29
Dec
2007

ဖေးမပေးပါ

ဒီနေ့ စိတ်မကောင်းဖြစ်ခဲ့ရတယ်ဗျာ။ မနေ့က ကိုရွှေလခပေးတော်မူလို့ ဒီနေ့ ဘဏ်သွားပြီး ပိုက်ဆံလဲရတယ်လေ။ ဒီမှာ ဒေါ်လာဈေးက ကျတော့ အခြေအနေသိပ်မကောင်းဘူး။ မနက်ပိုင်းဆိုတော့ ဘဏ်မှာလဲ လူတွေ ပြည့်လို့ပေါ့။ ဘဏ်ထဲမှာ အပြည့်တန်းစီနေ သူတွေကတော့ ပင်စင်လခထုတ်နေတဲ့ ပင်စင်စား သက်ကြီး ရွယ်အိုတွေချည်းပါပဲ။ အလုပ်အကိုင်အရ ပင်စင်လခကွာပေမယ့် လူနေမှု အဆင့်အတန်းကြောင့် အပြင်အဆင်တွေ ကွဲပြားပေမယ့် အိုမင်းရင့်ရော်သွားတဲ့ ဇရာရဲ့ ဖိစီးမှုကို ခံနေရတာခြင်းတော့ တူညီသူတွေပေါ့။ ရာသီဥတုကြောင့် အနွေးထည် အထပ်ထပ်ဝတ်လို့ တစ်ကိုယ်တည်း ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် တုတ်ကောက်လေး ထောက်ရပ်နေရသူက ရပ်လို့ပေါ့။ တချို့ကတော့ အဖိုးကြီး အဖွားကြီး စုံတွဲက တယောက်ကို တယောက်အမှီပြုလို့ပေါ့။ ကျနော်လဲ ငွေလဲနေရာမှာ တန်းစီရပ်နေရင်း ကြည့်နေမိတယ်။ သူတို့ကို ဖေးမခေါ်ဆောင် လာမယ့်သူလို့ ထင်ရသူတွေကိုလိုက်ရှာပေမယ့် မတွေ့မိပါဘူး။ ဒီအချိန်မှာပဲ အဖွားအိုတစ်ယောက် ကောင်တာမှာ ငွေထုတ်ရင်း တစ်ဖက်စာရင်းကိုင်နဲ့ ပြသနာဖြစ်သွားတယ်။ အဖွားအိုခမျာ နားထိုင်းသွားတယ် ထင်ပါရဲ့။ တဖက်ပြောစကားကို ကြားအောင် ကိုယ်လေးကိုစောင်းပြီးတော့ကို နားထောင်နေရှာပေမယ့် မကြားနိုင်သေးဘူး။ ခဏခဏ ပြန်မေးတော့ စာရင်းကိုင်ကလဲ စိတ်ဆိုးဆိုးနဲ့ ဆူပူပြီး အော်ပါတော့တယ်။ အဖွားအိုခမျာ မျက်နှာငယ်လေးနဲ့ လှည့်ထွက်သွားရတာကို ကျနော့်မျက်လုံးထဲက ထွက်ကိုမထွက်တော့ဘူးဗျာ။ မသန်စွမ်းတော့တဲ့ အရွယ်ရောက်တော့ ချို့ရွင်း ချက်တွေကြောင့် ငြိုငြင်ခံရတဲ့ သူတို့ရင်ထဲက အားငယ်စိတ်ကို မြင်ကြည့်မိတယ်။ ဘယ်နိုင်ငံ ဘယ်လူမျိုးပဲဖြစ်ဖြစ် မျိုးဆက်သစ် လူငယ်တွေဟာ ခုအဖိုးအဖွားများ တချိန်က ကာကွယ် စောင့်ရှောက်ပေးရင်း လက်ဆင့်ကမ်း သင်ကြားပေးမှုတွေကြောင့်ပဲ အသိတွေ အတွေးအခေါ်တွေ တိုးပြီး ကြီးပြင်းခဲ့ရတာမလား။ ကျနော်တို့ တချိန်ချိန်မှာ အပြစ်ပယ်ခံရရင် ရင်ထဲမှာ ဘယ်လိုခံစားရမလဲဆိုတာလေးကို တွေးကြည့်ပြီး လူမှုတာဝန်တွေ ချို့ရွင်းလာတဲ့ အဖိုးအဖွားများကို တတ်နိုင်သလောက် ဖေးမလက်တွဲပေးကြရအောင်လားဗျာ။ မြန်မာလူမျိုးတစ်ယောက်မို့ ယူတတ်ရင် ကုသိုလ်အများကြီးရကြမှာပါ။ ခုရေးတတ်သလောက် ရေးလိုက်ပေမယ့် အဖွားအိုရဲ့ အားငယ်ငယ်နဲ့ ထွက်သွားရတဲ့ မျက်နှာကိုပေါ်အောင် မရေးနိုင်ဘူးဗျာ ခွင့်လွတ်ပါ။

4 Comments:

Anonymous said...

အင်း ဟုတ်တယ်နော်. တကယ်ကို စိတ်မကောင်းစရာပါ.. ကျွန်မရောက် နေတဲ့ နိုင်ငံ မှာလဲ..တွေ့နေရတယ်..အဖိုးနဲ့ အဖွားက မျက်စိ မမြင်ရှာ ဘူး..ဒါကိုပဲ တစ်ယောက်နဲ့ တစ်ယောက် အမှီ ပြုပြီး တုတ်ကောက်လေးနဲ့ သွားနေရတာ..မြင်ရတာ စိတ်မကောင်းလိုက်တာ..မြန်မာပြည်က ကျွန်မတို့ ဖွားဖွား ဆို နေမကောင်း တော့ အနား မှာပြုစု မယ့်သူတွေ အများကြီး ရယ်. ဒီနိုင်ငံ မှာတွေက အားလုံး အလုပ် ကိုယ်ဆီနဲ့ မို့လားမသိ ဘူး အဖိုး အဘွားတွေ ကို ဂရုမစိုက်နိုင် ကြဘူးလေ..ဒါကို ပဲအော် သေးတာဆို တော့ တော်တော် စိတ်မကောင်းစရာ ပါပဲ

Anonymous said...

ဒီနိုင်ငံက သက်ကြီးရွယ်အိုတွေကိုမြင်ရင် ပိုတောင်ခံစားသွားရမယ်..။ ရွှေတိဂုံဘုရား ဓါတ်လှေကားအတက်က လျှောက်လှမ်းလေးမှာ ငုတ်တုတ်လေးတွေ ထိုင်လို့ ... တ၀မ်းတခါးအတွက် မြေးအရွယ်တွေကို ခြေသလုံးဖက်မတတ် တောင်းနေရတာ..။ ဆိုင်ရာလူတွေက စိတ်မထင်လို့ မောင်းထုတ်ရင် တုန်ချိတုန်ချိနဲ့ ကုတ်ကုတ်လေး ပြေးရသေးတယ်...။ အထင်ကရဘုရားပေါ်မှာ ဒီလို မြင်ကွင်းတွေ တကယ်တော့ မရှိသင့်ဘူး...။ ဒါပေမယ့် ဒီလူတွေ အတွက် ခိုကိုးရာက ဘယ်မှာလဲ...။ ဘိုးဘွားရိပ်သာတွေ ရှိပေမယ့် ဘာလို့ လမ်းပေါ်ရောက်နေကြရသလဲ ...။ အဲဒီနိုင်ငံက အဘိုးအဘွားတွေများ ကံကောင်းချက်တော်...။ ပင်စင်လစာလေး ဘဏ်မှာ ထုတ်နေကြတာ...။
....................
မင်းကျန်စစ်ရဲ့ စိတ်ဓါတ်ကို ချီးကျူးပါတယ်..။
ခင်တဲ့
လေးမ

သဇင်ဏီ said...

သနားစရာကောင်းလိုက်တာ...
ကိုမင်းကျန်စစ်စိတ်ဓာတ်လေးက လှတယ်...

Unknown said...

ဒီမှာလည်း စားသောက်ဆိုင်တွေမှာ အများဆုံးတွေ့နေ၇တယ် မြင်၇တိုင်းစိတ်ထဲ မကောင်းဘူး အ၇မ်းခံစား၇တယ် ကိုယ်လည်းတချိန်ကျ ဒီလိုဘဲ အိုမင်းမစွမ်းဖြစ်လာမှာလေေ၇ှာင်လွဲလို့မ၇တဲ့ ဇ၇ာပေါ့ မလေးမ ပြောသလို ဘိုးဘွား၇ိပ်သာက ဘယ်သူတွေအတွက်လည်းမသိဘူးနော်
သူတို့ က မှ ပင်စင်ထုတ်ပြီး ကိုယ်ငွေနဲ့ ကိုယ် စားနိုင်သေးတယ်
ကိုယ်အဘွားက 93 နှစ်၇ှိပြီ ပင်စင်က ၃၀၀ ကျပ်၇တယ် ၇ှမ်းခေါက်ဆွဲတပွဲစာတောင်မ၇ှိဘူးနော် ကယ်သူမ၇ှိတဲ့ တခြားဘိုးဘွားတွေ ဘယ်လိုများ၇ပ်တည်မလဲ မသိဘူးနော်