Rec Comment OF M!иикy@иs^s Blog

သူငယ်ချင်း ငယ်ငယ် (၂)

(၁၀) တန်းပြီးလို့ တက္ကသိုလ်ကျောင်းတွေ ကိုယ်စီတက်ကြတော့ နင်နဲ့ငါ မဝေးချင်ပေမယ့် အနေဝေးသွားကြရပြီလေ။ နင်ကတော့ မြို့ငယ်လေးနားက တက္ကသိုလ်မှာပဲ တက်ခဲ့တယ်လေ။ ငါ့ရဲ့ တစ်နှစ်တစ်ခေါက် ရှားရှားပါးပါး ခွင့်ရက်လေးတွေတိုင်းမှာ နင်တို့နဲ့ပဲ ကုန်ဆုံးစေ ခဲ့တာလေ။ ခွင့်ရက်တိုင်းမှာ အလျှူလုပ်ရင်လဲ တစ်နေကုန် လာချက်ပြုတ်ပေးနေခဲ့တယ်။ ချက်ရင်း ပြုတ်ရင်း သူငယ်ချင်းတွေ ကြားထဲမှာ နင့်နာမည်ပြောင် ဖွားဖွားလို့ စတော့ စိတ်ဆိုးလို့ ဂစ်တာတီးပြီး ချော့ခဲ့ရသေးတယ်လေ။ ကျောင်းတက်တော့ နင့်ကိုလိုက်တဲ့ ကောင်လေးတွေအကြောင်းလဲ ငါ့ကို ပြောပြခဲ့တယ်။ အရွယ်ကြောင့် နင်ရော ငါပါ အမှား သေးသေးလေးတွေ ရှိပေမယ့် တစ်ကယ့် အချစ်ကို နင်ရော ငါပါ မတွေ့ခဲ့ကြဘူးလေ။ သူငယ်ချင်းတွေက ငါတို့ နှစ်ယောက်ကို ဘယ်လိုပဲ စနောက်နေပါစေ ငါတို့ ခင်မင်မှုကို အရောင်စိုးမခံရအောင် ကာကွယ်ခဲ့ကြတာ ယနေ့ထိပဲလေ။ နောက်ပြီး နင့်ကောင်လေးက တို့ရဲ့ ဖြူစင်တဲ့ သံယောဇဉ်ကို သံသယစကား ပြောလာရင် နင်ပြတ်သားစွာ ပြောခဲ့ဖူးတယ်နော်။ သူငယ်ချင်းနဲ့ ရည်းစားနဲ့ ယှဉ်ရွေးစတမ်းဆိုရင် သူငယ်ချင်းဘက်ကပဲ ရှိနေတတ်တဲ့ နင့်ကို ငါမေ့နိုင်ပါ့မလား။ မြန်မာပြည်က ထွက်ခါနီး လိုအပ်တဲ့ ပစ္စည်းတွေ နင်လိုက်ဝယ်ပေးခဲ့တာလေ။ မြန်မာပြည်က ထွက်ခါနီး မိဘတွေနဲ့ နှစ်ရှည်ခွဲရမှာမို့ မျက်နှာပျက်နေတဲ့ ငါ့အနားမှာ အားပေးခဲ့သူဟာ နင်ပဲပေါ့။ နင့်ရှေ့ မှာ ငါမငိုချင်လို့ အားတင်းရင်း စကားတပြောပြောနဲ့ ပုံမှန်နီးပါး ခွဲခွာနိုင်ခဲ့တယ်လေ။ ပင်လယ်ရပ်ခြား ရောက်တော့လည်း နင့်လက်ရေးလေးတွေ နင့်အားပေးစကားလေးတွေပါတဲ့ စာလေးတွေ ပုံမှန်မဟုတ်ပေမယ့် ရောက်ရောက် လာတတ်တယ်လေ။ ငါ့မွေးနေ့မှာ ဘုရားမှာ ရွှေသင်္ကန်းကပ်တဲ့ အလျှူခံ ဖြတ်ပိုင်းလေးတောင် ထည့်ပေးတတ်ခဲ့သေးတယ်။ နှစ်တွေ မကြာသေးပေမယ့် ခုတော့ အားပေးစကားသံတွေ ရင်ဖွင့်သံတွေ ဟာသတွေပါတဲ့ စာလေးတွေ ရောက်မလာတာကြာပြီပေါ့။ တခါက နင့်စာထဲမှာ ပါခဲ့ဖူးတယ်။ နင့်ငါက အချစ်မှာ တကယ် မခံစားတတ်သေးဘူးတဲ့။ မိဘသဘောကို မလွန်ဆန်ချင်တဲ့နင် ခုဘယ်လို ဒုက္ခတွေ ကြုံတွေ့နေမလဲ သိချင်လိုက်တာ။ ခုချစ်သူအဖြစ် ရှိနေသူကိုလည်း နင်တကယ်မချစ်မှာ ငါစိုးရိမ်တယ်။ ငါတို့သူငယ်ချင်းတွေ ပြန်ဆုံနိုင်မယ့် နှစ်တွေ လတွေ ရက်တွေ အများကြီး ကျန်ပေမယ့် ငါအရမ်း သတိရနေတယ်။ လွမ်းတယ်လို့လဲ ဖြူဖြူစင်စင် သုံးလိုက်ချင်တယ်။ စာမရေးပေမယ့် နင်ငါ့ကို မမေ့ဘူးဆိုတာတော့ ငါယုံကြည်နေတယ် ငယ်ငယ်။ ငါတို့ တစ်နေ့နေ့တော့ ပြန်ဆုံကြမယ် သူငယ်ချင်း ငယ်ငယ်ရယ်…

2 Comments:

သဇင်ဏီ said...

သူငယ်ချင်းမလေးနဲ့ အဖြူရောင်သံယောဇဉ်က ပိုပြီးသန့်ရှင်းပါတယ်...
မွေးနေ့က အလှူခံဖြတ်ပိုင်းလေးကတော့ အရမ်းကြည်နူးစရာပါပဲနော်..
အဆင်ပြေပါစေ ကိုမင်းကျန်စစ်ေ၇..

Sophie said...

ကောင်းတယ် အစ်ကိုရေ... ရေးတာက ရသလည်း မြောက်တယ်။ ဖြူစင်တဲ့ သံယောဇဉ်ကိုလည်း ထင်ထင်ရှားရှား ပြထားတယ်