သို့ /
ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ ၊ ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင် ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ... သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်....
ယခုရည်းစားစာအား ဖတ်ပြီးပါက မိမိချစ်သူထံသို့ အမြန်ဆုံးပေးပို့ပါ။ မပို့မိပါက သင်၏ နောင်ဘဝသည် အနီရောင် စာသားများထဲမှ တစ်ခုခုဖြစ်လိမ့်မည်။ ဟီး :D နောက်တာပါဗျာ။ စိတ်ကူးပေါက်လို့ စုဆောင်းပြီးရေးလိုက်တာ။ စာဖတ်သူအားလုံး မင်းကျန်စစ်ကြောင့် ငါးသလောက်ပြုံးလေး ပြုံးနေရရင် ကျေနပ်ပါပြီ...

8 Comments:
သေပြီဆရာ...ထပ်ပြောတယ် သေပြီဆရာ။
လေးစားလောက်ပါ၏။ မှတ်သားလောက်ပါ၏
ချီင်္းမွမ်းလောက်ပါ၏..ငါ့ကောင်ကတယ်လည်း လက်
သံပြောင်ပါလား။
ရည်းစား စာက အရမ်းမိုက်တယ်နော်.အရမ်းသဘောကျ တယ်..ရင်ထဲအသည်းထဲကို. ခိုက်သွားတာပဲ အဲဒီ ကောင်လေးကို ဘာမှမစဉ်းစားပဲ.ချစ်လိုက်မယ်နော်..ဒါပေမယ့်
ပြောတဲ့စကားတွေက ထူးဆန်းတော့
ပြောလိုက်တဲ့.အကောင်လေးတွေကို.စဉ်းစားမိတိုင်း ကြက်သီးထမိတယ် အဟုတ်..
နောက်ဆို.ချစ်သူလက်ဆောင်ဆိုပြီး...အမယ်လေးလေး... ကြောက်ကြောက်.. :P
ဟီး ဟီး ဒီရည်းစားစာလေးက ဖတ်ရတာ ပျော်စရာကြီး..... ဟာသကြိုက်တဲ့ ငယ်တော့ ချစ်လိုက်မှထင်တယ်.... မဟုတ်ရင် ဟာသခွေတွေ ဌားကြည့်နေရတာနဲ့ မွဲတော့မယ်....
ကောင်းလိုက်တဲ့ရည်းစား...
ကြိုက်သွားပြီ..
လူကို....အဲမဟုတ်ပါဘူး
ရည်းစားစာ........
ဒီပို့စ်လေးကို ပရင့်ထုတ် တိရစ္ဆာန်ရုံထဲမှာ သွားဖတ် ငါးသလောက်ပြုံးလေးပြုံးမိတုန်း အမယ်လေး ပုရွက်ဆိတ်ကိုက်တယ်တော့ အဟတ်ဟတ် :P
ဖတ်ပြီး ငါးသလောက်ပြုံးတင်မက၊ ငါးခူပြုံးလေးပါပြုံးသွားတယ်နော်
ကောင်းလိုက်တဲ့ လက်သံ ပဲနော်
Post a Comment