Rec Comment OF M!иикy@иs^s Blog

တခါက မီးလောင်ပြင်မှာ (၂)

မနေ့က တန်းပလိတ်ပြင်နေလို့ အပြီးသတ်မရေးနိုင်ဖြစ်နေတာ။ Mozilla နဲ့ အဆင်ပြေပေမယ့် IE နဲ့တော့ နည်းနည်း အဆင်မပြေတာတွေ ရှိသေးတယ်။ ခါးနာတော့လဲ ကွန်ပျူတာရှေ့ ကြာကြာမထိုင်နိုင်တာ ပါပါတယ်။ ဒါပေမယ့် ညနေမှာတော့ စိတ်ညစ်တာတွေ ဖြေဖျောက် နိုင်ခဲ့လို့ လန်းလန်းဆန်းဆန်းနဲ့ စာပြန်ရေးနိုင်ခဲ့ပါပြီ။ ကဲ.. ဆက်ပါတော့မယ်။

လေအဝှေ့မှာ ပျော်နေတဲ့ မီးညွန့်တွေက ကျနော်တို့ ပစ်ပေါက်နေတဲ့ ရေသန့်ဗူးတွေ ၊ ပက်နေတဲ့ ရေတွေက သူ့ကို ကြည်စယ်နေတယ် ထင်ပ။ ရေကလည်း မလုံလောက်တော့ ထိထိမိမိ ပက်နိုင်အောင် လူက တောက်နေတဲ့ မီးတောက်နား တိုးသွားချိန်မှာ အသံ ကျယ်ကျယ် တစ်ခုမြည်ပြီး မီးလုံးကြီးတစ်လုံး မြောက်တက်သွားတာကို မြင်လိုက်ရပါတယ်။ လူကို ကြက်သေသေ သွားသလိုပဲ။ ရေတွေ ချွေးတွေ ရွှဲစိုနေတဲ့ ကျနော် မချမ်းပဲနဲ့ တုန်ပြီး ရေပုံးလေးနဲ့ ရပ်နေမိပါတယ်။ ဘေးနားက မီးသတ်သူတွေလဲ နောက်ပြန်ပြေးကုန်ကျတယ်။ သူတို့ ပြောကာမှ သိလိုက်တော့တယ်။ ဆီပွဲရုံက ဆီတိုင်ကီတွေ ထပေါက်တာတဲ့။ မတတ်နိုင်တော့ဘူးလေ.... နောက်ပြန် ဆုတ်လိုက်ရတယ်။ ကျနော့် ရေတစ်ပုံးက ဒီဆီတိုင်ကီ ပေါက်ပြီး လောင်တဲ့မီးကို ငြိမ်းနိုင်စွမ်းမှ မရှိပေပဲ။

ကံကောင်းစွာပဲ မီးသတ်ကား ရေဖြည့်ပြီးလို့ ပြန်လာတော့မှ ကျနော်တို့လဲ အသက်ရှုဖို့ ပြန်သတိရမိလာတော့တယ်။ မီးခိုးတွေပဲ ရှုမိနေတာ ကြာသွားပြီလေ။ ဒါနဲ့ပဲ နီးစပ်ရာ သန့်မယ် ထင်တဲ့ရေ ပြေးသောက်ပြီး ခဏရပ်ကြည့်နေလိုက်တယ်။ ခဏနေတော့ ကားတဆင်း မီးလောင်ပြင်နားကို မောင်းဝင်လာတယ်။ အသေအချာ ပြောရရင်တော့ ရေစုပ်စက်တစ်လုံး တင်လာတဲ့ ကား။ မီးတောက်ထဲမှာ ပြာကျသွားတဲ့ အိမ်တစ်အိမ်ရဲ့ ခြံထဲမှာ အဝီစိတွင်း တစ်တွင်းရှိတယ်တဲ့။ သူတို့ ရေစုပ်စက်လေး မီးစတင် လောင်ကတည်းက မိုင်ကုန်မြှင့်ပြီး ပက်ပေးခဲ့ရလို့ မိနစ် (၃၀)လောက် အကြာမှာ ပျက်သွားရပြီး သူ့အိမ်သူတောင် မကာကွယ်နိုင်တော့ဘူးတဲ့လေ။ အဲဒီတွင်းနား ရောက်အောင် ဝိုင်းမပြီး တွင်းထဲကို ပိုက်ထည့် ၊ ရေစုပ်စက် မောင်းတော့ ထွက်လာတဲ့ ရေတွေကို မြင်လိုက်ရတဲ့ ဝမ်းသာမှုဟာ အဲဒီအချိန်မှာ နှိုင်းမရအောင်ပဲ။ အဲဒီ ရေစုပ်စက်လေးကြောင့်ရော မီးသတ်ကားတွေ ကြောင့်ရော မီးညွန့်ကြိုးသွားခဲ့ပါပြီ။ ကျနော်တို့လဲ အားရှိသွားပြီး မီးကြွင်းတွေ သေအောင် အကျိုအကြားတွေထဲထိ လိုက်ပက်လိုက်တော့ စိတ်ချသွားရပါပြီ။ အချိန်ကလည်း ညနေ ၇ နာရီကျော်ပြီ။ တစ်နေ့လည်လုံး လောင်သွားလို့ ရပ်ကွက်တစ်ခုလည်း ပြာပုံအတိ ဖြစ်ခဲ့ရရှာပြီလေ။

မီးသတ်ပြီးလို့ အလုပ်တစ်ခုပြီးသွားပေမယ့် နောက်တာဝန်တစ်ခု ထပ်လုပ်ရတော့မယ်။ ဒါကတော့ မီးလောင်ပြင်တဝိုက်ကို ဘယ်သူကိုမှ ဝင်မလာအောင် တားပေးရတော့တယ်။ တခါမှ မကြုံဖူးတဲ့ ကျနော် နားမလည်နိုင် ဖြစ်သွားရတယ် ဘာကြောင့်လဲပေါ့။ မီးလောင်ပြင်ထဲက ကျန်နေတဲ့ ပစ္စည်းတွေကို ပိုင်ရှင်မဟုတ်သူတွေနောက် ပါသွားမှာ စိုးလို့ဖြစ်ကြောင်း ရှင်းပြမှ နားလည်ရတော့တယ်။ မီးလောင်ပြင်ပတ်လည်တဝိုက် လူစုခွဲပြီး နေရာယူလိုက်ကြပြီး အိမ်ရှင်တွေကိုတောင် စိတ်မကောင်းစွာနဲ့ အထဲကို မဝင်ဖို့ တားခဲ့ရပါတယ်။ အဲဒီ ညကတော့ အညာနွေရဲ့ည မီးလောင်ပြင်ရဲ့ အပူငွေ့တွေကြားမှ ကုန်ဆုံးခဲ့ရပါတယ်။ ဆုံးရှုံးမှုတွေ အနာဂတ်မှေးမိန်ရမှုတွေကြောင့် ဝမ်းနည်းပူဆွေးမှုတွေနဲ့ ငိုနေတဲ့ သူတို့မျက်နှာကို ပြန်မြင်ယောင်ရင်း အဲဒီညက အိပ်လို့မပျော်နိုင်ခဲ့ဘူး။ မီးအကြွင်းသေးသေးလေးတွေ နီနီရောင် တချက်တောက်တာ မြင်တိုင်း သွားပြီး ငြိမ်းနေခဲ့ရသေးတယ်လေ။

အရင်က အခြေအနေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ ခုဒုက္ခသည်လို့ ခေါ်ရနေရတဲ့ သူတို့တွေကို အနောက်တခြမ်း လောင်သွားတဲ့ ဘုန်းကြီးကျောင်းမှာပဲ စုထားခဲ့ရတယ်။ နောက်နေ့ နေ့လည်မှာ အထောက်အကူ ပစ္စည်းနဲ့ အလျှူပစ္စည်းတွေ ရောက်လာပါတယ်။ နေ့လည်စာမှာ သူတို့လိုပဲ ကုသိုလ်ရှင်တို့ရဲ့ ထမင်းထုတ်ကို စားဖြစ်ခဲ့တဲ့အချိန် သူတို့နဲ့ ထပ်တူဖြစ်ရတဲ့ စိတ်ခံစားမှုက ပြောမပြတတ်အောင်ပဲ။ တချို့ဆို ဆုတောင်းစာတွေ ၊ တတ်နိုင်သလောက် ထည့်ပေးလိုက်တဲ့ ပိုက်ဆံတွေ ထမင်းထုပ်ထဲကရလို့ မျက်ရည်ကျနေမိတဲ့သူတွေကိုလဲ တွေ့ခဲ့ရတယ်။ နောက်ရက်မှာ အိမ်ပိုင်ရှင်တွေကို မိမိအိမ်နေရာမှာ ကျန်တဲ့ ပစ္စည်းတွေ ရှာခွင့်ပေးလိုက်ပါတယ်။ အခြေအနေရှိသူတွေက အိမ်ရဲ့ မြေအောက်ခန်းတွေ မီးခံသေတ္တာတွေထဲက ရတနာတွေ အကောင်းအတိုင်း ရှိနေသေးလို့ ကျနော်တို့လည်း ပီတိဖြစ်မိပါတယ်။ အခြေအနေ မရှိသူတွေကျတော့လည်း ပြာပုံထဲက တိုက်ပန်းကန်လေးတွေလောက်ပဲ ကျန်တော့တာ မြင်ရတော့လဲ စိတ်မကောင်း ဖြစ်ရပြန်တယ်။ မီးလောင်ထားတဲ့ သွပ်မိုးတွေ အိမ်တိုင်တွေမှအစ ချွတ်ယူသွားကြတော့ မီးလောင်ပြင်တစ်ခုလုံး အမိုက်အတိုအစတို့နဲ့ ပြာပုံတွေပဲ ကျန်ခဲ့ပါတော့တယ်။ အရင်ရက်ကတော့ မိသားစုတွေနဲ့ စည်ကားဝေဆာခဲ့တဲ့ နေရာပေါ့။

အဲဒီ မီးလောင်ပြင်မှာ သုံးရက်ဆက်တိုက် တာဝန်ယူခဲ့ရတယ်။ နေ့ဖက်မှာ နည်းနည်းနားနိုင်ပေမယ့် ညဖက်မှာ လုံခြုံရေးကို ဂရုစိုက်ခဲ့ရပါတယ်။ ပထမညကတော့ မီးလောင်ပြင်ထဲမှာပဲ အိပ်ခဲ့ရတယ်။ နောက်ညတွေတော့ မီးလောင်ပြင်ရဲ့ ကွင်းစပ်က အိမ်ခြံဝင်းထဲမှာ အိပ်ခဲ့ရတယ်။ အိမ်ထဲကို ဝင်အိပ်ခိုင်းပေမယ့် သူတို့အိမ်လည်း နည်းနည်းပါသွားသေးတာမို့ အလုပ်ပိုတွေ မရှုပ်စေချင်ဘူးလေ။ ထမင်းထုတ်တွေတော့ စားရတာ စိတ်မကောင်းဖြစ်ရတာမို့ နောက်ရက်တွေ မစားဖြစ်တော့ဘူး။ ချိုင့်လေးဆွဲပြီး ပုံမှန် လာပို့ပေးတဲ့ သူလေးကလည်း ရှိလာလို့လေး) ။ အမှတ်တရလေး တစ်ခုသာပါ။ ကိုယ်တိုင် မခံစားရပေမယ့် ကြုံခဲ့ရတဲ့ အတွေ့အကြုံလေး တစ်ခုကို ခံစားပြီး ရေးဖြစ်တာပါ။ တကယ် ခံစားရသူတွေက ကျနော့်ထက် အများကြီး ပိုပါလိမ့်မယ်။ သူငယ်ချင်း အားလုံး ရန်သူ (၅) ပါးရဲ့ အန္တရယ်မှ ကင်းဝေးနိုင်ပါစေဗျာ။

5 Comments:

Winkabar said...

စိတ်မကောင်းစရာပဲဖတ်ရတာ။ သဘာဝဘေးအန္တရာယ်ဆိုတော့လည်း ကြိုတင်ကာကွယ်ရုံကလွဲရင် ဘာမှမတတ်နိုင်တော့လည်းနော်။

Anonymous said...

မီးလုံးကြီး တက်လာတာ ကိုယ့်ရှေ့မှာ မြင်ရမယ် ဆိုရင်.
နွေတော့ မူးမေ့ သွားမလား ပဲ ...
ရသလောက်အင် အားနဲ့ ..မီးကို ၀ိုင်းငြိမ်းကြတဲ့ အသိစိတ် တွေ က ချီးကျူးစရာပါ..
အရမ်းကို တော်တဲ့ မင်းကျန်စစ်လေးပါလား နော်..
ဒါပေမယ့် ဒါပေမယ့်....
မီးသတ်တာ လဲ သတိရပေါ့နော်..ကျန်တာလဲရ နေပေါ့နော်. အဟွတ် အဟွတ်..
သြော် မီး မီး မီး.....

Anonymous said...

အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ နိုင်သလောက်ကူညီပေးနိုင်ခဲ့တာ ဂုဏ်ယူစရာပါ..။

Anonymous said...

အင်း........ မန္တလေးသားဆိုတော့ မီးကတော့ ငယ်ကြောက်ဗျို့။

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျ :)