Rec Comment OF M!иикy@иs^s Blog

ရခဲ့ဖူးတဲ့ ချောကလက်တစ်တောင့်

ချစ်သူများနေ့ဆိုတဲ့ နေ့လေးတစ်နေ့ ရင်ထဲကို စတင်ရိုက်ခတ်လာတဲ့ အချိန်ကတော့ ၉တန်း အရွယ်လောက်က စတာပါ။ အချစ်ဆိုတာ ဘာလဲလို့ စူးစမ်းနေတဲ့ အချိန်ပေါ့။ မတောက်တခေါက် ချစ်ချစ်မလေးတွေနဲ့ ပို့စ်ကတ်လေးတွေ လဲခဲ့ဖူးပါတယ်။ ခုချိန်ပြန်မြင်ယောင်မိတိုင်း ပြုံးယောင်သန်းမိပါတယ်။ ရည်းစားပါးလေး ဝလာတဲ့ နှစ်ရောက်တော့ လက်ဆောင်ရတဲ့ ချောကလက်တွေကို သူငယ်ချင်းတွေကို ပြုံးဖြဲဖြဲ ကြွားရင်း လိုက်ကျွေးဖူးလိုက်သေးသဗျ။ နောက်တနှစ်မှာတော့ မှတ်မှတ်ရရ ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်ပေးသူကတော့ လက်ဦးဆရာအဖြစ် စာသင်ပေးတဲ့ အသက် ၆၀ လောက်ရှိသူ ရုရှားဆရာမကြီးပါပဲ။ ကျနော်တို့ကို စာသင်တာဟာ သူ့ဘဝရဲ့ နောက်ဆုံး စာသင်နှစ်ပါပဲလို့ သူပြောခဲ့တဲ့ စကားတွေကိုလည်း မမေ့နိုင်သေးဘူး။ ပင်စင် ယူတော့မယ်တဲ့လေ။ မြန်မာပြည်မှာ ရှိနေပေမယ့် ချစ်သူများနေ့မှာ အဓိပ္ပါယ်မဲ့ပြီး ယောင်တောင်တောင် ဖြစ်နေကြတဲ့ သူ့ကျောင်းသား ကျနော်တို့ကို သူကိုယ်တိုင် ဝယ်လာတဲ့ ချောကလက်တွေကို ကျနော်တို့လက်ထဲကို ထည့်ပေးတယ်။ အရမ်းကို အံ့အားသင့်သွားခဲ့တာ။ အသက် ၆၀ အရွယ်ရှိနေတဲ့ သူလို ဆရာမကြီးတစ်ယောက်ရဲ့ ရင်ထဲမှာ ချစ်သူများနေ့ဆိုတာကို မှတ်မှတ်ရရရှိနေတဲ့အတွက်ပါ။ သူ့အတွက် အမှတ်တရတွေ ရှိခဲ့တယ်လို့တော့ ပြောပြတယ်။ သူ့မျက်နှာပေါ်မှာ အတိတ်ကို ပြန်မြင်ယောင်နေတဲ့ ပြာလဲ့လဲ့မျက်ဝန်းနဲ့ လွမ်းစွတ်မှုတွေကို အားယူပြုံးရင်း ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေ အဖြစ်ဖုံးလွှမ်းထားတယ်။ သူကိုယ်တိုင်လဲ ကျနော်တို့နဲ့အတူ ချောကလက်စားရင်းမှ သူ့ခင်ပွန်းဆုံးပါးသွားပြီ ဖြစ်ကြောင်းပြောရင်း မျက်ရည်ဝဲလာတာ မြင်လိုက်ရတယ်။ သူ့တို့အတွက် ဘယ်လိုအမှတ်တရ ရှိခဲ့ကြမှန်း မသိရပေမယ့် ဘယ်လောက် တန်ဖိုးထားကြောင်းတော့ မြင်သာခဲ့ပါတယ်။ အသက်အရွယ်တွေ ဘယ်လောက် အိုနွမ်းသွားပါစေ အချိန်ကာလတွေ ဘယ်လောက် ကြာမြင့်သွားပါစေ ရင်ထဲမှာ ရှိနေသူအတွက် နေ့လေးတစ်နေ့ရဲ့ အမှတ်တရတွေဟာ ပျောက်ပျက်မှာ မဟုတ်တာ ခံစားမိတယ်။ ချစ်သူများနေ့ဆိုတာကို ရေရာတဲ့ အမှတ်တရမရှိပဲ ခံစားနေတဲ့ ကိုယ့်ကိုယ်ကိုတောင် ရှက်မိတယ်။ ဒါပေမယ့် အဲဒီနှစ် အဲဒီနေ့က ကျနော် ရခဲ့တဲ့ ချောကလက် ကတော့ ကျနော့ဘဝမှာ ပထမဆုံး အမှတ်တရ ဖြစ်လာစေခဲ့တယ်ဗျာ…

သူငယ်ချင်းတွေကတော့ ဒီချစ်သူများနေ့လေးမှာ အမှတ်တရ ရှိခဲ့သူတွေ ရှိမှာပါ။ ကျနော့်လိုတော့ မဟုတ်လောက်တာ သေချာမယ်ထင်တယ် ဟတ်ဟတ်။ ချစ်သူပေးတဲ့ ချောကလက်ကို ချိုမြိန်စွာ စားသုံးနိုင်တဲ့ သူငယ်ချင်းများဖြစ်ပါစေဗျာ။ ကျနော်ကတော့ လိုက်ကပ်စားမယ် ဟိဟိ။ ကိုယ့်ကို ပေးမယ့်သူမှ မရှိတော့လဲ အင်တာနက်က ချောကလက်တွေကိုပဲ ကြည့်ပြီး သားရေကျနေမိတော့တယ်။ ဓါတ်ပုံလေးတွေ တင်ပေးလိုက်တယ်ဗျာ။ ကြိုက်ရင်လည်း ယူပြီး E-mail ကတဆင့် အီးချောကလက်လေးတွေ ပို့လိုက်ကြပေါ့ ဟိဟိအားမရသေးရင် ခြင်းလိုက်သာ မ သွားတော့ဗျို့ :D ချစ်သူများနေ့မှာ ချစ်သူတိုင်း ပျော်ရွှင်နိုင်ပါစေ...

7 Comments:

သန့်ဇော်မင်း said...

ဘာပဲဖြစ်ဖြစ်.. အားကျတယ်ဗျို့..
ကျွန်တော်ဆို အခုထီ ချောကလက်မစားဘူးသေးဘူး..

Anonymous said...

ကိုကျန်.....ကျွန်တော်လဲခင်ဗျားကို ချောကလက် ကျွေးမလို့
ဒါပေမယ့် man အချင်းချင်း valentine မှာကျွေးရင် broke back ဖြစ်နေမှာ စိုးလို့ မကျွေးတော့ဘူးနော့်။ ဟီး......ဟီး

Anonymous said...

ချစ်သူများ နေ့ လေးမှာ ချစ်သူတိုင်း ပျော်ရွှင် နိုင်ကြပါစေ...
အားလို့ တွေ့နိုင်ကြတဲ့ ချစ်သူတွေရော..
မအားလို့ မတွေ့ နိုင်ကြတဲ့ ချစ်သူတွေရော..
ချစ်သူများနေ့ မှသည် နောင်နှစ်တွေ မှာလဲ.ဆုံဆည်းနိုင်ကြပါစေ..ပျော်ရွှင်နိုင်ကြပါစေ..
တစ်ယောက်သော သူကို..ကိုယ်တိုင်လေး ချောကလက် ကျွေးချင်နေ မိတယ်..တစ်ချိန်ပေါ့နော်..
မင်းကျန်စစ် ချောကလက်တွေ အကုန်ယူသွားပြီနော်..

Anonymous said...

ကြုံတုန်းလေး ၀င်ကြွားလိုက်ဦးမယ်ဟေ့..။ လေးမလဲ အမှတ်တရ ချစ်သူများနေ့ လေး တစ်နေ့  ပိုင်ဆိုင်ခဲ့ဖူးတယ်...။ ကဒ်လေးရယ်..နှင်းဆီပန်းတွေ( ဘာရောင်မှန်း မမှတ်မိတော့ဘူး..) ၊ ချောကလက်ရယ် ( သွားကိုက်လို့ ဆရာဝန်ဆီပြေးရသေ.း) ၀က်ဝံရုပ်ရယ်..။ ဟိ..။
ဒါပေမယ့် အဲဒီ တစ်နှစ်ပဲ.....ဟင့်...။

မြရွက်ဝေ said...

ချော့ကလက်လာ ချောင်းတာ။ ဒီမှာတော့ အများအားဖြင့် ဖေဖော်ဝါရီ၁၄မှာ မိန်းကလေးတွေက သူတို့သဘောကျတဲ့သူကို ချော့ကလက်ပေးပြီး ဖွင့်ပြောကြတာများတယ်။ မူလတန်း အရွယ်တွေကစပြီးလုပ်ကြတာဘဲ။ နောက် လုပ်ငန်းခွင်ထဲမှာလဲ မပေးမနေ ကိုယ့်ဝန်းကျင်က အမျိုးသားတွေကို ချော့ကလက် ပေးရတယ်။ "ဂီရိ"ချော့ကလက် (တာဝန်အရ ချော့ကလက်)ဆိုဘဲ။ အမကတော့ လည်ချောင်းတွေယားပြီး အဟွတ် အဟွတ်နေလို့ ဒီဖေဖော်ဝါရီ ၁၄တော့ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ အဟွတ် --

Winkabar said...

ချော့ကလတ်လာယူသွားတယ် ကိုမင်းကျန်စစ်ရေ။ ချော့ကလတ်ပေးမယ့်လူမရှိရင် ဟိုပြိုင်ပွဲမှာဆုရရင် ကဗျာမတောင်းပဲ ချော့ကလတ်တောင်းလိုက်ပါလား။ အမှတ်တရပေါ့။ :D Happy Valentines Day ပါနော်။

မောင်ထုဆစ်သော "ပန်းလေး" said...

နောက်ဆိုရင်တော့ ချော့ကလက်ဝိုင်းလေးတွေ ပန်းလေးကိုယ်စား အစားမခံတော့ဘူးတဲ့။