မရောက်ဖူးသေးတဲ့ နေရာမို့ မျက်စိထဲ အမြင်စိမ်းနေသည်။ အိမ်အသစ်ပြောင်းထားတာမို့ ကျောင်းပိတ်ရက် ခွင့်ပြန်လာချိန် ကျနော့်မျက်စိထဲမှာ အရင်အိမ်လို ရင်းနှီးခြင်းမရှိသေး။ ရှားရှားပါးပါး များများစားစား သင်္ကြန်ကျောင်းပိတ်ရက်။ သင်္ကြန်အကြို မတိုင်ခင် တစ်ရက်။
တညလုံးခရီးပန်းလာမှုတွေ ဇာတိမြေလေးမှာ ရေချိုးလိုက်တာနှင့် ပြေပျောက်သွားသည်။
“သားရေ ရေအကြာကြီး စိမ်ချိုးမနေနဲ့လေ ရေပြောင်း မြေပြောင်းမှာ ဖျားနေလို့ သင်္ကြန်မှာ စောင်ခြုံနေရအုံးမယ်” မေမေက သတိပေးရင်း ရယ်စရာ စကားဆိုလာသည်။
“စိတ်ချ မေမေရေ သင်္ကြန်ရက်လေးမှာ လုံးဝမဖျားစေရဘူး” စပ်ဖြဲဖြဲနှင့်ပြောရင်း ရေချိုးတာ အဆုံးသတ်လိုက်တော့သည်။ မိဘများကို ကန်တော့ပြီး စကားစမြည် တမနက်လောက် ပြောပြီးသည်နှင့် ငယ်သူငယ်ချင်းတွေကို သတိရသည့် စိတ်က ဝင်လာတော့သည်။
“သား သူငယ်ချင်းတွေဆီ သွားလိုက်အုံးမယ်”
“အင်းအင်း သား စက်ဘီးလေး အဆင်သင့်ပြင်ပေးထားတယ်” ဖေဖေက အလိုက်တသိ ဆိုသည်။ သို့နှင့် ငယ်ငယ်ကတည်းက စီးခဲ့သည့် မောင်းတိန်းဘီးလေး စီးပြီးထွက်လာခဲ့သည်။ ဖေဖေကတော့ သူတို့ ရှိရာဆီ တစ်နေကုန် သွားပြီး နှုတ်ဆက်ဖြစ်သည်။ စာသင်ဆောင် အိုအိုဟောင်းဟောင်းလေးတွေနဲ့ ကျနော့်ကို ပညာတွေ စုံအောင် သင်ကြားပေးလိုက်တဲ့ ကျောင်းလေးမှာ ဆရာ ဆရာမ ပြန်ဖြစ်နေကြတဲ့ သူငယ်ချင်းတွေ ၊ တက္ကသိုလ် တက်နေဆဲ သူငယ်ချင်းတွေ အားလုံးကို လိုက်နှုတ်ဆက်ခဲ့ရင်း စိတ်ထဲမှာ အရမ်းပျော်ရသည်။ သီတာကို ဝင်ခေါ်ပြီး ခင်သူ့အိမ်သို့ တူတူလာခဲ့ကြသည်။ ခင်သူ နှင့် သီတာ သည် ကျနော့်ဘဝတွင် အခင်ဆုံး နားလည်မှု အရှိခဲ့ကြဆုံး သူငယ်ချင်းများ ဖြစ်သည်။ သင်္ကြန်မှာ ပြန်မလာနိုင်တဲ့ သူငယ်ချင်းတွေဆီကိုလည်း ဖုန်းဆက်ခဲ့ကြသည်။ သူငယ်ချင်း အားလုံး မစုံလင်ပေမယ့် အခင်ဆုံး သူငယ်ချင်းတွေတော့ ရှိသည်မို့ ဒီနှစ်သင်္ကြန်က ပျော်စရာ ကောင်းတော့မည်။ ငယ်ငယ်က သင်္ကြန်မှာ တူတူ ရေကစားခဲ့ကြတာတွေ ပြောရင်းလည်း ရီစရာတွေ ဖြစ်ခဲ့ကြသည်။
ခင်သူက“နင် ငယ်ငယ်က ရေပုံးနိုင်တနိုင်နဲ့ သွားလောင်းတာ ရေတင်မကပဲ ပုံးပါလွတ်သွားလို့ လူကြီးတယောက် စိတ်ဆိုးသွားတာ မှတ်မိသေးလား”
“မှတ်မိတာပေါ့ဟ အဲဒီလူက နင့်ကို ခေါင်းကနေတောင် လောင်းသွားတာကိုး” ရှက်ရှက်နဲ့ ကျနော် ပြန်ပြောလိုက်ရသည်။
“ငါ့ကိုလည်း လောင်းသွားပါတယ်နော် ခင်သူ့ကိုတင် မဟုတ်ပါဘူး” သီတာကပါ ဝင်ပြောသည်။
“ခင်သူ့ ပုံခုံးကို လောင်းရင်တောင် နင့်ကို ခေါင်းက လောင်းသလို ဖြစ်နေမှာပါဟာ။ နင့်ခေါင်းနဲ့ ခင်သူ့ ပုံခုံးက တူတူ ဖြစ်နေတာကိုး”
ပြောလည်းပြော ပြေးလည်းပြေး ရသည်။ သီတာ အရပ်ပုသည်ကို အမြဲမပါပါအောင် နောက်ခဲ့သည့် ငယ်ငယ်က အတိုင်း ခုလည်း နောက်လိုက်သည်မို့ လိုက်ထုတော့သည်။
“သူ့ခင်သူကို ထိတော့ မခံဘူး ငါ့ကျတော့ ဘာဖြစ်ဖြစ်ပေါ့လေ။ ဟိုးနှစ်ကလို ပေါင်ချိန်ဖြစ်အောင် ထပ်ကို လုပ်အုံးမယ်”
လိုက်မမှီသည့်အဆုံး လွန်ခဲ့သော သင်္ကြန်က ကျနော့်ကို ဝိုင်းချုပ်ပြီး အိုးမည်းသုတ်ဖူးသည်ကို အရသာခံကာ ပြန်ပြောပြီး ကျိမ်းဝါးသည်။ ကျနော်က ခင်သူ့ကို အခင်ဆုံးဖြစ်သလို ပိုဂရုစိုက်တတ်သည်ကို သိသဖြင့် နောက်တာလဲဖြစ်သည်။
“ငါ့တို့ သူငယ်ချင်းတွေ တူတူ သင်္ကြန်မလည်ဖြစ်တာ သုံးနှစ်တောင် ရှိပြီနော်”
ခင်သူ၏ လွမ်းရိပ်သန်းသော စကားကြောင့် သုံးယောက်သား ပြန်ငြိမ်သွားကြသည်။ အရင် နှစ်က ကျောင်းအသီးသီး တက်နေကြသည်မို့ မဆုံဖြစ်လိုက်နိုင်ပေ။
“ဒီနှစ်တော့ သူငယ်ချင်းအားလုံး မဆုံပေမယ့် ငါ့တို့ ခုတူတူလည်ရမှာပါဟာ။ မနက်ဖြန် ငါတို့အိမ်မှာ မုန်လုံးရေပေါ် လုပ်စားကြမယ်လေ။ နင်တို့ လာမယ်မလား” သူငယ်ချင်းတွေ ကျနော့်အိမ်မှာ အမြဲ မုန့်လုပ်စားနေကြမို့ရော တပျော်တပါး မုန့်လုံးရတာကိုရော နှစ်သက်သည်မို့ တခါတည်းပြောလိုက်သည်။
“လာမယ် လာမယ် စိတ်ချ”
“လာမှာပေါ့ဟ အစောကြီးလာမယ် ဒါမှ ရေပက်မခံရမှာ”
“အေးပါဟာ သိပါတယ် အစားအသောက်ဆို ထိပ်ဆုံးကဆိုတာ သိပြီးသား။ အိမ်တံခါး မဖွင့်ခင် ရောက်လာအုံးမှာတောင် မြင်ယောင်သေး” ပြောပြီးတာနှင့် စက်ဘီးပေါ်တက်ကာ နင်းပြေးခဲ့ရသည်။ မိသွားရင်တော့ ဗိုက်ကြောပြတ်ပေတော့မည်။
အိမ်ပြန်ရောက်တော့ မိဘများကို ပြန်ချွဲရင်း အလွမ်းသယ်ရင်း ညဖက်ရောက်လာသည်။ ခုထိ တယောက်သောသူဆီသို့ မရောက်သေး။ မနှစ်က ခွင့်ပြန်လာစဉ် ရည်းစားလိုလို ဘာလိုလို ဖြစ်ခဲ့သည့်သူလေး။ ဖုန်းအဆက်အသွယ်တော့ ရှိကြသည်။ သူ့ဆီကိုတော့ တယောက်တည်း သွားလို့ မဖြစ်။ သူ့အဖိုးကြီး အိမ်မှာ ရှိနေရင် အိမ်နားတောင် ကြာကြာ ရစ်မနေရဲပေ။ မနက်ဖြန်မှ ခင်သူနှင့် သီတာကို အပူကပ်ပြီး ခေါ်ထုတ်ခိုင်းရတော့မည်။ ဥာဏ်နီ ဥာဏ်နက်များကို စဉ်းစားရင်း ခရီးပန်းပန်းဖြင့် အိပ်မက်တို့ ခေါ်ဆောင်ရာ ပါသွားတော့သည်။ အိပ်မက်ထဲမှာတော့ သင်္ကြန်လည်နေသည် ရေတွေ ပက်နေသည်။ ဘေးက ဘယ်သူရယ် မသိ ၊ ပက်သူ ဘယ်သူရယ်မသိ။
သင်္ကြန်အကြို မတိုင်ခင်ည။
အိမ်ရှေ့မှ အတာအိုးလေးကတော့ အတာပန်းမျိုးစုံဖြင့် လန်းဆန်းနေဆဲ။
သင်္ကြန်ရနံ့ မွှေးပျံ့နေဆဲ။
သင်္ကြန်ဆိုရင် ကျနော့်ပိုးတွေ ထထလာလို့ ခု ကျနော့် သင်္ကြန်ပိုးလေးကြောင့် ဝတ္ထတိုလေး ရေးဖြစ်တာပါ။ အပြီးထိ မရေးနိုင်သေးတာကိုတော့ သည်းခံပါအုံး။ ဆက်ရန်ပေါ့ :)
-
8 Comments:
ဝိုးးး
သင်္ကြန်ရောက်နေသလိုပဲ
ကောင်းတယ်
သားကရေးတတ်တယ်ကွ
ဆက်ရေးပါအုံး
ငါဖတ်ချင်တယ်
သင်္ကြန်ပိုးထနေတာလား
ငါလည်းပိုးထချင်တယ်
ငါကကျတော့
ကဲနေသမျှသူတွေကို ထိုင်ကြည့်တာ
အဲဒါငါ့အကျင့်လည်တာမကြိုက်ဘူး
ထိုင်ကြည့်ရတာပိုသဘောကျတယ်
ဒီနှစ်တော့ဘယ်လိုနေမလဲမသိသေးဘူး
သားရာ
သင်္ကြန်ပိုးထတာတော့ကောင်းပါတယ်... သင်္ကြန်မှာမပျော်ရတာဆိုးပါ့... သူများပျော်လို့ ဒို့မပျော်နိုင် ဆိုသလို ဖြစ်နေပြီ... ကြံဖတ်တို့များ ကိုယ့်အဖြစ်အပျက်လေး ရေးထားတယ်မှတ်နေတာ... နောက်ဆုံးတော့လဲလေ.... ဟိ ဟိ... နာတိတယ်နော် ကြံဖတ်ပုပ်..
ဆက်ပါ ဆက်ပါ ၊ စောင့်မျှော်နေပါမယ်
ဘယ်လို ဥာဏ်နီ ဥာဏ်နက် တွေ သုံးပြီး သူလေးကို
ခေါ်ထုတ်ပြီး သင်္ကြန် လည်မလဲလို့ ။
သင်္ကြန် ဇာတ်လမ်းလေးတွေ အကုန် ရေးပြ :)
ဝတ္ထုတိုလား။ မသိပါဘူး။ တကယ့်အဖြစ်အပျက်မှတ်နေတာ။ ဆက်ရန်ဆိုတော့လည်း မျှော်ရုံပေါ့။ မြန်မြန်တော့ရေးနော်။
သင်္ကြန်ပိုး ကြောင့်ရေးထားတဲ့ ၀တ္ထုလေးက ငယ်၂ကအကြောင်းလေးတွေနဲ့ ကြည်နူစရာကောင်းလိုက်တာ။ သင်္ကြန်ကိုတော်၂သတိရနေတယ် ထင်တယ် ။ အစ်ကို့ သယ်ရင်းလေးတွေ နာမည်က တယ်လှပါလားဗျ လမ်းကြုံ၇င် ကျနော့်ကို မိတ်ဆက်ပေးအုံးနော့် ။ :P
သြော် ဘာလိုလို နဲ့ .သင်္ကြန် တောင် ရောက်တော့ မယ် နော်..
အဝေးရောက်နေ သူတွေ အဖို့ သင်္ကြန် ဆိုရင် အိမ်ကို အရမ်း လွမ်းမိပြန်ပေါ့..
သင်္ကြန် ရောက်ပြီ ဆိုရင် နွေ တို့ က အိမ် ထဲ မှာကို ငြိမ်မနေ ချင်ဘူး..ဟဲဟဲ
အစ်မ တွေ ကား မလာ ရင်..ရေသွားပက်တယ်.
တစ်ခါတစ်လေ..ညီမငယ်လေး တွေ အိမ်လာပြီး. ရေကစားရင်..ထိုင်ကြည့်ပြီး ရေထည့်ပေးတယ်
ထိုင်ကြည့် တုန်း တချို့ က တွေ့တော့ ရေလောင်းမလို့ ရေခွက်ကြီးနဲ့ လာတာ တွေ့ ရင်..
တန်းနေတာ ပဲ .အိမ်ထဲ ၀င်ပြေးတာ..
သင်္ကြန် မှာ .နွေ ကို .လာပိုးသူ တစ်ယောက်နဲ့ ..
ရိုးရိုးလေး..အမှတ်တရ တစ်ခု ပဲ ရှိခဲ့ဖူးတယ်..
ကြောတော့ ဘူးနော် .ချစ်သူသိလို့..
ချိတ်ဆိုးမှာ စိုးလို့ ..ဟိဟိ..
အဲ..ချစ်သူနဲ့ တော့ .တစ်ခါ မှ မလည်ဖူးပါ ရှင်..
၁၃.၄.၂၀၀၇ သောကြာနေ့ မနှစ်သင်္ကြန်အကြို. မှာပေါ့..
နွေ ဘ၀ မှာ ဘယ်တော့ မှ ပျောက်ပျက်သွားမှာ မဟုတ်တဲ့..
ရင်ထဲ မှာ စွဲကျန်နေ ခဲ့တဲ့..ချစ်ဆုံးသူရဲ့ ယုယမှုလေး တစ်ခုပါ..
ဒါလေးတစ်ခု ကိုတောင်..မြတ်နိုးတန်ဖိုးထားမိတယ်.ပေါ့..
ချစ်သူ ကို.. အဝေးကနေ ရေလောင်းခဲ့တယ်..
ချစ်သူ ရဲ့ သင်္ကြန် လက်ဆောင်က တော့..ဘာဖြစ်မယ်ထင်လဲ...
ရုတ်တရက် .ဂစ်တာသံစဉ်လေးနဲ့ အတူ..
ချစ်သူ့ အသံလေး နဲ့ သီချင်းဆိုသံ လေး ထွက်ပေါ်လာတာ.က
"မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့ နေ
ကူးပြောင်းစ တန်ခူးလေ မှာ....."တဲ့.
အံ့သြ ၀မ်းသာမှုတွေ နဲ့ ..မျက်ရည်လေးဝိုင်းသည်အထိ.
ကြည်နူးခဲ့ရတယ်..
မင်းကျန်စစ် .ရေ.၀တ္ထုလေး ကောင်းတယ်
နွေလည်း ဖတ်ပြီးတော့ ..
သင်္ကြန် လေး ကို သတိရပြီး ..
ရင်ထဲ ရေးချင်တာတွေ ..
ရေးမိတာ တွေ များသွားပြီ..ဟဲဟဲ.
အဲ ကြွားရဦးမယ် တစ်ခု..
နွေ ချစ်သူ က သီချင်းဆို အရမ်းကောင်းတာ နော်
မင်းကျန်စစ်ရော ..သီချင်း ဆိုကောင်းလား..
သင်္ကြန်ပိုစ့်လေး မှာ ရေးချင်တာ လေး ရေးရ တဲ့ အတွက်..ကျေးဇူး...နော့်...
(ကိုယ်ပိုင် ဘလော့ လုပ်ဖို့ အချိန် မရှိတဲ့
နွေ ရဲ့ ခံစားမှုတွေ ကို ဒီလိုပဲ တင်ပြ ရတာ နားလည်
ပေးကြမယ် ထင်ပါတယ်.)
တန်းလန်းကြီးဗျို့....အဲလိုလုပ်ရဘူးလေ။ စတာ..ဟဲ..ဟဲ.။ ကျန်စစ်သားရာ...မင်းအရေးအသားတွေ တော်တော်ညက်ပါလား....သေလောက်တယ်...။ ငါလည်း သင်္ကြန်ပိုးပဲဟေ့...။ ဒါနဲ့ ဒီနှစ်သင်္ကြအစီအစဉ် ???? :P
Post a Comment