Rec Comment OF M!иикy@иs^s Blog

ကျောင်းတော်အပြန်

ငယ်ငယ်ကတည်းက ခုလိုအချိန် ဒီအဝန်းအဝိုင်းထဲက ထွက်လာတိုင်း ပျော်ရွှင်နေစမြဲပါ။ ခုတော့ ငါ့ပျော်ရွှင်မှုတွေ သိပ်အရောင်မလက်သလိုပဲ။ ငါသိပါတယ်လေ။ ငါ့ပျော်ရွှင်မှုမှာ လွမ်းမောမှုတွေ စွက်နေလို့ထင်ပါရဲ့။

ကျောင်းဝင်းအထွက် ကားဂိတ်မှာ ငေးငေးငိုင်ငိုင်နဲ့ပဲ စီးရမယ့် ကားနံပါတ်ကို စောင့်ရင်း စီးကရက်တစ်လိပ်ကို ခပ်ပြင်းပြင်း တချက်ရှိုက်လိုက်တော့ မိန်းမောမှုတွေ ပိုပြီး စီးဝင်လာတယ်။ ခဏကြာလို့ ကားရောက်လာတော့ စီးကရက်ကို ထိုးချေရင်း ခြေလှမ်းတွေကို အားယူပြီး ကားပေါ်တက်လိုက်တော့ မနက်နဲ့ ညနေဆို လူရှုပ်နေတတ်တဲ့ ဒီကားပေါ်မှာ ခုတော့ နေ့လည်မို့ လူကျဲနေလေရဲ့။ ထိုင်နေရင်း ကားလမ်းတလျှောက် မြင်ကွင်းကိုကြည့်ပြီး ငါ့အတွေးတွေ ဆက်မိပြန်တယ်။

ဒီနေ့ ဘာလို့ မပျော်သလဲလို့ အဖြေရှာကြည့်တော့ ငါ့ကို နှုတ်ဆက်သွားတဲ့ အတန်းထဲက နိုင်ငံခြားသား သူငယ်ချင်းတွေကြောင့်လား ၊ အမြဲကြီးစိုးနေတတ်တဲ့ လွတ်ဆွတ်မှုတွေ နိုးကြွမှုကြောင့်လား ဝေခွဲမရနိုင်ပြန်ဘူး။ စာမေးပွဲဖြေအပြီးမှာပဲ တတန်းထဲ တူတူစာသင် နေကြတဲ့ ကုလားသူငယ်ချင်းတွေ နောက် ဒီမြို့ပေါ်ကမဟုတ်တဲ့ ရုရှားတချို့တွေလည်း နွေပိတ်ရက်မှာ ကိုယ့်နိုင်ငံ ကိုယ့်မွေးရပ်ကို ပြန်ကြတော့မှာမို့ လာနှုတ်ဆက်ရင်း မေးကြတယ် မင်းရော မင်းတို့ နိုင်ငံကို မပြန်ဘူးလားတဲ့။

ငါသိပ်မုန်းတဲ့ မချိပြုံးကိုပဲ စွဲစွဲမြဲမြဲ ပြန်လုပ်ပြပေးရပြန်တယ်။ တုံ့ဆိုင်းနေတဲ့ ငါ့ပါးပြင်ရဲ့ သွေးကြောတို့ကြောင့် အတော်လေးကို အကျီးတန်သွားမယ်ထင်ပါရဲ့။ ငါ့ဘဝရဲ့ အခွင့်အလမ်းထဲမှာ အဲဒီလောက်ထိ ဖြေသိမ့်နိုင်မှုတွေ မပါလာဘူးလေ။ တစ်နှစ်ပတ်လုံး ကျောင်းတက်ရင်း မိဘဆွေမျိုးတွေကို လွမ်းရသလို နွေကျောင်းပိတ်ရက်မှာလဲ မွေးရပ်မြေကို ပြန်နိုင်ဖို့ ၊ တစ်နှစ်တာရဲ့ တမ်းတရမှုတွေ ဖြေဖျောက်နိုင်ဖို့ ဖြေသိမ့်နိုင်စွမ်းမှ ဘဝထဲမှာ ပါမလာခဲ့ပဲ။

ငါနေချင်တဲ့ ငါ့မွေးရပ်မှာ မိုးသဲရင် သဲမယ် နေပူကျဲကျဲဖြစ်ရင် ဖြစ်မယ် မြစ်ကမ်းနဘေးက ငါ့မြို့လေးမှာ ရေကြီးရင် ကြီးနေမယ်။ ဒါတွေကို ငါခံနိုင်ရည် ရှိပါသေးတယ်။ ဒါပေမယ့် တိမ်တိုင်တွေ နှင်းမှုံတွေ ရှောင်ပေးမှ အမှတ်မထင် သာခွင့်ရတဲ့ နေရောင်ဖျော့ဖျော့ရဲ့ အောက်က နွေသစ်ပင်ရဲ့ ပုရစ်ဖူးတို့ နွေးထွေးမှုကို တောင့်တနေတဲ့ ဒီဒေသမှာ ငါ့ဘဝအတွက် ငါ့ပျော်ရွှင်မှုတွေ ငါ့ဆန္ဒတွေကို မြှုပ်နှံထားခဲ့တာလေ။

တော်ရာမှာ နေရင်း မြုပ်နှံထားရတဲ့ ပျော်ရွှင်မှုတွေကို ခုရလာတဲ့ အောင်မြင်မှုတွေကြောင့် တနေ့နေ့တော့ ပြန်တူးဖော်နိုင်ကောင်းပါရဲ့။

xxxxx xxxxx xxxxx

စာမေးပွဲအပြီး ကျောင်းအပြန် မိဘတွေကို လွမ်းစိတ်နဲ့ ရေးမိထားတာပါ။ နွေကျောင်း ပိတ်ရက်တွေမှာ အမိမြန်မာပြည်ကို ပြန်ခွင့်မရပေမယ့် ဘလော့သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးကြဖို့ မျှော်လင့်ပါတယ်ဗျာ... wink

18 Comments:

ရွှန်းမီ said...

သူများတွေ လွမ်းတောင်လွမ်းနေပြီပဲ . .

ပေဖူးလွှာ said...

ဒီအတိုင်းဆို မင်းကျန်စစ်ဆီက စာတွေ အများကြီးဖတ်ရတော့မယ် ထင်တယ်။

ဝဿန်ဦး said...

သူငယ်ချင်းရေ... တမင်တကာ မေ့ဖျောက်ထားတဲ့ စိတ်တွေ သတိရလွမ်းဆွတ်လာပြီကွာ....

ကိုရင်နော်ခင်လေးငယ် said...

မင်းကျန်စစ်ကြီး.. အနော့်လို အရမ်းလွမ်းပြီး ထန်းပင်ပေါ်တော့ ပြေးမတက်နဲ့နော်.. အိမ်ကိုလွမ်းလွမ်း.. ရည်းစားကိုလွမ်းလွမ်း.. လွမ်းတယ်ဆိုတာလည်း တကယ်တော့ အရသာတစ်မျိုးလေးဗျ.. လွမ်းဗျာ.. ပျော်ရွှင်တတ်တဲ့ (ကိုရင်နော်)

မောင်မျိုး said...

တူတူပါပဲ လွမ်းစရာတွေက လွမ်းတက်ရင်တော့ ကုန်မှာကိုမဟုတ်တော့ဘူး ကျောင်းကြီးကိုလေ ကျနော် လွမ်းတယ် သူငယ်ချင်းများကို ကျနော်လွမ်းတယ် အဲ့လိုပဲ အော်ဆိုပစ်လိုက်း)

Pan said...
This comment has been removed by the author.
layma said...

ကျန်စစ်ရေ ... ပိတ်ရက်မှာ အလွမ်းတွေ ပြေအောင် လျှောက်လည်နော...။ နာမည်ကြီး နေရာတွေ အကုန် လည် ..။ နောက်တစ်ကြိမ်ဆိုတာ မသေချာဘူး...။ အခွင့်သာတုန်း ... နေရာစုံရောက်အောင် လည်ထား...။ မွေးရပ်မြေဆိုတာ တနေ့ တော့ ရောက်ရမှာပဲ ...။ တစ်ခါတစ်လေကျတော့ လွမ်းနေရတာက အရသာရှိတယ်...။

အညာသား said...

လွမ်းနေကြတဲ့ တို့ညီအစ်ကိုတွေစု.... ဘီယာသောက်ပြီး ရင်ဖွင့်ကြရင် ကောင်းမယ်ကွ.... နော် :P

Heartmuseum said...

စာမေးပွဲပြီးပြီဆိုတော့ စာကောင်းလေးတွေ အပီအပြင် ဖတ်ရတော့မှာပေါ့။

ein said...

အလွမ်းတွေ အမြန်ပယ်ပျောက်ပါစေကွာ...။

wynn.sun said...

အပေါ်ထပ်ကလား.. :)

ကြယ်စင်နတ်သမီး said...

ကြံဖတ်ကလဲ လွမ်းတတ်လာပြီကိုး...း)
မောင်လေးကြောင့် ငယ်သူငယ်ချင်းတွေကို ပြန်လွမ်းသွားပြီ...

ကိုတိုးလေး said...

းအတူတူပါပဲဗျာ လွမ်းစရာတွေကိုလွမ်းတတ်ရင် တော့ကုန်မှာမဟုတ်သလို ကိုယ့်အတွက်လည်း အမြဲတမ်းလွမ်းဆွေးနေရပါလိမ့်မယ်ဗျာ။ အခုလည်းဗျာ ကျောင်းချိန်တွေက မအားတာနဲ့လာမလည်နိုင်ဘူး။ ညဘက်ကျတော့လည်း ကွန်ပျူတာမကိုင်နိုင်ဘူး ကျောင်းအစည်းအဝေး အဆောင်အစည်းအဝေးတွေနဲ့ရှုပ်နေလို့ဗျာ။ အခုလစ်တုန်းလာလည်တာဗျာ။

Nge said...

စာလာဖတ်ပြီး မြန်မာပြည်လွမ်းတဲ့ ဝေဒနာကို မျှဝေခံစားသွားပါတယ်။

သဇင်ဏီ said...

သနားပါတယ်ကွာ
အားလုံး အဆင်ပြေပျော်ရွှင်ပါစေ

BLACK DREAM said...

သြော်...ငါတို့ဘ၀ကြီးကလဲနော်...။ ဒါပေမယ့် ငါကတော့ ပြန်ရတော့မှာ...။ ဟိ...။ ဘာမှာအုံးမလဲ...။ ဘွတ်ကင် ကြိုလုပ်ထားနော်..။ ကံကောင်းရင် ဂျူလိုင်မကုန်ခင်...။ ကံမကောင်းရင် စက်တင်ဘာမကုန်ခင် ပြန်ရတော့မှာ..။ :P

Yin Nint Pan said...

အခုတော့ ကျောင်းတွေ ပြန်ဖွင့်ပီးမို့ လွမ်းဘို့ အချိန်သိပ်မရှိတော့ လောက်ဘူး။ ကြိုးစားထား မင်းကြီးရေ..

Anonymous said...

မင်းကျန်စစ် တစ်ယောက်တည်း နွေကျောင်းပိတ်ရက် အိမ်ပြန်လို့ မရတာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အဲသလိုလူတွေ ရှိပါသေးတယ်။ ရောက်နေတဲ့ နေရာမှာ ပျော်အောင်သာ နေလိုက်ပေါ့။