Rec Comment OF M!иикy@иs^s Blog

ကိန္နရီချောင်းခြား လွမ်းရက်များစွာ

ကိန္နရီချောင်းခြားတဲ့ အဖြစ်ဟာ
ကိုယ့်အတွက်တော့
ကွမ်းတယာညက်ခန့်ပါပဲကွယ်…
တစ်စက္ကန့်ကို မြစ်တစ်မြစ်တား
စက္ကန့် ၊ နာရီ အမြောက်အမြားခြားနေတဲ့
ကိုယ့်ရင်ထဲမှာ
ဂန္ဒဝင်အလွမ်းရက်ရှည်ကြီးဖြစ်တဲ့
ရက်ပေါင်း (၇၀၀) ဟာ
ကွမ်းတစ်ယာညက်စာပါပဲ…

စန္ဒကိန္နရီဇတ်တော်ရဲ့ ဘလ္လာတိယပျို့မှာ မိုးလေတွေ လွန်စွာပြင်းထန်လို့ ကိန္နရီမောင်နှံဟာ ချောင်းတစ်ဖက်တစ်ချက်ဆီမှာ တစ်ညလုံး ကွဲကွာနေရတယ်။ နောက်နေ့ နံနက် ချောင်းရေကျသွားတဲ့ အချိန်မှာ ပြန်ဆုံကြတော့ တစ်ယောက်ကို တစ်ယောက်ဖက်ပြီးတော့ ငိုလိုက်တာ ရက်ပေါင်း (၇၀၀) ကြာတယ်တဲ့။

ကျွန်တော်ကတော့ ကိန္နရီမောင်နှံထက်ပိုလိုက်ချင်တယ်။ ဇတ်တော်မှာက တစ်ညလုံးမှာ ချောင်းတစ်ခုပဲ ခြားတာလေ။ ကျွန်တော်ကတော့ တစ်စက္ကန့်ကို မြစ်တစ်စင်း ခြားသလိုကို ဝေးကွာလွန်းတယ်လို့ တင်စားလိုက်တာပါ။ တစ်ညတာဝေးကွာလို့ ကိန္နရီမောင်နှံတို့ ငိုခဲ့တဲ့ ရက်ပေါင်း(၇၀၀)ကလဲ ကျွန်တော့်ရင်ထဲက အလွမ်းတွေနဲ့စာရင် ကွမ်းတစ်ယာညက်လောက် အချိန်လေးပဲ ရှိလိမ့်မပေါ့။ ကိုယ့်ရင်ထဲမှာ အလွမ်းတွေက များစွာသော ရက်ပေါင်း (၇၀၀) လောက်ထိ ရှိနေတယ်လေ။

ကမ္ဘာတစ်ဖက်တစ်ချက်စီမှာ မြစ်တွေ ၊ ချောင်းတွေ များစွာ ခြားနားလို့ ရှိနေကြတဲ့ ချစ်သူနှစ်ယောက်အတွက် အလွမ်းဆိုတာလဲ အတိုင်းအဆမရှိပေါ့။ ဒါပေမယ့်လည်းလေ အချစ်စစ်ဆိုတာကို ရင်ခွင်မှာ ထွေးပိုက်ရင်း နှစ်ဦးသားအားတင်းလို့ ဆုံနိုင်မယ့် အနာဂါတ် လေးဆီကို ဦးတည်လျှောက်လှမ်းလျှက်ပေါ့…

4 Comments:

သဇင်ဏီ said...

လှမှလှ..ခံစားချက်လေးက...
အရာအားလုံးအဆင်ပြေပါစေ..ကိုမင်းကျန်စစ်ရေ

Anonymous said...

စာလေးဖတ်ပြီး မင်းကျန်စစ်ရေးသလို ပဲ.ခံစားရတယ်.အရမ်းချစ်ကြတဲ့..ချစ်သူတိုင်းဝေးကွာနေ ရတဲ့ခံစားချက် က ရင်ထဲမှာ အတိုင်းအဆ မရှိအောင်.ခံစားရလို့ပါ.
အချစ်စစ်တွေနဲ့ ဆုံနိုင်မယ့် နေ့လေးကို..နားလည်မှုတွေနဲ့ ယုံကြည်စွာ စောင့်မျှော်နေရင်း ကိန္နရီမောင်နှံထက်ပို တဲ့ အလွမ်းနဲ့ ကျွန်မလဲ..ချစ်ဆုံးသူကို.လွမ်းနေပါတယ်...

MELODYMAUNG said...

ကွမ်းတစ်ယာညက်က ဘယ်လောက်ကြာတာလဲကွ တင်စားလွန်းပါပေ့ တူတော် မင်းကျန်စစ်ရယ် :) ဖတ်လို့တော့ကောင်းသား ဒါနဲ့ နင့်ချစ်ချစ်က အဒူတုန်းကွ :P

Kaung Kin Ko said...

တစက္ကန့် ကို မြစ်တမြစ်တားတဲ့။ ကောင်းလိုက်တဲ့ အဖွဲ ဗျာ။