သူငယ်ချင်းရေ ဒီနေ့ ပြင်းပြင်းပြပြကို သတိရနေမိတယ်။ ဓါတ်ပုံတွေရော စာတွေပါ ထုတ်ဖတ်ရင်းနဲ့ပေါ့။ နင်နဲ့ငါ မြို့ငယ်လေး တစ်မြို့မှာ မွေးဖွားကြီးပြင်းခဲ့တာလေ။ နင်ကတောင် ငါ့ထက် လပိုင်းကြီးသေးတယ်။ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းလေး တစ်ကျောင်းမှာ မူလတန်းကနေ တက္ကသိုလ်ဝင်တန်း ပြီးဆုံးသည်ထိ တူတူတက်ခဲ့ကြတယ်လေ။ ငါ့ဟာ ငယ်ငယ်ကတည်းက စတတ်နောက်တတ်လို့ နင်တို့ သူငယ်ချင်းအုပ်စုကလည်း သတိထားမိမှာပေါ့။ ကျောင်းမှာ ရေပြတ်တဲ့ အခါတိုင်း နင်တို့ သယ်လာတဲ့ ရေဗူးကိုလည်း ကပ်သောက်တတ်သေးတယ်လေ။ ငါ့ရဲ့ ငယ်ဘဝမှာ တစ်ဦးတည်းသော သားမို့ အခင်တွယ်ဆုံးက သူငယ်ချင်းတွေပေါ့။ အသက်မပြည့်ပဲ မေမေ ဆရာမမို့ ကျောင်းအုပ်ကြီးကို ပြောပြီး ၄ နှစ်ကျော်နဲ့ ကျောင်းတက်တဲ့ ငါ့အတွက် သူငယ်ချင်းတွေ အားလုံးက ငါ့ထက် အကြီးတွေချည်းပဲ ဖြစ်နေလေရဲ့။ အလယ်တန်းရောက်တော့ နင်နဲ့ငါရဲ့ ခင်မင်မှုတွေ ပေါ်လွင်လာတယ်။ မိဘတွေပါ ရင်းနှီးပြီးသားမို့ နွေရာသီ ကျောင်းပိတ်ရက်တိုင်း တစ်ယောက်အိမ် တစ်ယောက် အမြဲလည်ဖြစ်ခဲ့ကြတယ်။ စာမတော်ဘူးလို့ အားငယ်တတ်တဲ့ နင့်ကို အမြဲ အားပေးခဲ့တယ်။ အထက်တန်းရောက်တော့ ကျူရှင် အတူတူ တက်ချင်ပေမယ့် အိမ်ဝေးနေလို့ အတူတူ တက်ခွင့်မရလိုက်ဘူးနော်။ စိတ်ကစားတတ်တဲ့ အရွယ်ရောက်တော့ ငါ့သူငယ်ချင်းတစ်ယောက်နဲ့တောင် နင့်ကို အောင်သွယ်ပေးလိုက်သေးတယ်။ သူနဲ့ အဆင်မပြေတဲ့အခါ နင်စိတ်ညစ်တယ် ပြောနေပေမယ့် အဲဒီမျက်နှာကို ငါမှတ်မိနေသေးတယ်။ တကယ် ရင်ထဲက နက်နက်နဲနဲ မဟုတ်ဘူးဆိုတာကိုပေါ့။ နင့်ဆီ သတိရတိုင်း ပြိုင်ဘီးလေးနဲ့ မယ်ဇလီလမ်း ကုန်းတက်လေးကို နင်းလာခဲ့ရတာလဲ ငါအမြဲ အမှတ်ရနေတယ်။(၁၀)တန်း အောင်စာရင်း ထွက်တဲ့နေက ငါတို့တွေ ပျော်လွန်းလို့ ဘုရားတွေ သွားခဲ့ကြတာကိုလည်း မမေ့နိုင်ဘူးဟာ။ သူငယ်ချင်းတွေက ဖိနပ်ဖွက်ထားကြလို့ ဘုရားပေါ်ကအဆင်း နင်နဲ့ ငါနဲ့ ဖိနပ်လိုက်ရှာခဲ့ကြတာလဲ မှတ်မိနေသေးတယ်။ ငါ့အဖိုးအဖွားရွာကို သွားတုန်းက နင်ပါ ပါခဲ့တယ်လေ။ ကျေးလက်ရဲ့ သဘာဝ အလှအပလေးကို မြတ်နိုးခုံမင်တဲ့ နင့်စိတ်လေးကို ငါသိခွင့်ရခဲ့တယ်။ စိတ်ညစ်လို့ ငါပျောက်သွားတဲ့အခါ ဘယ်မှာ ရှိနေမလဲ သိတာလဲ နင်ပဲလေ။ သွားထိုင်နေတတ်တဲ့ နေရာလေးကတော့ နင်နဲ့ငါ အမှတ်တရ ရှိခဲ့တဲ့ နေရာလေးပေါ့။ ငါ့အတွက် အအေးချမ်းဆုံးနေရာလေး အဖြစ် ခံစားနေရစမြဲပဲ။
ဆက်ရေးပါအုံးမည်...
ဆက်ရေးပါအုံးမည်...
1 Comment:
ဟေ့ကောင်..ခံစားချက်တွေပြင်းထန်နေပါလား
Post a Comment