ကျောင်းကပွဲအတွက် တီးဝိုင်းတိုက်နေရလို့ မအားဘူး ဖြစ်နေတယ်ဗျာ။ နိုင်ငံအနှံ့က လူမျိုးအလိုက် တီးက ကကြမှာဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်အောင် အားလုံး ဝိုင်းပြီး ကြိုးစားနေကြရတယ်။ ဆုလေး ဘာလေး ပေးမလားတော့ မသိရသေးဘူးဗျ။ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်ကို ဦးရွှေရိုး ဒေါ်မိုးနဲ့ တွဲပြီး တီးမှုတ်မှာ ဖြစ်ပါတယ်။ ကျနော်ကတော့ တတ်သည့်ပညာ မနေသာ ဆိုသလို ဝင်ရှုပ်လိုက်တာကတော့ ဘာဂျာမှုတ်မလို့ဗျို့။ ဒါ့ကြောင့် အသစ်မရေးဖြစ်ဘူး ဖြစ်နေရတာ။ လာကြည့်ပြီး အသစ်မတွေ့ရမှာ အားနာလို့ ဖွဲ့တည်ရာမဂ္ဂဇင်းမှာ ပါပြီးသားဖြစ်တဲ့ ရှေးသမိုင်းက စက်ရုပ်များကို မဂ္ဂဇင်းမှာ မဖတ်ရသေးတဲ့ သူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်ဗျာ။
ရှေးသမိုင်းက စက်ရုပ်များ
သာမာန်အားဖြင့် စက်ရုံများစတင် တီထွင်လာချိန်ကို နှစ်ဆယ်ရာစုလို့ပဲ ထင်မိကြမှာပါ။ တကယ်တော့ ပေလေးပင် ရှင်လေးပါးမှ ရှင်မဟာရဌသာရ ရေးသားထားသော တံတားဦး မင်္ဂလာစေတီတော် မော်ကွန်းထဲမှာပါတဲ့ ဆယ့်ငါးရာစုနှစ်က အရုပ်တစ်ရုပ် အကြောင်းမှ စတင်ရပါလိမ့်မယ်။ ဒီအရုပ်ကို စက်ကြိုးယန္တရားအတတ်နဲ့ အခြေခံပြီး သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပုဏ္ဏားရုပ် ဖြစ်ပါတယ်။ တန်ဆောင်း၏ အရှေ့မြောက် တနေရာမှာ ဆံပင်းကို ကျစ်ကွာ နောက်တွဲထုံးလျက် မုတ်ဆိတ် ကျင်စွယ်တို့ကို ဖားလျားချလျက် မှန်ကူကွက်ကို ရေးခြယ်လျက် အရွယ်အိုမင်းလှသော ပုဏ္ဏားသစ်သားရုပ်ကြီး တစ်ရုပ်ဖြစ်သည်။ ပုဏ္ဏားရုပ်ကြီးသည် နှုတ်ခမ်းကို ဖွင့်ကာ အုပ်ကာ မေးတလှုပ်လှုပ်ဖြင့် လူပကိ အရှင်ကဲ့သို့ စကားပြောတတ်လေသည်။ ပုဏ္ဏားရုပ်ကြီးထံ လက္ခဏာမေးလျှင် မျက်တောင် ခတ်လျှက် မျက်လုံးလည်လျှက် ပြုံးပြုံးရယ်ရယ်နှင့် လက္ခဏာကြည့်ပေးတတ်သည်။ ဂါထာတို့ကို နားဝင်ချိုအောင် ရွတ်တတ်လေသည်။ လာသမျှသောသူတို့အား အဘ အမယ် စသည်ဖြင့် ချစ်စဖွယ် ခေါ်တတ်သည်။ လူပရိသတ်များအား “ငါသည် သီဟိုမင်းထံမှ ရွှေနန်းသဘင်ပွဲတော်သို့ ကိုယ်စားလာရောက်ခြင်း ဖြစ်သည် ၊ ငါ့အသက်သည် အသက် ၈၀ ရှိပြီ” ဟု ပီပီသသ ပြောတတ်သည်တဲ့။
အဲဒီခေတ်က စက်ကြိုးယန္တရား အတတ်မှာ အလွန်ပင် စိတ်ဝင်စရာ ကောင်းနေချေလေပြီ။ စက်ကြိုး ယန္တရားအတတ်ဆိုတာကတော့ စက်သီး ၊ ဘီး ၊ ခွေးသွားစိတ် ၊ မောင်းတန် ၊ ချိတ်ဆက် ၊ သံကွင်း နဲ့ လေးပြား ကဲ့သို့ ပစ္စည်းများကို စက်ကြိုးတွေနဲ့ ချိန်ပြိး တပ်ဆင်တဲ့ပညာရပ်လို့ အခြေခံ ယူဆလို့ ရပါတယ်။ ပုဏ္ဏားရုပ်ကြီးကို လေ့လာကြည့်ရင် စက်ကြိုးယန္တားရားအတတ်အပြင် အခြားပညာရပ်တွေကိုပါ စိတ်ဝင်စားစရာ တွေ့နိုင်ပါတယ်။ ဥပမာ - စကားပြောစေတဲ့နည်း။ အဲဒီခေတ်အချိန်က မြစ်ကမ်းနား နဘေးလို နေရာတွေမှာ အင်မတန် ထူးဆန်းတဲ့ အသံဖမ်းကျောက်တုံးတွေ ရှိတယ်။ အဲဒီ ကျောက်တုံးတွေနားမှာ သွားစကားပြောမိရင် ကျောက်တုံးတွေက စကားတွေကို ဖမ်းထားပြီး ပြန်လွှင့်ပေးတတ်တယ်။ အလွန် အံ့သြဖွယ် ရှားပါး ကျောက်တုံးတွေပေါ့။ ဖြစ်နိုင်ပမလားလို့ သံသယရှိဖွယ်ရှိတယ်။ အသံဖမ်းတယ် အသံလွင့်တယ်ဆိုတာက လျှပ်စစ်ဓါတ် သံလိုက်ဓါတ်နဲ့ လျှပ်စစ်လှိုင်း သံလိုက်လှိုင်းတွေ စိးမျောနစ်မြုပ်နိုင်တဲ့ အရာရယ် ကာဗွန်မှုန့်လို့  ပစ္စည်းတွေရယ် အချိုးကျကျ ပေါင်းစပ်သွားခဲ့ပြီး ဖြစ်နိုင်လာပါတယ်။ ဒီလိုနည်းနဲ့ ဗေဒင်ဟောတဲ့ စကားသံတွေ ပေါ်စေပါတယ်။ လာသူများကို အသက်အရွယ်အလိုက် နှုတ်ဆက်တတ်တာ ၊ ဟန်ပန်တွေ ပေါ်အောင် လုပ်တာ တခြားလှုပ်ရှားမှုတွေကတော့ ဘယ်လိုအတတ်ပညာတွေကြောင့်လို့ အတိအကျ မဖော်ပြထားခဲ့ပါဘူး။ အလွန် လျှို့ဝှက်ခဲ့သည်လေ။ အဲဒီခေတ်က ဘုရားတည်တာတောင် ပုံစံတူတည်ထားမှာစိုးလို့ ပန်းရံဆရာတွေကို ကွပ်မျက်ခဲ့သည်မလား။
သစ်သားပုဏ္ဏားရုပ်ထက် အဆင့်မြင့်လာတဲ့ စက်ရုပ်ကတော့ သီရိဓမ္မာသောကမင်းကြီး လက်ထက်မှာပါ။ ဖြစ်လာပုံက သီရိဓမ္မာသောကမင်းကြီးဟာ တခြားမင်းတပါး ကိုးကွယ်ထားတဲ့ ဌာပနာတွေကို လိုချင်စိတ်ဖြစ်လာတယ်။ အဲဒီခေတ်က ဌာပနာတွေကို ဓားစင်္ကြာ လှံစင်္ကြာတွေ ကြားထဲမှာထားတယ်လေ။ ဓားစင်္ကြာ လှံစင်္ကြာတွေကြောင့် သွားယူသူ ခေါင်းပြတ်မှာကိုး။ ဒါ့ကြောင့် စက်ကြိုးယန္တရားအတတ် တတ်သူကို သွားယူခိုင်းတော့ သူ့ရဲ့ အတတ်နဲ့ ဓားစင်္ကြာ လှံစင်္ကြာတွေကို ဖျက်ဆီးပြီး ဌာပနာတွေကို ယူလာနိုင်ခဲ့တယ်။ ဒီစက်ကြိုးယန္တရားအတတ်ဟာ ခေါမတိုင်းက စတင်ခဲ့တဲ့မို့ သူတို့ပညာကို တခြားတိုင်းပြည်က ရသွားရင် လိုက်သတ်တယ်လေ။ ဒါနဲ့ပဲ တစ်နေ့မှာ သီရိဓမ္မာသောကမင်းကြီးဆီကို ခေါမတိုင်းမှ အင်မတန်လှပပြီး အဖိုးတန်တဲ့ သေတ္တာကြီးတစ်လုံး လက်ဆောင်ပေးလိုက်တယ်။ မင်းကြီးလဲ သေတ္တာကြီးရတော့ အားရဝမ်းသာ ဖွင့်ခိုင်းတာပေါ့။ ဒါပေမယ့် ဘယ်သူမှ ဖွင့်လို့မရဘူးဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ စက်ကြိုးယန္တရားအတတ် တတ်သူကို ခေါ်ဖွင့်ခိုင်းတော့ အဲဒီလူက စမ်းသပ်ပြိးတဲ့နောက်မှာ မဖွင့်ပါရစေနဲ့ သေတ္တာကို ဖွင့်လိုက်ရင် အထဲက စက်ရုပ်ထွက်လာပြီး သူ့ခေါင်းကို ဖြတ်ပါလိမ့်မယ်လို့ လျှောက်တယ်။ မင်းကြီးက အတင်းဖွင့်ခိုင်းလေတော့ သေတ္တာကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အထဲက စက်ရုပ်က ဝုန်းကနဲ ထွက်လာပြီး သန်လျက်နဲ့ အဲဒီပညာရှင်ရဲ့ ခေါင်းကိုဖြတ် ခေါင်းပြတ်ကိုပိုက်ပြီး သူ့တိုင်းပြည်ကို ပြန်ထွက်ပြေးသွားလေသတဲ့။ ဌာပနာတွေကို ကာကွယ်ထားတဲ့ ဓားစင်္ကြာ လှံစင်္ကြာတွေကို ဖျက်ဆီးနိုင်တဲ့ ပညာရှင်ကို ပြန်သတ်ချင်တဲ့အတွက် တီထွင်ဖန်တီးထားတဲ့ စက်ရုပ်ပါ။ အခြား ဘယ်လိုစက်ရုပ်မျိုးတွေ ဖန်တီးခဲ့သေးလဲဆိုတာ သိခွင့်မရစေခဲ့တာ ဘဝင်မကျစရာပါ။ အဲဒီအချိန်က ပညာရှင်တွေသာ အချင်းချင်း မသတ်ခဲ့ရင် ခုချိန်ဆို ဘယ်လောက်များ တိုးတက်နေလိုက်လေမလဲ တွေးမိရင်လဲ နှမျောစရာပါ အဲဒီခေတ်ကတောင် ဒီလို စက်ရုပ်မျိုးလုပ်နိုင်ခဲ့သေးတော့ ခုခေတ်မှာ လကမ္ဘာပေါ်ကို တက်နေတဲ့ ရိုဘော့တွေ လူသားနဲ့ ထပ်တူနီးပါး တူနေတဲ့ ရိုဘော့တွေ တီထွင်လာနိုင်တာ နောက်ကျတယ်လို့တောင် ဆိုလိုက်ချင်တယ်ဗျာ။ ။
-
9 Comments:
ရှေးသမိုင်း ကမို့သာ.. စုံနေတာပဲ.. ကြောက်စရာ.. မြန်မာပြည်မှာ အခုထွင်ခိုင်းလိုက်ရင်ကောင်းမယ်။ အဲ့ဒါတွေထက်ပိုကောင်းအောင်.. အခုတော့ ဂျစ်ကားတောင် အပြည်ပြည်ဆိုင်ရာ မှ မှာယူပြီး မြန်မာနိုင်ငံမှာ ပြန်လည်တပ်ဆင်နေရသေးတယ်။
where can u find out acient robort artical.It's a history or story.Before I never hear about that.I'm appreciated ur afford..
hey
u believe in these robot stories?
at that time, if they made robot, im sure they could make automatic-powered wagons and many other things.
စိတ်ဝင်စားစရာ စက်ရုပ်အကြောင်းလေး ဖတ်ရှုသွားတယ်နော်
ဆုလေးဘာလေးရအောင်
ဘာဂျာ မှုတ်ခဲ့နော်
ဆုလည်းရပါစေလို့....
စိတ်ဝင်စားဖို့ကောင်းတယ် သယ်ရင်းရေ ...
ဆက်ရေးပါဦး ...
တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အသံကို ဖမ်းထားနိုင်တယ်ဆိုတဲ့ ကျောက်တုံးတွေကိုတော့ စိတ်အ၀င်စားဆုံးပါပဲ။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ် မောင်လေး။
စက္ကောမ ဆိုတဲ့ ရုပ်ရှင်တောင် ရှိသေးတယ်လေဟာ..။
ဗဟုသုတ အများကြီးယူသွားပါတယ်။
မြန်မာတွေ မညံ့ပါဘူး အခြေအနေပေးတဲ့ တစ်နေ့
ဖိုးဆိတ်ဖြူလေးတောင် တစ်ခုခု သီထွင်နိုင်မှာ
I have confidence on you.
Post a Comment