သင်္ကြန်ရေတွေ ပက်ဖြန်းခွင့်ရမယ့် နောက်ဆုံးနေ့ …
မနက်အိပ်ယာနိုးတာနဲ့ လေညှင်းထဲမှာ ပိတောက်ရနံ့တို့ စီးမျောလာသည်။ စိတ်ထဲမှာ ချက်ချင်းသိလိုက်၏။ ရွှေဝါပိတောက်တို့ ပွင့်လန်းလေပြီ။ မျက်နှာသစ်ပြီးတာနဲ့ လမ်းထိပ်က ပိတောက်ပင်ကြီးဆီ ထွက်လာခဲ့သည်။ ပိတောက်ပွင့်တို့ကို ကြည့်ရင်း ပျော်လာမိသည်။ ညက ရွာသွန်းခဲ့သည့် သင်္ကြန်မိုးကိုလည်း ကျေးဇူးတင်မိပါရဲ့။ တံခြူဖြင့် ခြူနိုင်လောက်သည့် အမြင့်တွင် အပွင့်ကောင်းကောင်းတို့ မရှိ။ ပိတောက်ပင် ပိုင်ရှင်အား ခွင့်တောင်းပြီး တက်ခူးခဲ့သည်။ ပိတောက်ပွင့်တို့ ညို့ယူအားကြောင့် တစ်ကိုင်းတချို့ဖြင့် စူးငြိ နာကျင်သော်လည်း မမှုအား။ ပိတောက်ခိုင်တို့ တပွေ့တပိုက်နှင့် အိမ်ပြန်ရောက်သောအခါ မေမေက တအံ့တသြ ကြည့်နေသည်။
“အများကြီးပါလား သားရဲ့။ ဝယ်လာတာလား”
“မဟုတ်ဘူး မေမေ။ သားကိုယ်တိုင် ခူးလာတာ။ မေမေ ဘုရားတင်ဖို့”
“ဟုတ်မှ ဟုတ်ရဲ့လား သားရယ်။ တယောက်ယောက်ကို ပေးဖို့များလားလို့” ပြုံးစိစိဖြင့် မသိဟန်ပြုကာ ဆိုလေသည်။
ပြန်ဖြေစရာ အဖြေမရှိ။ ဘုရားတင်ဖို့သာ ခူးလာသည် မဟုတ်။ အပွင့်လှလှ လေးငါးခက်ရွေးချယ်ပြီး စက်ဘီးလေး ယူကာ အိမ်မှ ထွက်လာခဲ့သည်။ မေမေနှင့် ဖေဖေကတော့ သိလျှက်နှင့် မမြင်သလို နေပေးကြသည်မို့ ခေါင်းငုံ့ မျက်နှာဝှက်ကာ အမြန်ထွက်လာခဲ့သည်။ လေအရှိန်ဖြင့် ပိတောက်ပွင့်တို့ ကြွေမည်စိုး၍ စက်ဘီးကို ထိမ်းနင်းကာ ငုတို့ ပွင့်လန်းနေသည့် ကုန်းလေးတစ်လျှောက် နင်းတက်ရင်း သူငယ်ချင်းမလေး ခင်သူ့ဆီသို့ …..
အဝေးမှပင် မြင်နေရသည်။ အိမ်ရှေ့တွင် ဒန်းစီးရင်း ငေးငိုင်နေသော ခင်သူ။ သူမအနားသို့ ရောက်သည့်တိုင် အသိမပေးပဲ ရောက်လာခဲ့သည်။ ဘေးက စာအုပ်တွင် တချို့ကို ရေးမှတ်နေပုံရသည်။ ရေးရင်းနှင့်ပင် မျက်ရည်စတချို့ သုတ်လိုက်သည်ဟုလည်း ထင်မိ၏။ ခင်သူ ငိုနေသည်လား ကျနော်မသိ။ စိတ်ထဲမှာတော့ စိုးရိမ်စိတ်တို့ ကြီးစိုးလာသည်။ အနားရောက်လာတော့ သိလိုက်ရသည်က သူမရေးနေသည်မှာ ကျနော် ပေးခဲ့ဖူးသည့် ဒိုင်ယာရီစာအုပ်လေး။
“ခင်သူ …. နင်ငိုနေတာလားဟင်”
ဖြတ်ခနဲ့ အံ့သြသည့် အမူအရာလေးနှင့် လှည့်ကြည့်ရင်း မျက်နှာတွင် ရှက်သွေးတို့ လွှမ်းသွားသည်ကို တွေ့လိုက်ရသည်။ ရှက်နေသည့် မျက်နှာလေးကို လေညှင်းလေးက အလိုက်တသိနဲ့ ဆံနွယ်တချို့ကို ဆွဲယူ ဖုံးကွယ်လိုက်သယောင်ပင်။ ခင်သူက မျက်ရည်စတို့ကိုလဲ ခိုးသုတ်နေရင်း
“နင် ဘယ်တုန်းက ရောက်နေတာလဲ”
“ခုလေးတင်ပါပဲ။ စက်ဘီးနဲ့ လာတော့ အသံမကြားရလို့ နင်သတိမထားမိတာ ဖြစ်မှာပါ။ ရော့ .. နင့်အတွက် ပိတောက်ပန်း။ ငါကိုယ်တိုင် တက်ခူးလာတာ”
“နင် ငါ့ကို သတိရသေးတယ်နော်” ခေါင်းလေးငုံထားရင်းက ပြောသည်။
“နင်ဟာ ငါ့ရဲ့ သံယောဇဉ်အရှိဆုံးသူလေ။ သတိရလို့ နင့်ကို ပန်စေချင်လို့ လာပေးတာပေါ့။ ပန်လိုက်နော်”
ကြည်နူးသွားသည့် မျက်နှာလေးက အလွန်ပင် အပြစ်ကင်းနေသည်။ ပိတောက်တို့ကို သူ့လက်ထဲသို့ ထည့်ပေးပြီး ပန်ဖို့ အကောင်းဆုံး အပွင့်တချို့ကို ရွေးချယ်ပေးလိုက်သည်။ ပိတောက်တို့ လက်ကမ်းပေးသည့် အချိန်မှာပင်….
“ဟယ် ထူးအောင် နင့်လက်မှာ ဒဏ်ရာတွေနဲ့ပါလား။ နင် လမ်းမှာ ရန်ဖြစ်လာတာလား”
“မဟုတ်ပါဘူးဟာ။ ပိတောက်ပင်ပေါ် တက်ရင်း သစ်ကိုင်းခြစ်မိပြီး ပြဲသွားတာပါဟ။ မေမေက ပြုံးစိစိနဲ့ ကြည့်နေတော့ ငါလဲ ဆေးမထည့်မိပဲ အမြန်ထွက်လာမိတာ။ အရေးမကြီးပါဘူး။ နင်ပန်လိုက်အုံးနော်”
ပိတောက်ပွင့်တို့ကို ကလစ်လေးဖြင့် ညှပ်၍ ဆံနွယ်တို့ထက်မှာ နေရာပေးလိုက်သည်။
“ကဲ … ရပြီလား” မျက်နှာလေးမော့ကာ ပြုံးရွှင်စွာဖြင့် ဆိုသည်။
“အင်း .. ရပြီ”
“ဒါဆို နင့်လက်ဆေးထည့်ပေးဖို့ ဆေးဗူးသွားယူလိုက်အုံးမယ်။ နင်ကလေ ငယ်ငယ်ကအတိုင်း ပေပေတေတေနဲ့။ အနာကိုတောင် သေချာဂရုမစိုက်ချင်ဘူး။ အရက်ပြန်နဲ့ကို လောင်းပစ်အုံးမယ်” ပြောလဲပြောရင်း အလျှင်စလိုဖြင့် အိမ်ထဲသို့ ပြေးဝင်သွားသည်။ ကျနော် အနာတစ်ခုခုဖြစ်ပြီဆိုလျှင် ခင်သူ စိတ်ပူတတ်သည်က ဟိုးယခင်ကတည်းကပင်။ ဒန်းပေါ်မှာ ထိုင်ရင်း ဒိုင်ယာရီစာအုပ်ကလေးကို ဂရုပြုမိလိုက်သည်။ ဖောင်တိန်လေးက အဖုံးဖွင့်လျှက်သား။ ရေးလက်စ ဖြစ်ဟန်တူသည်။ အနာရင်းမှာ စိတ်ပူနေသည်မို့ ဆေးဗူးအမြန်သွားယူရန် အိမ်ထဲပြေးအဝင်မှာ မေ့ကျန်သွားသည်ထင်၏။ ယူကြည့်ချင်သည့် စိတ်တို့ကို မတားလိုက်နိုင်ခင် စာအုပ်လေးကို လက်က ကောက်ယူလျှက်သား ဖြစ်နေသည်။
အားလုံးစုံအောင် ဖတ်ချိန်မရလိုက်သော်လည်း စာမျက်နှာတိုင်းမှာ သတိရကြောင်း လွမ်းဆွတ်ကြောင်းနှင့် မိန်းကလေး တစ်ဦး၏ ဖော်ထုတ်ခွင့် မရသော ချစ်ခြင်းတို့ ဖြစ်ကြောင်းကို သိခွင့်ရလိုက်သည်။ ရင်ထဲမှာ ကြည်နူးမှုတို့ ပြည့်နှက်သွားသည်။ အံ့သြမှုတို့ကတော့ သိပ်မရှိ။ ကျနော်ကိုယ်တိုင်လည်း သံယောဇဉ်တချို့ အရောင်ပြောင်းစ ပြုလာလေပြီလေ။ ခင်သူလဲ ကျနော့်လိုပဲ ခံစားရမည်ပေါ့။ ခင်သူ ဆေးဗူးလေး ကိုင်ကာ ပြန်ထွက်လာတော့ ဒိုင်ယာရီစာအုပ်လေးကို ပြန်ချကာ မသိသလိုလေး နေလိုက်သည်။ ခင်သူကတော့ လက်က ဒဏ်ရာကိုသာ အာရုံရောက်နေသည်။ အနာကို ဂရုတစိုက် ဆေးထည့်ရင်း ပါးစပ်ကလည်း တတွတ်တွတ်ဖြင့် အပြစ်တင်စကားဆိုနေသည်။
အနာကို အရက်ပြန်ထည့်နေသည်ကိုလည်း သတိမမူမိ။ သူ့အပြစ်တင်စကားတို့ကိုလည်း မကြားတော့။ စကားလည်း ပြန်မဆိုနိုင်။ ခင်သူ့မျက်နှာလေးကိုသာ မျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်။ စကားပြန်မရပဲ စိုက်၍သာ ကြည့်နေသော ကျနော့်အား ခဏအကြာတွင် ခင်သူ သတိထားမိပုံရသွားသည်။ မေ့ကျန်ခဲ့သော ဒိုင်ယာရီစာအုပ်လေးကို သတိရမိသွားထင်၏။ စာအုပ်လေးကို ဆွဲယူဖွက်လိုက်သည်။ မျက်နှာမှာတော့ ရှက်သွေးတို့ ပြည့်လျှမ်းလို့။
“ဒီ ဒိုင်ယာရီစာအုပ်လေး ယူသွားလည်း ဖတ်မိထားတဲ့ စာအုပ်ထဲက စာသားတွေကို ငါ မမေ့သွားပါဘူး ခင်သူရယ်။ နင့်ကို ဂရုမပြုမိပဲ အတုအယောင် အချစ်တွေ ကြားမှာ မိန်းမောခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ပါနော်”
“…………..”
“မိုးပြာနဲ့ ချစ်ခဲ့တဲ့ အချစ်တွေထက် ငယ်ငယ်ကတည်းက ရှိနေခဲ့တဲ့ နင်နဲ့ငါရဲ့ သံယောဇဉ်တွေကို အချစ်ထပ်ပေါင်းလိုက်ရင် တုနှိုင်းမရတဲ့ အချစ်တွေ ဖြစ်လာမှာပါ။ ငါလဲ ဘယ်အချိန်ဖြစ်ဖြစ် နင့်ကို သတိရနေခဲ့ပါတယ်။ မိုးပြာရဲ့ အချစ်တုတွေကြားမှာ ပျော်နေခဲ့ချိန်မှာတောင်မှပေါ့။ လှည့်ဖြားမှုတွေကို ခံလိုက်ရတော့ နင့်ဂရုစိုက်မှုတွေ ကြင်နာမှုတွေကို ပိုလွမ်းတတ်လာတယ်။ သူငယ်ချင်း ဘဝထက် ချစ်သူဘဝအဖြစ်နဲ့ နင့်ရဲ့ အကြင်နာတွေကို ပိုပြီး ခံယူချင်လာတယ်။ နင့်ကို ခံစားရအောင် လုပ်ခဲ့တဲ့အတွက် နင်ပျော်ရွှင်ကြည်နူးအောင် ငါ့အချစ်တွေ သစ္စာတွေနဲ့ ပေးဆပ်ချင်လာတယ်။ နင်သာ ခွင့်ပြုမယ်ဆိုရင် နင့်ကို အရမ်းချစ်တယ်ဆိုတဲ့ စကားလေး ပြောခွင့်ပေးပါလားဟင်”
“ဟွန်း လူလည်ကျလိုက်တာ။ ပြောပြီးကာမှ ခွင့်တောင်းနေသေးတယ်။ ငါက အရင်ချစ်ခဲ့ရသူပါ ထူးအောင်ရယ် ….”
စကားလုံးတို့ အများကြီး မလိုတော့။ ခင်သူနှင့် ကျနော့်ကြားမှာ နားလည်မှုများစွာတို့က ရှိနှင့်လျက်သား။ ဆေးထည့်ပေးနေသည့် ခင်သူ့လက်လေးကို ဆွဲယူဆုပ်ကိုင်လိုက်သည်။ တဖက်ကတော့ ပုခုံးလေးကို ဖက်လို့။ ခင်သူကလဲ အလိုက်သင့် ကျနော့်ရင်ခွင်ထဲသို့ မှီနွဲ့လာသည်။ ဆံနွယ်ထက်မှ ပန်းပိတောက်တို့ ရနံ့က ပို၍ မွှေးပျံ့နေတော့သည်။ လောကကြီး တစ်ခုလုံး ပန်းပိတောက်တို့ အပြည့်ဖုံးလွှမ်းသွားသယောင်။ ဒိုင်ယာရီ စာအုပ်လေးနှင့် ပန်းပိတောက်တို့က ခိုးကြည့်နေသလိုလို။
ညနေခင်းမှာ တစ်နှစ်တာအတွက် အစွမ်းကုန် ပက်ဖြန်းနေသည့် သင်္ကြန်ရေမဏ္ဍပ်တွေ ကြားမှာ ကျနော်နှင့် ခင်သူ နှစ်ယောက် ဆိုင်ကယ်လေး တစ်စီးတွင် အတူတွဲလျှက်။ အားကိုးတကြီး ဖက်သိုင်းထားသည့် ခင်သူ့လက်ကလေးကလည်း မြဲမြံလျှက်။ သင်္ကြန်ရေတွေ ကြားမှာ ပြုံးရွှင်နေသည့် ကျနော်တို့ နှစ်ဦး၏ ရင်ထဲက ကြည်နူးမှုတို့ကား မည်သူမှ မှန်းဆတတ်လိမ့်မည်မဟုတ်ပေ။ သင်္ကြန်အချိန်ကား မကြာမီ ပြီးဆုံးတော့မည်။ ကျနော်နှင့် ခင်သူရဲ့ အချစ်ကတော့ ဒီနှစ်သင်္ကြန် ပြီးဆုံးသွားသလို ပြီးဆုံးသွားမည်မဟုတ်။ သင်္ကြန်ရှိနေလေတိုင်း ရှိနေလေဦးမည့် ခိုင်မြဲသော အချစ်တို့နှင့်။
ဒီနေ့ သင်္ကြန်အတက်နေ့မို့ ညဖက်ပါ စည်ကားလျှက်။ သကြားမင်းကြီးလည်း ပြန်တော့မည်။ မိုးလင်းသည်နှင့် ခင်သူနှင့်အတူ ဘုရားသွားကြမည်။ ရှေ့ဘဝတစ်လျှောက် ခင်သူ၏ လက်ကိုတွဲလျှက် လျှောက်လှမ်းဖို့ အားအင်တွေ ပြည့်လျှက်…………
သင်္ကြန်ကို လွမ်းစိတ်နဲ့ ဖြေသာစရာဆိုလို့ ကျနော်တို့မှာ ခုလိုစာလုံးတွေ ဖွဲ့သီဖို့ပဲ ရှိတယ်လေ။ ဒါ့ကြောင့် ခုလို ဝတ္ထုလေး ရေးပြီး အလွမ်းဖြေလိုက်တာပါ။ ရေးရင်းနဲ့လဲ ဇတ်လမ်းဆင်ရင်း စိတ်ထဲမှာ တကယ်ကို နစ်မျောခံစားခဲ့ရပါတယ်။ သူငယ်ချင်းတွေ မေးကြသလို တကယ်ဖြစ်ခဲ့တဲ့ အကြောင်းတွေတော့ မဟုတ်ပါဘူး။ စိတ်ကူးယဉ် ရေးဖွဲ့ခြင်းသာ ဖြစ်ပါတယ်။ ကျနော်အရင်က ဝတ္ထုတွေ ရေးဖူးပေမယ့် ဒီတခါတော့ အရှည်ဆုံးလဲ ဖြစ်ပါတယ်။ ဝတ္ထုတိုလို့ ဆိုထားပေမယ့် မတိုမရှည် ဖြစ်သွားပါတယ်။း) တစ်ပိုင်းပြီး တစ်ပိုင်းကို အမြဲမပြတ် လာခံစားကြတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်လျှက်ပါ။ သူငယ်ချင်းအားလုံးလဲ သင်္ကြန်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေဗျာ။
17 Comments:
ချစ်သောသူနှစ်ယောက် သာယာသော ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်... ၀တ္တုလေးက အရမ်းကောင်းလို့ ဖတ်ရတာ မ၀ဘူး... ကြံဖတ်ကိုယ်တိုင်များလားလို့တောင် တွေးမိသေးတယ်... ဟိ ဟိ... ဆရာကြီး လျှိုမထားနဲ့နော်...
ဝေးး ...
တော်တော် ကောင်းတယ် တကယ်လိုပဲ ...
ချစ်သူလေး နဲ့ တွေ့မှ တစ်ကယ် ထင်လို့ ရှင်းနေရ ဦးမယ်
သေချာ စိတ်ကူးယဉ် ထားကြောင်း ...
very nice post
မိုးပြာလေးရဲ့ ရင်ထဲမှာ ကြည်နူးမှုနဲ့အတူ
နာကျင်မှုတွေနဲ့ ဆိုတာ
ဘယ်သူမှ မသိလိုက်ပါဘူးလေ
ထူးအောင် စိတ်ချမ်းသာဖို့ အတွက်
အသည်းနှလုံးနဲ့ အသက်ကို
စတေးခဲ့ပါတယ်
မိုးပြာ ဘာဖြစ်ဖြစ်ပါ
ထူးအောင်ရယ်
ဘယ်တော့မှ ပြန်လှည့်မကြည့်ပါနဲ့
တစ်ချိန်မှာ မိုးပြာ မရှိလည်း
ဘယ်လောက်ချစ်ခဲ့ရတဲ့
အချစ်တွေကိုတော့ နားလည်စေချင်ပါတယ်
ထာဝရပါ ထူးအောင် ထာဝရအတွက်ပါ.....
မိုးပြာရဲ့ ခံစားချက်ကျန်နေသလားလို့
ဟဲဟဲ .ဇတ်လမ်းလေးကို
နည်းနည်းလေး ဆက်ပေးလိုက်တာပါ.
ကောင်းတယ်ဟုတ်
နောက်ထပ် ဇတ်လမ်းလေး တွေရေးဦးနော်..
အိုးးဇာတ်သိမ်းသွားပလားကွ...မိုးပြာလေးတနားပါတယ်ကွာ
အင်းပါ ဘာပဲပြောပြော နောက်ဆုံးတော့လည်း ငယ်သူငယ်ချင်းမလေး ခင်သူပဲကောင်းပါတယ်နော်...ငယ်ငယ်ကတည်းက ရှိနေခဲ့တဲ့ ထူးအောင်နဲ့ခင်သူတို့ရဲ့ သံယောဇဉ်တွေကို အချစ်ထပ်ပေါင်းလိုက်ရင် တုနှိုင်းမရတဲ့ အချစ်တွေ ဖြစ်လာမှာပေါ့ကွာ ဟုတ်တယ်ဟုတ်...အဆင်ပြေပါစေချာတယ်ရင်းလေးရေ
သူများတွေလို ဆန့်ငင်ဆန့်ငင်မဖြစ်အောင် အားလုံးစုံမှ လာဖတ်တာ..။ ဟီး..။ ၂ မှာတည်းက ခင်သူနဲ့ ပေါင်းတော့မယ်ဆိုတာ ရိပ်မိသားပဲ.. ၃ မှာ လှည့်ကွက်စဉ်ပြီး မိုးပြာနဲ့ အပီ ကဲနေတော့ မျက်စိတောင်လည်သွားတယ်..။ လေးမသာ ခင်သူ့ နေရာမှာ ဆို မင်းသားကို ပြန် မကြိုက်ပါဘူး... ခေါင်းတောင် ခေါက်လွှတ်လိုက်ဦးမယ်..။ မင်းသား နာမည်က တယ်မိုက်ပါလားဟေ့..။ွ
အင်း.. ဇာတ်သိမ်းက ဒီလိုပဲဖြစ်ရမယ်လေ.. ပဲာပဲာ.. ထင်နေတာ.. :P ဒါပေမယ့် မိုးပြာနောက်တစ်ယောက် ရသွားလိမ့်မယ်ဆိုတာတော့ ထင်မထားဘူး။ တကယ်ကောင်းတယ်ဗျ။
ခံစားထားတာလေး အားပေးကြတာ ကျေးဇူးဗျာ။
ကြံစင်စုတ် - ဖတ်လို့ မဝရင် နောက်တပုဒ်ရေးပေးမယ်။
ဝတ္ထုက စိတ်ကူးယဉ်ပါဆို။ ဒဒယ်ဟုတ်ဘူးလေ။
ကိုကြီးစိုး - မနိုင်ရင် စစ်ကူခေါ်လိုက်မယ်လေး)
မေမိုး - ကျေးဇူး
နွေကဗျာ - အားပေးတာ ကျေးဇူးပါ။ ဒါပေမယ့် သေချာတော့ မဖတ်ဖြစ်လိုက်ဘူး ထင်တယ်။ မနွေကဗျာ ဆက်ပေးလိုက်တဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးဗျာ။ ဆက်ပေးတယ်ဆိုတာထက် ဝတ္ထုထဲက မိုးပြာရဲ့ ဇတ်ကောင်စရိုက်ကို လုံးဝကို ပြောင်းပစ်လိုက်သလို ဖြစ်သွားတယ် အဓိပ္ပါယ်ချင်းက တခြားစီပဲလေ။ သူဟာ သစ္စာမရှိပဲ အပျော်သာ ချစ်တတ်သူမို့ သူ့အတွက် နာကျင်မှုဆိုတာ မရှိနိုင်ဘူးလေ။ သူ့အသည်းနှလုံးတွေ စတေးရလောက်အောင် သူချစ်ခဲ့တာမှ မဟုတ်ပဲ။ သူက စပြီး သစ္စာဖောက်ခဲ့သူပါ။ ထူးအောင်အတွက် ထာဝရ ရှိမနေပါဘူး။ ထူးအောင်က ထားခဲ့သူလဲ မဟုတ်ပါဘူး။
မနွေကဗျာ ပြောသလိုဆိုရင် ထူးအောင်က သစ္စာဖောက်သူဖြစ်ပြီး မိုးပြာက ချစ်ရက်နဲ့ ခွဲခွာခံရသူအဖြစ် နာကျင်နေရသူ ၊ ထာဝရဆက်ချစ်နေမယ့်သူ အဖြစ်ကို ရောက်သွားပါတယ်။ အဓိပ္ပါယ် ကွဲသွားမှာ စိုးလို့ပါ။ ဝေဖန်အကြံပေးတာတွေကို ကျေးဇူး အမြဲတင်နေပါတယ်။
အိမ်လေး - ငယ်ကချစ် နှစ်တစ်ရာတိုင် မမေ့နိုင်တဲ့ တပည့်သယ်ရင်းလေးရ။ ဟတ်ဟတ်
မလေးမ - မလေးမကြီးနော် အနော့်မင်းသားကို လုပ်ရက်တယ်။ ပေးခေါက်ဘူး။
ကောင်မလေး - ဇတ်ကောင်တွေက ကျနော့လက်ထဲမှာလေ။ ဘာရမလဲ ပြောင်းပစ်တာပေါ့း)
i like too much.
very nice to read.
thanks for that post.
ဆြာကျန်... ရင်ထဲကိုကျန်သွားအောင်ရေး နိုင်တယ်ဗျာ... ဇာတ်သိမ်းကတော့ ဂွတ်တယ်.. ဆန့်ငင်ဆန့်ငင် ဖတ်နေရတာ အားမရလို့ ဒီနေ့မနက် အကုန်ပြန်ဖတ်သွားတယ်..
အင်း....ထင်တော့ထင်သား... ဒီလိုပဲ ဇာတ်သိမ်းမယ်လို့
မေသူနဲ့ပဲ ဖြစ်သင့်ပါတယ်ဗျာ.....
ကိုကျန်ရေ... လျှောမချနဲ့၊ လျှိုမထားနဲ့လေ။
စိတ်ကူးယဉ်ဇာတ်လမ်း ဆိုတာသေချာလားဗျ........
ဇတ်သိမ်းမှာပဲ ဘယ်တူနဲ့လည်းဆိုတာသိတော့မယ် ပျော်စရာကြီး ၀တ္တုပဲလားဗျ ကိုယ်တွေ့ ဖြစ်ရပ်မှန်လေးတွေကောေ၇းပါလား သင်္ကြန်အမှတ်တရပေါ့ :P
(၂)ပြီးကတည်းက မရောက်တာကြာလို့ အခုမှ အစအဆုံးတ၀ကြီး ဖတ်သွားပါတယ်။ သူများတွေလို ဆန့်ငင်ဆန့်ငင် မဖြစ်လို့ အရင်ရက်တွေက အလုပ်များပြီး မရောက်ဖြစ်တဲ့ ကိုယ့်ကိုကိုယ်တောင် ကျေးဇူးတင်မိပါသေးတယ်း) အရေးအသား သိပ်ကိုကောင်းပါတယ် မောင်လေး။ ခင်သူနဲ့ပဲ ပေါင်းမယ်လို့ ရိပ်မိပေမယ့် အရေးအသားက အစအဆုံး ဆွဲခေါ်သွားပါတယ်။ နောက်ထပ် ရေးပါဦး။ အားပေးနေပါ့မယ်း)
ကိုကျန်စစ်သားကြီးရေ ပြီးမရောက်လာလို့လားမသိဘူး အကုန်လုံး တစ်ဆက်တဲဖတ်လိုက်ရတော့ ကျေးဇူးဗျာ.. ဖတ်ရသူအဖို့ ကြည်နူးစရာလေးတွေကို ရစေပါတယ်ဗျာ..
စိတ်ကြိုက်ပြောရရင် ဇာတ်လိုက်မင်းသားက တော်တော်လိုသေးတယ်လို့ပဲ။ သင်္ကြန်တွင်းမှာတွေ့တဲ့ မိုးပြာဆိုတဲ့ ကောင်မလေးကို တစ်နှစ်လောက် ပစ်ထားခဲ့မှတော့ဗျာ... ဒီလိုပဲဖြစ်တော့မှာပေါ့။ ဒါပေမယ့် အမြဲတမ်းအဆင်သင့်ဆိုတဲ့ အရံမင်သမီးလေး ခင်သူရှိနေလေတော့လည်း... ဘယ်လိုဖြစ်ဖြစ် ဇာတ်သိမ်းကောင်းတယ်လို့ပဲ ပြောရတော့မှာပါပဲ။
ခင်ဗျားပို့မှ သေချာ ဖတ်မိတယ်။ ဂွတ်တယ်ဗျ။ ဟန်သစ်ငြိမ်က ကောင်းတယ် ပြောလွန်းလို့ ကျုပ်လည်း ဖတ်လိုက်တာ။
ကျုပ်တို့ လုပ်ပေးတဲ့ ဒီဇိုင်းလေး နှစ်သက်မယ်ထင်ပါတယ်။
မင်္ဂလာနှစ်သစ်ပါ ကိုယ့်လူရေ..
သင်ကာ
ခင်ဗျား ဒီတပုဒ်တော့ ပေါက်သွားပြီဗျ။
ဘက်ဆဲလားဘလော်ဂါ ဖြစ်သွားပြီ..အဟား..
မေ့ကျန်လို ထပ်ပြောတာဗျို့..
သင်ကာ
Post a Comment