. လို့
(၃) ချစ်သူ့လက်ဆောင်။
လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။ ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။ တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့ ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။ ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်ရမယ်တဲ့လေ…
ကျနော် ရေးလိုက်တာကတော့
တစ်ခုတည်းသော ရင်ခုန်သံနဲ့
နှစ်ယောက်တစ်ဘဝပေါင်းစပ်ဖို့
သုံးစွဲလိုက်တဲ့ နှလုံးသားကိုအရင်းတည်
လေးနက်စွာနဲ့
ငါးရာနှစ်ဆယ့်ရှစ်ထက် ကျော်မိတာမင်းအတွက်
ခြောက်ခြားစရာတွေ ဖြစ်စေခဲ့သလား
ခွန်အားပြည့်ချစ်ခြင်းတွေနဲ့
ရှစ်ခွင်နယ်တစ်ခုလုံးမှာ
ကိုးစားယုံကြည်ရဆုံး ငါ့အချစ်တွေကို
ဆယ်ယူထွေးပွေ့လိုက်တော့ကွယ်…
ဒီကစားပွဲလေးကြောင့် အရင်နှစ်တွေနဲ့ မတူပဲ စာကြောင်းတွေအတွက် စဉ်းစား အကြံထုတ်ရင်း ပျော်ရွှင် ကြည်နူးမှုတွေနဲ့ အတူ ချစ်သူများနေ့လေးကို ပိုပြီး အမှတ်တရ ရှိနေစေခဲ့တယ်ဗျာ...
Posted by မင်းကျန်စစ်။ at 5:15 AM 6 comments
ဪ် အမေ အမေ
သားကို မမွေးပေမယ့် ခုချိန်ထိ လူလားမြောက်အောင် ကျွေးလဲကျွေး တိုက်လဲတိုက်ခဲ့တဲ့ အမေစိန်ရေ ... ခုဆိုရင် အသက် ၂၃ နှစ်တောင် ပြည့်ခဲ့ပြီနော် :P သားလေ... အမေ့မွေးနေ့ကို နိုးနိုးချင်း ဆုတောင်းပေးခဲ့ပေမယ့် အမေ့အတွက်တော့ သားရဲ့ ဆုတောင်းသံက အရင်ဆုံး မဖြစ်ခဲ့ရတဲ့အတွက်တော့ ချိတ်မတောင်းဘူး။ ဒါပေမယ့် သူများနဲ့ မတူတဲ့ မွေးနေ့လက်ဆောင်ပေးပြီး ဆုတောင်းပေးခဲ့တဲ့အတွက်တော့ ကျေနပ်ပါတယ်လို့ ပြောလို့ သားစိတ်တွေ လျှော့နိုင်ခဲ့တာ အမေ။ သားကို အလိုလိုက်ပြီး ကျွေးမွေးပြုစုခဲ့တာတွေအတွက်လဲ ကြည်နူးမိတယ် အမေ။ ချွေးမလေးကိုလဲ သားနဲ့မခြား အချစ်တွေ ပေးနိုင်တဲ့အတွက် အမေ့ကို ကျေးဇူးတင်နေမြဲပါ။ သားမျှော်လင့်တာတွေ နောင်တချိန်မှာ တကယ်ရှိလာရင်လေ အမေ့ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လိုပဲ သားဆိုးနွဲ့ချင်သေးတယ် အမေရယ်... ခွီး
ရေးရင်နဲ့ စိတ်မထိမ်းနိုင်ယုံမကပဲ ဖွားဘက်တော်ကိုပါ မထိမ်းနိုင်လို့ ရေအိမ်ကို အတင်းပြေးလိုက်ရသေးတယ်။ အပေါ်မှာ နောက်ထားတာတွေကို မျက်စိလည်မနေနဲ့အုံးနော်။ ကျွန်တော့် သူငယ်ချင်း ပန်းခရေ ( တဖြစ်လဲ စိန်မမ ) ရဲ့ မွေးနေ့ပွဲ အမှတ်တရ ပျော်ရွှင်စရာလေး ရေးလိုက်တာပါ။ သူငယ်ချင်းရေ အသက် ၂၃ ပြည့်ပြီဆိုတော့ အပျိုလတ် စာရင်းဝင်နေပြီနော်။ အပျိုကြီး စာရင်းမဝင်ခင် မတိမ်းမစောင်း ဗိမ်းမောင်းလေး လုပ်တော့ဟ။ ဒီနေ့ နင့်မွေးနေ့မှာ ပါဝင်ခွင့်ရတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ရလို့ အရမ်းပျော်တယ်ဟာ။ နင်ပျော်နေတာတွေကိုလဲ ငါခံစားနားလည်ခဲ့ရတယ်။ နောင်နှစ်တိုင်းမှာလဲ အမြဲပျော်ရွှင်နိုငဖို့ ဆုတောင်းနေမြဲပါဟာ။ ဒီနှစ်အတွက် ဆုတောင်းကတော့
(၁) အလုပ်မလုပ်ပဲ ချမ်းသာပါစေ
(၂) ထီမထိုးပဲ ပေါက်မယ့်ထီလက်မှတ် ကောက်ရပါစေ
(၃) နောင်ဘဝမှာ လူပျိုတိုင်းကြိုက်တဲ့ ဘီယာဖြစ်ပါစေ
(၄) အသက်ဘယ်လောက်ကြီးကြီး စိတ်အို ကိုယ်နုလေး ဖြစ်ပါစေ
(၅) အလိမ္မာလေးနောက်ကို အိမ်ပါနိုင်ပါစေ
(၆) အမြန်ဆုံး သားသမီးလေးတွေ မေတ္တာအပြည့်နဲ့ စောင့်ရှောက်နိုင်တဲ့ မိခင်ဖြစ်ပါစေ ကွယ်...(အရင် ရေးခဲ့တဲ့ ပို့စ်ကို ကြည့်ရင် ကလေးတွေ အပေါ်ထားတတ်တဲ့ မိခင်စိတ်ကို ငါနားလည်လို့ ကြေညာပေးတာနော် ခွိခွိ )
ဒီထက်အများကြီးဆုတောင်းပေးချင်သေးတာ တော်ကြာ လာထုနေမှာ စိုးလို့ ဒီလောက်နဲ့ ရပ်လိုက်တော့မယ်။......သူငယ်ချင်းတို့ရေ ဆွဲပလိုက်ဗျာ။ အားရပါးရ။ ( ကိတ်မုန့်အား ရည်ညွှန်းပါသည်။ မွေးနေ့ရှင် မျက်ခုံးလှုပ်မှာ စိုးလို့ ) သူ့အတွက်လဲ ကျွန်တော့်ဆီမှာ ဖြစ်ဖြစ် သူ့ဆီမှာ ဖြစ်ဖြစ် ဆုတောင်းပေးကြပါအုံး။ ပျော်ရွှင်သော မွေးနေ့မင်္ဂလာပါ သူငယ်ချင်းရေ....
Posted by မင်းကျန်စစ်။ at 4:44 AM 7 comments
Labels: ဟာသ
ခဲလေသမျှ ပဲတွေပွ
လေးတန်းအရွယ်ကပေါ့… ပျဉ်ထောင်အိမ်လေးနဲ့ နေခဲ့တုန်းက မိုးအေးအေးလေးနဲ့ ကွေးနေတုန်း ခြင်နဲ့ နပန်းလုံးရတဲ့ အဖြစ်လေးပါ။ ခြင်လုံစကာလည်း မတတ်နိုင်သေးတော့ မိုးရွာတဲ့အချိန် ကိုယ်တော်ချောတို့က အိမ်ထဲကို စုပြုံတိုးဝင်ပြီး ကျွန်တော့်ကုတင်နားမှာ တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ ဆိုပြီး ဝဲဝဲလည်လို့ပေါ့ဗျာ။ ( ကျနော်မှာ အဲဒီအရွယ်ကတည်းက ဝိုင်းဝိုင်းလည်နေတာလေ ) မီးသတ်ကားလို တဝီဝီ ဥသြသံပေး ၊ ဆရာဝန်များထက် သွေးကြောအရှာ တော်ကြလေတော့ ကျွန်တော်လဲ ကြောက်ကြောက်နဲ့ ခြင်ထောင်ချရ တော့တာပေါ့။
ဝိုင်းဝိုင်းလို မင်းနဲ့ ကိုယ်နဲ့….. စည်းခြားနေပြီကွာ ဆိုပြီး သူတို့ကို မထီတရီလေး ပြုံးပြနေတုန်းမှာ ဘယ်အချိန်ကတည်းက ဇွဲကောင်းကောင်းနဲ့ ခေါက်ထားတဲ့ ခြင်ထောင်လိပ်ထဲမှာ စောင့်နေမှန်း မသိတဲ့ကောင်က ဆာဆာနဲ့ အတိုးရော အရင်းပါ ပေါင်းတွယ်တော့တာပဲ။ ဗလမရှိပေမယ့် ဇရှိလေတဲ့ ကျနော်ကလည်း သာဝကို လာမစနဲ့ ဆိုပြီး လက်ဆယ်ဖြာ ရှေ့မှာဖြန့်လို့ တိုက်ပွဲဝင် အသင့် အနေအထား ပြင်လိုက်တယ်။ ဘယ်လက်ကလေးက တရွယ်ရွယ်နဲ့ပေါ့ ကျွန်တော်က ဘယ်သန်ကိုး။
ရှာလိုက်တော့ ခြင်ထောင် နံရံလေးမှာ ကပ်လို့ နားနေတဲ့ သကောင့်သားလေးကို တွေ့ရော။ ပိုင်ပြီဆိုပြီး လျှာလေး တစ်ချက်သပ်လိုက်ပြီး အားရပါးရ ရိုက်လိုက်တုန်းမှာ တရုတ်သိုင်းကား ကြည့်ထားတဲ့ ဒီကောင်က လေတိုးသံကို အတွင်းအားနဲ့ ကြားပြီး ဘယ်က လာတယ်ဆိုတာ သိတယ်ထင်ပ။ ချက်ချင်း ထပြေးရော။ အဲဒီမှာပဲ အရင်နေရာကို အားလွန်သွားတဲ့ ဘယ်လက် ၊ ထပျံသွားတဲ့ဘက်ကို ဦးတည်ချက်ပြောင်းပြီး လိုက်ရိုက်လိုက်တဲ့ ညာလက်တို့ မဒီရဲ့ လွဲနေတဲ့ ဆုံမှတ်များ ဖြစ်သွားပါရောဗျာ။ ကိုယ့်ကိုယ်ကိုလည်း ကြောင်ပြီး လက်ဝါးလေး နှစ်ဖက်ပွတ်နေမိတုန်း ခြင်ထောင် အပြင်မှာ စာရင်းတွက်နေတဲ့ ဖေဖေနဲ့ မေမေ ကလည်း မျက်စိအဝိုင်းသားလေးနဲ့ ကြည့်လို့။
မျက်စိမှိတ်ရိုက်ရိုက် တရေးနိုးရိုက်ရိုက် ကုန်းရိုက်ရိုက် ကွရိုက်ရိုက် ရိုက်ချင်သလိုရိုက် မလွဲတဲ့ လက်ဝါးနှစ်ဖက် တစ်သက်မှာ တခါတော့ လွဲခဲ့တယ်ဗျာ။ ဒါပေမယ့် ကျွန်တော့် အရှက်ကို သူ့ဘဝကြီးနဲ့ လဲခဲ့နိုင်သဗျ။ လျှပ်စစ်ကြက်တောင်တံကြီးနဲ့ စီရင်ခွင့်ရလိုက်တယ်။ :P သူငယ်ချင်းတွေလည်း ဘယ်လိုမှ မထင်မှတ်တာကို တစ်ကြိမ်တစ်ခါ လောက်တော့ ကြုံဖြစ်မယ် ထင်ပါတယ်ဗျာ။ အားလုံး ပျော်ရွှင်ပါစေ ...
Posted by မင်းကျန်စစ်။ at 8:12 AM 6 comments
Labels: ဘ၀မှအမှတ်တရများ, ဟာသ
ဓါတ်ပုံဆက်ရအောင်
စာမေးပွဲ သုံးရက်နားလို့ အင်တာနက်မှာ ဝင်မွှေမိလို့ စိတ်ဝင်စားစရာလေး တွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ပျော်စရာ ကစားနည်းလေး တစ်ခုလိုပေါ့။ ကျနော်ကြိုက်တဲ့ ဓါတ်ပုံလေး တစ်ပုံ အပိုင်းပိုင်း အဖြဲခံလိုက်ရလို့ ပြန်ဆက်ပေးကြပါအုံး။ နဂိုဓါတ်ပုံကတော့ ရဲလေးနဲ့ မိုးဟေကိုရဲ့ ပုံပါ။ ဆက်လို့ အဆင်ပြေအောင် မျက်စိထဲမှာ မှန်းကြည့်လို့ရအောင် ပြောပြတာပါ။ ကဲ… စလိုက်ကြစို့။
ဆက်ကြည့်လို့မှ မရသေးဘူး လက်လျှော့လိုက်ပြီ ဆိုရင်တော့ ဓါတ်ပုံက ဒီမှာ ပါ။ download လဲ ယူသွားနိုင်ပါတယ်။ သူငယ်ချင်း ဘော်ဘော်များ ကြိုက်မယ်လို့ ထင်ပါရဲ့ :P ။ သူငယ်ချင်းတို့ ကိုယ်တိုင် လုပ်ကြည့်ချင်ရင်တော့ ဒီနေရာ မှ တဆင့် ဝင်ပြီး လုပ်ကြည့်နိုင်ပါတယ်။ ဓါတ်ပုံပြင်တာလေးတွေ တင်ပေးပြီးတော့ ခုတစ်ခါ ဓါတ်ပုံ ဖျက်တာလေးပေါ့။ စိတ်အပန်းပြေနိုင်ပါစေဗျာ...
Posted by မင်းကျန်စစ်။ at 3:14 AM 6 comments
Labels: ဟာသ, တွေ့ကြုံမိရာ
ကူညီပေးလိုက်ပါ
သူငယ်ချင်းတစ်ယောက်ပေးလိုက်တဲ့ ဓါတ်ပုံဖိုင်ထဲက ဟာသလေးကို ပြန်ရေးလိုက်တာပါ။ ပန်းခြံတစ်ခုအတွင်းက ခုံတန်းတစ်ခုတွင် သမီးရည်းစားစုံတွဲ ထိုင်နေ၏။ ကပ်ရက်ခုံတန်း တစ်ခုတွင် အဖိုးကြီးတစ်ဦး စာဖတ်နေသည်။ သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောနေသမျှကို အဖိုးကြီးက အတိုင်းသားကြားနေရသည်။
"မောင် ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးက နဖူးလေးကို နမ်းလိုက်သည်။ ထို့နောက်
"မူးသေးလားဟင်"
"ဟင့်အင်း ပျောက်သွားပြီ"
အတန်ကြာသော် ကောင်မလေးက
"မောင် ဇက်ကြောတွေ တက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းပေးလိုက်၏။
"ဘယ်လိုနေသေးလဲ"
"အင်း သက်သာသွားပြီ"
ခဏကြာသော်
"မောင်ရေ အိမ်မှာ အဝတ်လျှော်လာရလို့လားမသိဘူး တဆစ်ဆစ်နဲ့နာနေတယ်"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယလေးနမ်းပေးလိုက်၏။
အဖိုးကြီးက နားကြားပြင်းကတ်သဖြင့် စကားတခွန်းလှမ်းပြောလိုက်သည်။
"ဒီမှာ မောင်ရင် ၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီပါအုံးကွာ။ ဦးမှာ လိပ်ခေါင်းဖြစ်နေလို့" တဲ့
သူငယ်ချင်းတွေထဲက ကူညီပေးနိုင်တဲ့သူရှိရင် ကူညီပေးလိုက်ကြပါအုံးနော် :P
Posted by မင်းကျန်စစ်။ at 7:22 AM 5 comments
Labels: ဟာသ
( ၂၂ ) ရာစု ရည်းစားစာ
ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ ၊ ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင် ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ... သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်....
ယခုရည်းစားစာအား ဖတ်ပြီးပါက မိမိချစ်သူထံသို့ အမြန်ဆုံးပေးပို့ပါ။ မပို့မိပါက သင်၏ နောင်ဘဝသည် အနီရောင် စာသားများထဲမှ တစ်ခုခုဖြစ်လိမ့်မည်။ ဟီး :D နောက်တာပါဗျာ။ စိတ်ကူးပေါက်လို့ စုဆောင်းပြီးရေးလိုက်တာ။ စာဖတ်သူအားလုံး မင်းကျန်စစ်ကြောင့် ငါးသလောက်ပြုံးလေး ပြုံးနေရရင် ကျေနပ်ပါပြီ...
Posted by မင်းကျန်စစ်။ at 4:53 PM 8 comments
Labels: ဟာသ
ဟာသအတိုအထွာများ
"ဘာကာကွယ်ရေးပစ္စည်းလဲ ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ၊ ကာကွယ်ရေးဝန်ကြီးဌာန မဟုတ်ဘူး" တဲ့လေ...
"ဆရာကိုစိုးထက်ပေးတဲ့ ပိန်ဆေးသောက်တာ ၂ လရှိပြီ။ ပိန်လဲ မပိန်ပါလားရှင်"
"ခင်ဗျားဆေးပုံမှန်သောက်ရဲ့လား ၊ တစ်နေ့ဘယ်နှစ်ကြိမ်သောက်ပါသလဲ။"
"ဆယ်ကြိမ်ပါ ဆရာ"
"ဗျာ"
"ဆရာပြောတဲ့အတိုင်းပဲလေ ၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်ဆို"
Posted by မင်းကျန်စစ်။ at 2:02 AM 2 comments
Labels: ဟာသ
ကိုင်း ဘယ့်နှယ့်လုပ်မလဲ
တစ်ရွာမပြောင်း သူကောင်းမဖြစ်
သေချင်တဲ့ ကျားတောပြောင်း
မိန်းမတို့ အိနြေ္ဒရွှေပေးလို့မရ
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်
ပညာလို အိုသည်မရှိ
ခွေးအိုကြီး လက်ပေးသင်
ပေးကမ်းခြင်းသည် အောင်မြင်ရာ၏
သဒ္ဒါလွန် ကျွန်ဖြစ်
လူနေခြုံကြား စိတ်နေဘုံဖျား
ဒူးနေရာဒူး တော်နေရာတော်
ကိုယ့်ဒူး ကိုယ်ချွန်
အမှီကောင်းရင် တစ်သက်
နှစ်ထပ်ရှိမှ မှတ်မိမယ်
ဟောင်လွန်းတဲ့ ခွေး လူမလေး
အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည်
ငါးစိမ်းမြင် ငါးကင်ပစ်
အနာသိရင် ဆေးရှိ
ကုရာနတ္ထိ ဆေးမရှိ
Posted by မင်းကျန်စစ်။ at 6:21 AM 2 comments
Labels: ဟာသ
မိုက်ခဲကြီးဖြစ်အောင်
အရင်ရေးထားတဲ့ blog က post လေးတခုပါ။ မဖတ်ဖြစ်သေးတဲ့ သူငယ်ချင်းတွေအတွက် ပြန်တင်လိုက်ပါတယ်။ ပျင်းပျင်းရှိတာနဲ့ website တွေလျှောက်ဝင်ရင်း သူများပုံတွေလည်း မဖျက်ချင်တော့ ခပ်ချောချောကိုယ့်ပုံကိုပဲ ဖျက်ဖြစ်လိုက်ပါတယ်။ သူငယ်ချင်းတွေ အသိတွေ ကံကောင်းသွားတာပေါ့။ ulead တွေ photoshop တွေမလိုပဲ website မှာ လုပ်တာပါ။ နဂိုကိုက ဆိုးချင်နေတဲ့ ရုပ်ဆိုတော့ ထူးထူးခြားခြား ဖျက်စရာမလိုပဲ ပျက်သွားခဲ့ပါတယ်။ ရှုစားတော်မူကြပါတော့....နောင်တချိန်မှာ အဖိုးကြီးလာဖြစ်ရင်တော့ ဒီလိုပုံပဲ ဖြစ်သွားမယ်ထင်ပါရဲ့။ ကျွန်တော့်လို ဓါတ်ပုံဖျက်ချင်သူများ စိတ်ဝင်စားမယ်ဆို ဒီနေရာ ကတဆင့်ဝင်ပြီး မိမိဓါတ်ပုံကို ပြုပြင်နိုင်ပါတယ်။ မိန်းကလေးများ အတွက်ပိုပြီး အသုံးတည့်ပါတယ်။ မိတ်ကပ်ပြင်တတ်ရင် ပြင်တတ်သလို လှပအောင် ပြုပြင်နိုင်ပါတယ်။ အခမဲ့ကြေညာပေးတာပါ... :)
Posted by မင်းကျန်စစ်။ at 5:18 AM 2 comments
Labels: ဟာသ