“ ဖောက် ! ”
“ ဖောက် ! ”
“ ဖောက် ! ”
“ဟာ သွားပြီ။ ဟေ့ကောင် ငါ့စာအုပ်ပေါ် မိုးရေတွေ စိမ့်ကျလာပြီ။”
“အေးကွ ငါ့စာအုပ်ပေါ်လဲ ကျလာပြီ။”
“ကဲ တပည့်တို့ စာအုပ်တွေ လွယ်အိတ်ထဲထည့်ပြီး အတန်းနောက်မှာ စုပြီး ထိုင်နေကြနော်။”
ကျောင်းဆောင်အိုလေးရဲ့ သက်ကယ်မိုးတို့ မိုးရွာသည့်အခါတိုင်း မိုးစက်တို့ကို သူ့ရဲ့ မလုံမလဲ အကာအရံအောက်မှာ စာသင်နေသော ကျနော်တို့ဆီ လက်လျှော့ စွန့်လွှတ်လိုက်မြဲ။ မိုးပေါက်တို့ စာအုပ်ကျလာသည်ကို စာသင်နေဆဲ ဆရာမကလည်း သတိထားမိသွား သည်ထင်။ စာသင်ဆောင်ရဲ့ နောက်နားက မိုးအနည်းငယ်လုံသော မြေကွက်လပ်လေးဆီ စုထိုင်ခိုင်းလိုက်လေသည်။ ရေးလက်စ စာအုပ်ကို အမြန်လွယ်အိတ်ထဲ ထိုးထည့်ပြီး အတန်းနောက်လေးမှာ စုထိုင်နေလိုက်ကြသည်။ စာသင်ခုံတွေပေါ်မှာ မိုးရေတို့ တဖြည်းဖြည်း ရွှဲစိုလာသည်ကိုသာ ထိုင်၍ကြည့်နေရတော့သည်။
တခြားအတန်းမှ ကျောင်းသားများလဲ ကျနော်တို့လိုပင် စာသင်ခုံတွေမှာ ရှိမနေနိုင်တော့။ မိုးလွတ်ရာ နေရာတွေဆီမှာ ဟိုတစု ဒီတစု အတိုင်းသား မြင်နေရသည်။ စာသင်ခန်းက တစ်တန်းကို တစ်ဆောင်မဟုတ်။ ဟောခန်းရှည်အတွင်းမှာ တစ်တန်းနှင့် တစ်တန်း ခွဲခြားထားသည်တို့က ကျောက်သင်ပုန်းများနှင့် ဆရာမထိုင်သော စားပွဲများသာ။ ဒီမြို့လေးရဲ့ တခုတည်းသော အလယ်တန်း ကျောင်းလေးရဲ့ မူလတန်း ကျောင်းသား အားလုံးမှာ ဒီဟောခန်းရှည်အတွင်း၌သာရှိသည်။ နံရံတစ်ခုကတော့ အတွင်းဘက်မှ မျောတိုင်တတိုင်ဖြင့် ကျားကန်ရပ်တည်ထားရသည်။
ပြတင်းပေါက်တို့ ပိတ်ထားသော်လည်း မခိုင်မခံ့ပတ္တာတို့မှာ လေတိုးဒဏ်ကြောင့် တကျွိကျွိမြည်လျှက်။ တံခါးရွက်တို့မှာလည်း တဂျောက်ဂျောက်အော်နေဆဲ။ ကြောက်စိတ်ဖြင့် ငြိမ်သက်နေသော ကျနော်တို့ကြားမှာတော့ ဆရာမ၏ အားပေးသံနှင့် လေပြင်းတို့ စီးချင်းထိုးသံများ ကြီးစိုးလျှက်။ စာသင်ဆောင်ပေါ်မှ သက်ကယ်တို့ကို လေပြင်းဝှေ့သဖြင့် သက်ကယ်ချောင်းတွေက တဖျန်းဖျန်း။ မိုးရွာလို့ ခုံတွေရော လွယ်အိတ်ပါ မိုးစိုလို့ စာသင်တာ ရပ်ပြီး အိပ်ပြန်ခဲ့ရပေါင်းလည်း မနည်းတော့ပေ။ တခါတရံ အိမ်ပြန်ရလို့ မိုးရွာထဲမှာ ဆော့ရင်းပြန်ကာ ပျော်မိပေမယ့် ကြိမ်ဖန်များလာတော့ စာသင်ခန်း ချောင်လေးမှာ ကပ်ပြီးမိုးခိုနေရတာကို ဝမ်းနည်းအားငယ်လာသည်။
လေပြင်းက ပြင်းသထက် ပြင်းလာသည်ထင့်။ အမိုးသက်ကယ်တို့ကို တုတ်နှောင်ထားသည့် နှီးများပြတ်တောက်ကာ သက်ကယ်ချပ်တချို့ ကျောင်းခေါင်မိုးကို စွန့်ခွာထွက်ပြေးလေပြီ။ လွင့်နေသော တိမ်တို့ကို တစထက်တစ ကျယ်ကျယ်ပြန့်ပြန့် မြင်လာကြရတော့သည်။ သစ်ရွက်စိမ်းတို့ ဖြုတ်ခူးလာသော လေပြင်းက ခေါင်မိုးအပေါက်မှ စာသင်ခန်းထဲသို့ သစ်ရွက်ကြွေတို့နှင့်အတူ တဟုန်ထိုး ဝင်လာကြသည်။
“ဆရာရေ မုန်တိုင်းကတော့ တော်တော်ပြင်းထန်တယ်။ အမိုးလည်း ပွင့်ကုန်ပြီ။ ကလေးတွေအတွက် ဒီအဆောင်ထဲမှာ စိတ်ချရပါ့မလား။ ပြန်ခိုင်းလိုက်ရင် ကောင်းမလား။”
“လေကတော့ တော်တော်ပြင်းနေတာပဲ။ ဒါပေမယ့် မလွှတ်လိုက်နဲ့အုံး ဆရာမ။ အပြန်လမ်းမှာ သစ်ပင်ကျိုးတာ ဓါတ်တိုင်လဲတာနဲ့တွေ့ရင် ပိုအန္တရယ်ရှိတယ်။”
ဆရာနှင့် ဆရာမ ပြောနေသံကို ကြားပြီး ကြောက်စိတ်က ပိုဝင်လာသည်။ အမိုးပွင့်သွားသော နေရာမှ မိုးစက်တို့က မိုးခိုရာ နေရာထိ ရောက်လာသဖြင့် လွယ်အိတ်ထဲမှ ထီးလေးကို ထုတ်ဆောင်းမိသည်။ သစ်ပင်ကျိုးသံများလည်း ကြားလာရသည်။
“ဟေ့ကောင် လာလေ ထီးအောက်ဝင်”
“ဪ အေး”
လွယ်အိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း သူငယ်ချင်းနှစ်ယောက် စာသင်ဆောင်အောက်မှာပင် ထီးလေးဆောင်းကာ ငုတ်တုတ်လေး ထိုင်နေကြရသည်။ သူငယ်ချင်း မျက်နှာမှာ စိုးရိမ်စိတ်တို့ ပြည့်နှက်နေသည်။
“ကျောင်းပြန်ရင် သရက်သီးသွားကောက်ရအောင်ကွာ။ ဒီလေနဲ့ဆို အများကြီး ကြွေမှာကွ” စိတ်ပြောင်းအောင် ပြောလိုက်သည်။
“ဒီနေ့ အမေဖျားလို့ အလုပ်မသွားဘူးကွ။ အိမ်မှာ အမေတစ်ယောက်တည်း ကျန်ခဲ့တယ်။ အိမ်ခေါင်းရင်းက ကုက္ကိုကိုင်း ကျိုးကျရင် ငါ့အိမ်လေးလွတ်မှာ မဟုတ်ဘူးကွာ။ အမေ့အတွက် စိတ်ပူတယ်။”
ကျနော်လည်း ဘာမှ ပြန်မပြောနိုင်တော့။ ကျနော်လည်း အိမ်ကို စိတ်ပူနေသည်လေ။ ဆရာမကို အားကိုးတကြီး ကြည့်လိုက်တော့ သူလဲ ကျနော်တို့ဘေးနားမှာ ထီးလေးဆောင်းရင်း ဘုရားစာရွတ်နေသည်။ ဆရာကတော့ မျောတိုင်ထောက်ထားရသည့် နံရံနားမှ ကျောင်းသားများကို တခြားနေရာသို့ ရွေ့ခိုင်းနေသည်။ သက်ကယ်တို့လည်း တစ်ချပ်ပြီး တစ်ချပ်လွင့်စင်ကုန်သည်မှာ တဝက်နီးပါး ဖြစ်နေလေပြီ။ ထီးဆောင်းထားသော် လည်း မလုံတော့သည်မို့ ကျောင်းဝတ်စုံလည်း စိုရွဲလျှက်။ လူလည်း ခိုက်ခိုက်တုန်နေသည်။ တစ်နာရီလောက် တိုက်နေသည့် ဒီမုန်တိုင်းကလည်း ခုထိမရပ်သေး။
“ဝုန်း…..”
အသက်ရှုတို့ပင် ရပ်သွားမိသည်။ မျောတိုင်ထောက်ထားသော သစ်သားနံရံတစ်ချပ်မှာ အပြင်သို့ ရုတ်ချည်း ပြိုကျသွားသည့်မြင်ကွင်းမှာ မျက်ဝန်းမှတဆင့် နှလုံးသားကို ဆုတ်ညစ်ချေမွလိုက်သလိုပင်။ ကျောင်းသားများ နေရာပြောင်းလိုက်သည်ရော နံရံမှာ အပြင်ဘက်သို့ ပြိုလဲသည်ရောကြောင့် ကျောင်းသားများ အထိအခိုက် မရှိလိုက်သည်က တော်သေးသည်။ နောက်ထပ် နံရံတွေ ပြိုကျလာအုံးမလား မသိနိုင်ပေ။ ရှောင်ပြေးစရာလဲ မရှိ။ စာသင်ဆောင် အပြင်မှာလည်း မုန်တိုင်းက တဝှီးဝှီး ၊ သစ်ကိုင်းများ တဖြောင်းဖြောင်းကျိုး ၊ သစ်ပင်တို့ တစ်ပင်ပြီး တစ်ပင် ပြိုလဲနေသည်။ ဆရာ/ဆရာမများရဲ့ ညွှန်ကြားမှုအောက်မှာပင် သူငယ်ချင်းများနဲ့အတူ ဒီစာသင်ဆောင်ကြီး တစ်ဆောင်လုံး ပြိုလဲရင်လဲ ခံလိုက်တော့မည်လို့ ဆုံးဖြတ်ကာ မျက်စိစုံမှိတ်ထားလိုက်တော့သည်။ နားထဲတွင်တော့ ကျောင်းသူများရဲ့ ငိုသံများ ၊ သစ်ကိုင်းကျိုးသံများ….။
နောက် နာရီဝက်လောက်အကြာတွင် မုန်တိုင်းစဲသွားသည်။ ကောင်းကင်မှာလည်း တိမ်မည်းတို့ လျော့ပါးလာသည်။ မိုးစက်တို့တော့ တဖွဲဖွဲကျနေဆဲ။ ဆရာ/ဆရာမများလည်း မုန်တိုင်းကို စိတ်ချရပြီမို့ ဂရုတစိုက် အိမ်ပြန်ကြဖို့မှာကာ ပြန်လွှတ်လိုက်သည်။ စာသင်ခန်း တံခါးကို ဖွင့်လိုက်တော့ ကျောင်းဝင်းလေး တစ်ခုလုံး သက်ကယ်မိုးများ သစ်ကိုင်းများ သစ်ရွက်ကြွေများ ဟိုတစ ဒီတစ ပြန့်ကြဲလို့။ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ကစားခဲ့ကြသည့် မန်ကျည်းပင်ကြီးကတော့ အမြစ်တွေပေါ်ကာ တစ်ပင်လုံး လဲလျောင်းအိပ်စက်သွားလေပြီ။
ကျောင်းဝင်းထဲမှအထွက် လည်ပြန်ကြည့်လိုက်တော့ စာအံသံတွေ ဆွတ်ပျံ့နေခဲ့တဲ့ စာသင်ဆောင်လေးမှာ အရိုးကျဲကျဲ ခေါင်တိုင်များသာ ကျန်တော့သည့် ခေါင်မိုးလေး ၊ တဖက်ပွင့်နေသော နံရံလေးနှင့် တုံးလုံးလဲနေသည့် ကစားဖော် မန်ကျည်းပင်ကြီးတို့ အရုပ်ဆိုးစွာ ကျန်ရစ်ခဲ့သည်။ အိမ်ပြန်ရမည့် လမ်းလေးမှာတော့ သစ်ရွက်ကြွေများ သစ်ကိုင်းကျိုးများနှင့် လဲနေသော ဓါတ်တိုင်များ ပြည့်နှက်လို့…..။
ကျနော်ရေးတာက ငယ်ငယ်က ကျောင်းသားဘဝလေးမှာ မုန်တိုင်းကြောင့် ကြုံခဲ့ဖူးတဲ့ ခံစားမှုလေးပါ။ ခုလက်ရှိ အမိမြန်မာပြည်မှာ မုန်တိုင်းကြောင့် ဖြစ်နေတဲ့ ဆိုးကျိုးတွေထက် အဆများစွာ သေးငယ်ပါတယ်။ သေဆုံးခဲ့ကြရတဲ့ ပြည်သူပြည်သားများအတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်မိပါတယ်။ အတတ်နိုင်ဆုံး ကူညီဖေးမပေးနိုင်ကြဖို့လည်း တိုက်တွန်းပါတယ်။ သွေးချင်းမောင်နှမများ လေဘေးအန္တရာယ် ဆိုးကျိုးဒုက္ခများမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေဗျာ...
-
15 Comments:
ညီတော်ရေ.. ကျောင်းသားလေးတွေနေရာမှာ ကိုယ်တိုင်ရောက်သွားသလို ခံစားရတယ်ကွာ။ တကယ်ထိတယ်။
စိတ်မကောင်းဖြင်းများစွာနဲ့ ဖတ်သွားပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း သီလပြည့်စုံပြီး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ :)
ညီလေးရေ ... အစ်ကိုတို့လည်း တော ကျောင်းလေးက အောင်လာ တာပါပဲ ... အတူတူပဲ ... အညာဆိုတော့ မုန်တိုင်း မိုးသက် နည်းပေမယ့် တစ်ခြား ရှားပါးတဲ့ ပြဿနာ တွေ က မနည်းဘူး :)
ကိုယ်တွေပ တစ်ခါမှမခံစားရဖူးတော့ အဝေးကနေလုပ်ပေးသမျှက တကယ်ခံစားနေရတဲ့သူတွေရဲ့ ခံစားချက်ကို ဘယ်လိုမှထပ်တူထပ်မျှလိုက်လို့မီမှာမဟုတ်ပါဘူး မင်းကျန်စစ်ရယ်။ မှော်လင့်ချက်ကင်းမဲ့နေတာမဟုတ်ဘူး။ မှော်လင့်ချက်ဆိုတဲ့ ဝေါဟာရလေးတောင် မုန်းတိုင်းနဲ့အတူ ပျေက်ကွယ်ခဲ့ရှာပြီ။
မုန်တိုင်းတော့ မိပြီးသွားပြီ... မိုးကြိုးစာမိဖို့ပဲ ကျန်တော့တယ် ကြိုးစားပါ... :P စတာပါဗျာ.. ကျုပ်တို့တော့ လှူပြီးသွားပြီ...
ဘယ်သူမှ အလားတူ အဖြစ်အပျက်မျိုး နောက်ထပ်မဖြစ်ပါစေနဲ့ တော့။
I agree with NatShinNaung said..,
စိတ်မကောင်းဖြင်းများစွာနဲ့ ဖတ်သွားပါတယ်။
Soe Mya Nandar Thet Lwin
သြော်သဘာဝ ဘေးအန္တရယ်က
ဘယ်လိုမှ ရှောင်လွဲလို့မရပါလားနော်
လေပြင်းတွေ တစ်ဝုန်းဝုန်းကြားမှာ
မျက်စိလေး ကလည်ကလည်နဲ့
ကလေးလေးတွေ ဘယ်လောက် ကြောက်နေကြမလဲ
တွေးမိတယ် ...
ဘာမှ မဖြစ်တာတော်သေးတာပေါ့နော်..
အခု ကိုယ့်မြန်မာမှာ
တိုက်ခတ်သွားတဲ့ မုန်တိုင်းကြောင့်
ပျက်စီးနေတာတွေ သေဆုံးတဲ့သတင်းတွေ
ကြားသိရတော့
အရမ်းဝမ်းနည်းလို့ မျက်ရည်တောင်ကျမိပါတယ်
အားလုံး ဘေးအန္တရယ် ကင်းဝေးပြီး
နောက်ထပ် ဒီလိုမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်
စိတ်မကောင်းဘူးကွာ......
ပို့စ်လေးကို ဖော်ကျူးထားတာ ကောင်းတယ် အစ်ကို စိတ်တော့မကောင်းဘူး အောက်ဆုံးအပိုဒ်လေးဖတ်ပြီး စိတ်မကောင်းလည်းဖြစ်သွားတယ် နိုင်သလောက်လေးကူညီပြီးတော့ ကိုယ့်စိတ်ကိုယ်ဖြေရမှာပေါ့ဗျာ ဟုတ်ဘူးလားး။
ကိုကျန် မုန်တိုင်းထဲမှာ ဘာမှမဖြစ်တဲ့သူတောင် ဒီလောက်အားငယ်ခဲ့ရင်.....
မိဘနဲ့ကွဲပြီး ဒုက္ခရောက်နေတဲ့ ကလေးတွေ
ဘယ်လောက်အားငယ်မယ် မသိဘူးနော်....
စိတ်မကောင်းဘူးဗျာ......
ကောင်းတယ်ကွာ...။ ထပ်တူခံစားရပါတယ်..
မောင်လေးရေ စိတ်မကောင်းခြင်းများစွာနဲ့ ဖတ်သွားတယ်နော်... ရွာကနေအောင်လာတာ မဟုတ်ပေမဲ့ ယခုဖြစ်နေတဲ့ အဖြစ်ပျတ်တွေအားလုံးကို စာနာနားလည်ပေးနိုင်ပါတယ်... မမတို့လဲ ကိုယ်တတ်နိုင်တဲ့ဘတ်က ကြိုးစားကူညီပေးနေပါတယ်ရှင်... မွန်မြတ်တဲ့စိတ်ထားနဲ့ လှူနေကျတဲ့ အလှူရှင်တွေကိုလဲ သာဓုခေါ်ပါတယ်...
အားလုံးအတွက်စိတ်မကောင်းပါဘူး ထပ်တူခံစားရပါတယ်ဗျာ
အစ်မတစ်သက်မှာ တော့ မုန်တိုင်းဆို တာ ဒီတစ်ခါ ပထမဆုံး တွေ့ ဖူးတာပဲ ..။ ဆိုးပ့ါ ကျန်စစ်ရယ်..။
Post a Comment