Rec Comment OF M!иикy@иs^s Blog

တခါက မီးလောင်ပြင်မှာ (၁)

ခုတလော လူရော စိတ်ရော ထိခိုက်မှုတွေ များနေလို့ ဘလော့ဘက်မလှည့်ဖြစ်တာ တပတ်လောက်ဖြစ်သွားမိတယ်။ လူက ခါးနာလိုက် လက်ကို ဆီပူလောင်လိုက်နဲ့ ဖြစ်နေတာများ ပြောကို မပြောချင်တော့ဘူး။ ငယ်ငယ်လေးနဲ့ ခါးနာရလားလို့ မေးစရာတော့ရှိတယ်။ ကျနော် တက္ကသိုလ် ဒုတိယနှစ်ကတည်းက လေ့ကျင့်တဲ့ ဒါဏ်တွေကြောင့် ခါးရိုး အဆစ်လွဲခဲ့တာပါ။ ဒုတိယနှစ် ခွင့်ရက်ရလို့ အိမ်ပြန်တော့ မနက်တွေဆို ကျနော် ဘယ်လိုမှ မထနိုင်ဘူး ဖြစ်နေခဲ့တာကို မိဘတွေက သတိထားမိတော့ ဓါတ်မှန်ရိုက်ဖို့ အတင်းခေါ်တာနဲ့ ရိုက်ဖြစ်ခဲ့ပါတယ်။ ဓါတ်မှန်ပြားထွက်လာတော့ မေမေက ငိုလိုက်တာ…။ သူ့သား ဒီလောက် ပင်ပန်းခဲ့ရတယ်ဆိုပြီးတော့။ ကျနော်လဲ တော်တော် စိတ်ညစ်သွားခဲ့တာ။ ဆေးတွေ အများကြီး သောက်ခဲ့ရပေမယ့် လုံးဝပျောက်သွားတယ် မရှိပဲ တခါတခါ ပြန်နာတတ်တယ်လေ။ ဆီပူလောင်တာတော့ အိမ်ရှင်မမရှိသေးတော့ ကိုယ်တိုင် မီးဖိုချောင်ဝင်နေရသေးတာကိုး။ အဟိ ကြေညာဝင်တာ။ စိတ်မကောင်းဖြစ်ရတာတွေကတော့ ခင်မင်တဲ့သူတွေရဲ့ အထင်လွဲမှုတွေ ခံနေရလို့ပါ။ စိတ်ညစ်ညစ်နဲ့မို့ အဆက်ပြတ်သွားတာကို ခွင့်လွှတ်ကြမယ် ထင်ပါတယ်နော့။

နေမကောင်းတော့ မိဘနဲ့ မွေးမြေကို ပိုသတိရမိတယ်ဗျာ။ ခုကျနော်တို့ဆီမှာ ဆောင်းလေးလပတ်လုံး ကြွေကျလာတဲ့ နှင်းပွင့်တွေ ဆောင်းဟေမာန် အာဏာကုန်လို့ အစိုင်အခဲအဖြစ်နဲ့ မနေနိုင်တော့ပဲ အရည်ပျော်နေတဲ့ ရာသီပေါ့။ ကောင်းကင်က ကျလာတော့ နှင်း ၊ လေထုမှာ ပူနွေးစွာ ဖြတ်သန်းလာရတော့ လူနဲ့ ထိလိုက်တာနဲ့ မိုးရေတွေလို ဖြစ်သွားတဲ့ အချိန်ပေါ့။ နည်းနည်းတော့ ချမ်းနေသေးတယ်။ မြေပြင်မှာတော့ မြန်မာပြည်ရဲ့ မိုးတွင်းလို နေရာတိုင်းမှာ ဗွက်ပေါက်နေလေရဲ့။ ဒါပေမယ့် တစ်ခုလိုနေတာကတော့ မြန်မာပြည်မှာ မိုးရွာတဲ့အချိန် ရတတ်တဲ့ မြေသင်းနံ့လေး မရတာပဲ။ အဓိပ္ပါယ် တစ်ခုလိုနေတဲ့ ပုဒ်စာလိုပါပဲ။ မိုးဥတုသီးသန့်မရှိတဲ့ ဒီနေရာမျိုးမှာ ဒီအချိန်ပဲ မြန်မာပြည်နဲ့ တူတဲ့ အချိန်လေးတွေ ရှိတယ်လေ။ ဒီမှာ ရွာနေတဲ့ နှင်းမိုးတွေ မြန်မာပြည်မှာ ရွာလိုက်စေချင်တယ်ဗျာ။ အပူရှိန်တွေ ပြင်းထန်လို့ မီးတွေ လောင်နေရတဲ့ မြန်မာပြည်မှာ ဒီလိုမိုးတွေနဲ့ စိုစွတ်နေရင် ဒုက္ခတွေ ကင်းဝေးနိုင်မှာပေါ့။ ခုတော့ သိရတာ စိတ်မကောင်း ဖြစ်မိတယ်ဗျာ။

တခါကပေါ့… မြန်မာပြည် အလယ်ပိုင်း အညှာဒေသ မြင်းခြံမြို့မှာ တာဝန်ကျတုန်းက မီးဘေးကြုံတဲ့အချိန် ကြုံတွေ့ခဲ့ဖူးတယ်။ မီးလောင်လို့ သံချောင်းတွေ ခေါက်တော့ တခါမှလည်း မကြုံဖူးတော့ ကျနော်ပါ စိတ်လှုပ်ရှားနေရတယ်။ ဘာလုပ်ရမှန်းလဲ မသိဘူးလေ။ ဒါနဲ့ပဲ လူတွေစုပြီး ကားနဲ့ အမြန်သွားလိုက်တော့ ရပ်ကွက်လေးတစ်ခုရဲ့ အိမ်ယာတွေကို ဝါးမျိုနေတဲ့ မီးတောက်ကြီးက ကြောက်ခမန်းလိလိ အရှိန်အဟုန်နဲ့ ထောင်လွှားနေတယ်လေ။ လူတွေလဲ အထုတ်အပိုးတွေ ဆွဲသူဆွဲ သေတ္တာရွက်သူရွက်နဲ့ တပိုင်တနိုင် ယူနိုင်သလောက်လေး ယူသူယူ စက်ဘီး ဆိုက်ကား တွန်းလှည်း ကားတွေနဲ့ မီးဝေးရာကို သယ်သူတွေ သယ်နဲ့ လမ်းမနဲ့ အပြည့်ပါပဲ။ ကားလဲ ရှေ့ဆက်တိုးလို့ မရတော့တာနဲ့ ဆင်းပြီး မီးလောင်ရာနဲ့ အနီးဆုံးကို သွားလိုက်တယ်။

မီးညွန့်တွေ မြင်လိုက်ရတော့ တော်တော် တုန်လှုပ်သွားမိတယ်။ စလောင်တဲ့ နေရာက ဖိနပ်စက်ရုံရဲ့ သားရေနဲ့ အက်ဆစ်ရောတဲ့ ကန်ကတဲ့လေ။ မြင်းခြံဆိုတော့ ဖိနပ်ရုံတွေ ကပေါသားလားဗျာ။ ဘေးမှာက ပေါင်မုန့်ဖုတ်တဲ့ မီးဖိုကြောင့်လဲ ပိုအားပြင်းသွားတယ်တဲ့။ လမ်းဟိုဘက်မှာက ဆီပွဲရုံတဲ့။ သွားပြီပေါ့ဗျာ။ မီးခိုးလုံးတွေ ကြားက တိုးထွက်လာတဲ့သူတွေ မျက်နှာမှာ ဝမ်းနည်းမှုတွေ အပြည့်နဲ့ပေါ့။ ကျနော်တို့လည်း အဖွဲ့တွေ ခွဲပြီး မီးလောင်ရာ နေရာပတ်လည်မှာ နေရာယူလိုက်ပြီး နီးစပ်ရာက ရေပုံးရေခွက်တွေနဲ့ ပက်ခဲ့ရတယ်။ မီးသတ်ကား ဝင်ဖို့အတွက် ဖျက်သင့်တဲ့ အိမ်တွေလည်း ဖျက်ပစ်ခဲ့ရတယ်။ စိတ်ထားကောင်းတဲ့ အိမ်ရှင်ကတော့ အိမ်ရှေ့ခန်းလောက်ကို ကြည်ကြည်ဖြူဖြူ ဖျက်ပေးခဲ့ပေမယ့် တချို့ကတော့ ငြူစူတဲ့သူက ရှိသေးတယ်။

လူ့စုန်းပြူးဆိုတာကလည်း နေရာတိုင်းမှာ ရှိသားလားဗျာ။ မီးလောင်လို့ အိမ်ထဲက ခွာလို့ ရသမျှ ပစ္စည်းလေးတွေကို စုစည်းထုပ်ပိုးထားပြီး အပြင်မနိုင်တနိုင်နဲ့ ထုတ်နေတာကို ကူသယ်သလိုလိုနဲ့ ယူပြေးတဲ့သူတွေကိုလည်း ကြုံခဲ့ရတယ်ဗျာ။ တောမီးလောင်တော့ တောင်ကြောင် လက်ခမောင်းခတ်ဆိုတာ ဒါတွေခေါ်တာလားလဲ မသိပါဘူး။ ကံဆိုးတော့လဲ ပိုင်ရှင်က သတိထားမိပြီး အော်တော့ ကျနော်တို့ရှေ့က ဖြတ်ပြေးတဲ့ ဒီသကောင့်သားကို ဖမ်းချုပ်ထားလိုက်ရတယ်။ စိတ်မထိမ်းနိုင်လို့ ထိုးတောင်ထိုးမိသေးတယ်။ နီးစပ်ရာ ရေတွင်း ရေကန်တွေလဲကုန် မီးသတ်ကားတွေလဲ ရေဖြည့်နေတုန်းမှာတော့ နောက်ဆုံး အနီးဆုံး အအေးဆိုင်တွေက ရေသန့်ဘူးတွေပါ လျှူလို့ ပစ်ပေါက်ပြီး ငြိမ်းခဲ့ရတယ်။ တကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ လူဆန်တဲ့စိတ်နဲ့ကို ဒီနေရာမှာ ကွဲကွဲပြားပြား သိရတော့တာပဲ။

ဆက်ပါဦးမည်.... အပြီးရေးချင်ပေမယ့် ကျောင်းရှိသေးလို့ဗျာ။ ကောင်းခန်းက ဒုတိယပိုင်းမှာ ပါလာမှာ ဟတ်ဟတ်

7 Comments:

Winkabar said...

မီးကလည်း ခက်သားနော်။ တားပေမယ့်လည်း လောင်ချင်ရင်ထလောင်နေတာ။ ကိုယ့်ရှေ့မှာ မျက်ဝါးထင်ထင်မြင်ရတာ ပိုကြောက်ဖို့ကောင်းတယ်နော်။ လူက ထူပူပြီး ဘာလုပ်ရမှန်းကိုမသိဖြစ်သွားတာ။ ဆက်ရေးမှာကိုမျှော်နေတယ် ကိုမင်းကျန်စစ်ရေ။ အဆင်မပြေတာတွေ အားလုံး အဆင်ပြေပါစေနော်။

Anonymous said...

အစ်ကိုရေ့..ကျနော်လဲ အစ်ကို့ လိုကြုံဖူးတယ် အရမ်းကြောက်ဖို့ ကောင်းတာပဲ ...ပို့ စ်တစ်ခုလောက် ဒီအကြောင်းလေးနဲ့ ပက်သက်ပြီးရေးမလားလို့ စဉ်းစားနေတာ ကျနော်ငယ်၂တုန်းကတော့ မီးလောင်လို့ သံချောင်ခေါက်သံကြားတာနဲ့  ထကြည်မလို့ ဆိုပြီး အိပ်ငိုက်၂နဲ့  မတပ်ရပ်လ်ုကတာလေ ဆောင်းတွင်ဆိုတော့ ချမ်းလို့ ဆောင်ကို ခလေးအနှီးထုပ်သလိုထုပ်ထားတော့ လဲကျပြီး ခြေထောက်နာသွားလို့  မကြည့်လိုက်ရဘူးး ဟားဟားး အဖြစ်ကတော့ မီးလောင်တဲ့ မိသာစုကတော့တော်၂လေး ဘ၀ပျက်သွားတယ် စိတ်မကောင်းစရာကောင်းလိုက်တာ ..........
အဲ့အကြောင်းလေးရေးအုံးမှပဲ............

Anonymous said...

မီးနဲ့ ပတ်သက်ပြီး နွေ ပြောပြချင်မိတယ်
မီးလောင်ပြီလို့ ကြားရင်. အိပ်နေရင်းနဲ့ ထကြည့်ပြီး ဒူးတွေ တုန်ရတာလဲ အခါခါပေါ့..
မန်းလေးမီးဆိုတာ ကြောက်ဖို့ အရမ်းကောင်းတာ..
နွေရာသီဆို ပိုဆိုးတာပေါ့..
တစ်ခါ နွေ ၉ တန်း စာမေးပွဲ ဖြေပြီး ပြန်လာတော့
အိမ်နားမှာ မီးကလောင်တာ..သိမ်းလိုက်ရတာ .ဆာလာအိတ် နဲ့ အကုန်တွေ့ တာကောက်ထည့်တာ..
ဘာတွေမှန်းကို မသိဘူး.. လူကလဲတုန်နေတာ..
ရန်ကုန် က သယ်ရင်းတွေ ပို့တဲ့ စာတွေရော..ထည့်တာ..
မီး ကငြိမ်းသွားတော့..တစ်ခန်းလုံးကို ရှုပ်ပွနေ တော့တာ ပေါ့...
လောင်သွားတဲ့ အိမ်တွေ ကို စိတ်မကောင်း ဖြစ်ရင်း မီးဆိုတာ ကို တော်တော် ကြောက်မိတာ...
အိပ်နေ ရင်းတောင်..မီးအကြောင်း အိပ်မက် မက် ရင် ဇောချွေးတွေ ပြန်တဲ့ အထိပဲ..အဟက်
ဒေါင် ဒေါင် ဒေါင် ဆိုရင် ဒူးကတုန်လာတယ်..
အခု လဲ.အဝေးရောက်နေ ပေမယ့်..ကိုယ့်မြို့ က..
ရတနာပုံကြီး တစ်ခုလုံး မီးထဲ ပါသွားတာ ကြားလိုက်ရတော့ ...
တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်..
တက်ခဲ့ဖူးတဲ့ MCC သင်တန်းကြီး
သွားခဲ့ဖူးတဲ့ MICT..
သူငယ်ချင်းတွေ ရဲ့ အထည်ဆိုင်တွေ..
SKY WALK ..
မျက်လုံးထဲမှာ တစ်ခုချင်း ပြကွက်တစ်ခုလို မြင် ယောင်ရင်း
တော်တော် လေးစိတ်မကောင်း ဖြစ်ရတယ်..
မီးဆိုတာ အသုံးဝင် တဲ့နေရာ ရှိသလို..
သူဒေါသ ကြီးရင် ၀ါးမြိုသွား တာက..
လူတွေရဲ့ ဘ၀ဆိုတာ......
* မင်းကျန်စစ်ရေ..ခါးနာတာ တွေသက်သာပါစေ...
ဘ၀ လက်တွဲ ဖော် အိမ်သူ သက်ထား လေး ကို .အမြန်ဆုံး အကြောင်း ကြားပြီး
ဆေးလိမ်းခိုင်းလိုက် နော်..အကြံပေးတာပါ..ဟက်ဟက်..

စိုးထက် - Soe Htet ! said...

ဆက်ရေး :)

Anonymous said...

ပြန်ရေးနေလို့ ၀မ်းသာပါတယ်ကျန်စစ်ရေ ... နာ ငယ်ငယ်တုန်းကတော့ မီးသတ်ကားဥသြဆွဲသံကြားတာနဲ့ လမ်းလျှောက်လို့ကိုမရတော့ဘူး ... ဗန္ဓုလသွေးပါလို့ ... ဟီး ... ဈေးချိုကြီးမီးလောင်တာကို မှီလိုက်တာကိုး ...

Massage Service In London said...

Minnkyansis..,

Take good care of yourself. Looking forward to read continue post..,

Have a good week. God Bless!!

Anonymous said...

ဆီပူလောင်ရတဲ့ အကြောင်းရင်းကို သိလား...။ လူကြီးကို ဒေါက်..ဒေါက်..ဒေါက် လုပ်လို့ ကံကြီးထိုက်တာ..သဘောပေါက်...။ ဒေါက်..ဒေါက်..။