ခုစာမေးပွဲပြီးတာနဲ့ ပို့စ်ရေးဖို့ပဲ စိတ်ကရှိနေတာ ကိုယ့်ကိုယ်ကို မနည်းပေးနားထားရတယ်။ စာမေးပွဲတွင်းတုန်းက စာကျက်ရင်း သတိရမိတာလေးတစ်ခုပေါ့။ သူငယ်တန်းကနေ သုံးတန်းအထိ ဘယ်လက်နဲ့ စာရေးတဲ့ ကောင်လေးတစ်ယောက်က စာအရမ်းကြိုး စားခဲ့တယ်တဲ့။ အတန်းထဲမှာ အဆင့်၁တွေပဲ ရခဲ့တာတဲ့။ သူကြိုးစားပုံလေးက မနက်စောစော မိဘတွေ မသိအောင်ထပြီး စာကျက်တဲ့ အထိအောင်ပါပဲ။ သုံးတန်းမှာ ညာဘက်နဲ့ ပြောင်းရေးခိုင်းတော့ လက်ရေးကလဲ မလှတော့ဘူး။ အတန်းကြီးတာနဲ့အမျှ ကြိုးစားမှုတွေ မတိုးပဲ အပျင်းစိတ်တွေပဲ တိုးလာတယ်တဲ့။ မိဘပြောမှပဲ စာကျက်တော့တယ်။ ၉တန်း ၁၀တန်းမှာ စာကျက်ခိုင်းရင် စာအုပ်ကိုင်ပြီး အိပ်တတ်တဲ့ အကျင့်တစ်ခုရသည်အထိပဲ။ အိပ်ငိုက်နေပြီး မေးရင် ကျက်နေပါတယ်လို့ ပြောတတ်လာတော့ အဖေက စာကျက်ရင်း ငိုက်နေတုန်း စာအုပ်ကို လာဖွက်သွားတယ်။ ဝေးဝေးရောက်တော့မှ ငိုက်နေလားလို့ လှမ်းမေးတော့ ထုံးစံအတိုင်း စာကျက်နေပါတယ်ပေါ့။ ဘာစာတွေ ကျက်နေလဲလို့ မေးရင်းလျှောက်လာတော့မှ ကောင်လေးခမျာ ပျားတုတ်တော့တာပဲ။ ပြစရာ စာအုပ်မရှိတော့ဘူးလေ။ စာအုပ်တစ်ခုလုံး လက်ထဲက ယူသွားတောင်မှ မသိလိုက်ပဲ။ ဒီတော့ အဲဒီအဖေက ဆုံးမတယ်။ နေ့တစ်နေ့တိုင်းဟာ ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြရတဲ့ လူတိုင်းအတွက် သမိုင်းရဲ့ စာတစ်မျက်နှာပဲ။ မိဘတွေကိုရော ကိုယ့်ကိုယ်ကိုပါ ညာပြီးရေးနေတဲ့ သမိုင်းကြောင်းဟာ နောင်တချိန် နောင်တဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားလိမ့်မယ်တဲ့။ အဲဒီစကားကြောင့် ကောင်လေးက စောစောပြုပြင်နိုင်ခဲ့ပါတယ်။ စာကျက်နေတဲ့ သားကို လိုလေးသေးမရှိအောင် လုပ်ပေးခဲ့တဲ့ အဖေကို စာကျက်နေတိုင်း ကောင်လေးက သတိရ တမ်းတနေဆဲပါပဲ။ စာကျက်နေရတုန်းရှိတဲ့ သူငယ်ချင်းတွေလဲ ကိုယ့်ကိုယ်ကို မညာပဲ ကြိုးစားဖို့ အကြံပေးချင်တာကြောင့် ကောင်လေးရဲ့အဖြစ်ကို ရေးလိုက်ပါတယ်။ သူငယ်ချင်းအားလုံး ထူးချွန်နိုင်ပါစေ...
-
3 Comments:
ကျွန်မလဲ ငယ်ငယ်ကစာမျက်နှာတွေကို ညာပြီးရေးခဲ့ဖူးတယ်.. အခုတော့ အမှန်ကိုမြင်နေပါပြီ.. ဒါပေမယ့် အချိန်တွေကနည်းနည်းနောက်ကျသွားတယ်..
ဒီစာလေးကို.ဖတ်မိတဲ့အချိန်မှာ.နောင်တဆိုတာကို.တွေးမိလိုက်တယ်..ကျွန်မလဲ ငယ်စဉ်အခါက ဆုတွေတောင်ရခဲ့ဖူးတယ်..ကြီးလာတာနဲ့ အမျှ အပျင်းပိုးလေးတွေက ၀င်လာ တော့တာပါပဲ မိဘတွေရဲ့..တွန်းအားတွေနဲ့ ဂရုစိုက်ခဲ့မှုတွေ ကြောင့် ၁၀ တန်းကို တော့အောင်မြင်ခဲ့ပေမယ့် အမှတ်မကောင်းတော့.ဘာမှဖြစ် မလာခဲ့ဖူးပေါ့ သင်တန်းဆိုတာတွေတတ်တော့ လဲ.သိပ်ဂရုမစိုက်ခဲ့ပြန်ဘူးလေ. ကိုယ့်နိုင်ငံ.ကိုယ့်မိဘဆီ မှာဘာမှ သိပ်မထူးခြားပေ မယ့်.နိုင်ငံရပ်ခြားမှာတော့
အရမ်းကို သိသာခဲ့ရပြီလေ..ကျွန်မကိုယ်တိုင်ရေးခဲ့တဲ့
နောင်တ.သမိုင်းလေးတစ်ခုပေါ့.....အခုကျွန်မ အောင်မြင်မှုတွေနဲ့.သူများအထင်ကြီးလေးစား လောက်တဲ့ မိန်းမတစ်ယောက် အရမ်းဖြစ်ချင်မိတယ်..ကြိုးစားမှုသာရှိရင် ဘာမဆို.ဖြစ်ကိုဖြစ်ရမှာ ပေါ့နော်..။ ။
ကိုယ့်သမိုင်းကိုယ်ရေးနေတဲ့ မင်းကျန်စစ်ကြီးလဲ သမိုင်းနိုင်ပါစေနော်... နိုင်တာထက် သမိုင်းလှပါစေ.. အောင်မြင်တဲ့ အတုယူဘို့ကောင်းတဲ့ အောင်စစ်သည်တော်လေး အဖြစ်အမြဲ ဂုဏ်ယူနိုင်ပါစေ.....
Post a Comment