အိမ်ပြန်ရောက်သည်နှင့် ခင်သူနှင့် သီတာကို လက်တို့ခေါ်ကာ မုန့်ချိုင့် တချိုင့်ဆွဲပြီး အမေ့အား တစ်အိမ်ကျန်သေးလို့ဟု ပြောကာ ထွက်လာခဲ့ကြသည်။ သူတို့ကတော့ နားမလည်သည့်အကြည့်တွေနှင့် ကြည့်နေဆဲ။ ခင်သူနှင့် သီတာက ဆိုင်ကယ်တစ်စီး ကျနော်က ဆိုင်ကယ်တစ်စီး။ လမ်းရှင်းသည့် နေရာတွင် ရပ်ပြီး ရှင်းပြရသည်။
“သူ့နာမည်က မိုးပြာ ။ ……. မှာ နေတယ်လေ။ နင်တို့သိတယ်မလား။ သူနဲ့ငါနဲ့ မနှစ်က ခွင့်ပြန်တုန်းက ရည်းစားလိုလို ဘာလိုလိုဟ။ စာတွေပို့ ဖုန်းတွေ ဆက်ရင်း အဖြေရတာ။” စပ်ဖြဲဖြဲဖြင့် ရှင်းပြရသည်။
“ဪ ငါတို့က စာကောင်းကောင်းသင်နေတယ် မှတ်တာ ။ နင်က ဒါတွေလုပ်နေတာကိုး။ ခု ငါတို့က ဘာလုပ်ပေးရမှာလဲ” သီတာက ဆောင့်အောင့်ပြီး ပြောသည်။
“နင်တို့ သူ့အိမ်သွားပြီး မုန့်ပို့ရင်းနဲ့ သူ့ကို ခေါ်ထုတ်လာပေးဟာ။ ငါတနေရာက စောင့်နေမယ်လေ။ ငါသွားလို့ သူ့အဖိုးကြီးနဲ့ တွေ့နေရင် ထိပ်ကွဲနေအုံးမယ်။”
“အာ ငါတို့နဲ့ အရမ်း ရင်းနှီးတာလဲ မဟုတ်ပဲနဲ့။ နင့်အမေ သိရင်လဲ ငါတို့ကို ဆူနေအုံးမယ်။ မသွားပေးဘူးဟာ” သီတာက ငြင်းသည်။ သည်တော့မှ စကားဆိတ်နေသည့် ခင်သူက
“သွားပေးလိုက်ပါ့မယ်ဟာ။ ခွင့်ပြန်လာတုန်းလေးမှာ သူပျော်ပါစေ”
စောင့်နေမည့် နေရာကို ပြောပြီး ရေသန့်ဘူး တစ်ဘူးဝယ်ပြီး စောင့်နေလိုက်သည်။ ရင်ထဲမှာတော့ မိုးပြာ ပါမလာမှာ စိုးထိတ်နေမိသည်။ ခဏနေတော့ သူတို့ ရောက်လာကြသည်။ စာတွေ ဖုန်းတွေ ဖြင့်သာ ကျွမ်းဝင်နေခဲ့သော သူ။ ဓါတ်ပုံကိုသာ တစိမ့်စိမ့် ကြည့်နေခဲ့ရသော သူ။ ခု အပြင်မှာ မြင်တော့ ပိုလို့တောင် လှသည် ထင်မိသည်။ ရေသန့်ဘူးဖြင့် သူ့ကို အရင်လောင်းလိုက်သည်။ သူကလည်း ပြန်လောင်းရင်း စကားတွေ ပြောနေကြသည်။ ခင်သူနှင့် သီတာကတော့ ခပ်လှမ်းလှမ်း တစ်နေရာတွင်။
“သင်္ကြန်မှာ ကိုအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုတော့ ပြည့်သွားပြီကွာ။”
“တစ်ခုပြည့်ပြီဆိုတော့ ဘယ်နှခု ကျန်သေးလို့လဲ ကိုရဲ့”
“တစ်ခုက သင်္ကြန်မှာ မိုးပြာကို ရေလောင်းချင်တာလေ။ နောက်တစ်ခုကတော့ တူတူလျှောက်လည်ချင်တာပေါ့။ မနက်ဖန် ကို့သူငယ်ချင်းတွေ ကားနဲ့ ရေပက်ခံထွက် မယ်လေ။”
“ဟင့်အင်း မိုးပြာ ကြောက်တယ်။ မလည်ချင်ဘူး။ ခုတောင် ခဏဆိုပြီး ထွက်လာရတာ”
“ကိုနဲ့မိုးပြာနဲ့ ချစ်သူအဖြစ် ခုလို သင်္ကြန်ရက်လေးမှာမှ တွေ့ခဲ့ကြတာလေ။ ဒီလိုအမှတ်တရ သင်္ကြန်ရက်လေးမှာ မိုးပြာနဲ့ တူတူ သင်္ကြန်လည်ချင်မိတဲ့ ဆန္ဒလေးကို လိုက်လျောပေးပါလား မိုးပြာရယ်”
သူခေတ္တစဉ်းစားပြီးမှ ခေါင်းငြိမ့်သည်။ အချိန်နည်းနည်း ကြာနေပြီမို့ သူရော ကျနော်တို့ပါ ပြန်လာကြသည်။ အပြန်လမ်းမှာတော့ ကျနော့်အတွေးထဲမှာ မနက်ဖန် မိုးပြာနှင့် လည်ရမည့် အကြောင်းတွေ တွေးရင်း ပျော်နေမိသည်။ ခင်သူကတော့ မျက်နှာလေး ညှိးပြီး စကားနည်းနေသည်။ သီတာကတော့ စူပုတ်ပုတ်မျက်နှာနှင့်။
အိမ်ပြန်ရောက်ပြီး ခဏကြာတော့ ရေစိုနေသော အဝတ်အစားတွေ လဲကြပြီး ခဏနေကြသည်။ နေ့လည်စားစားတော့ ခင်သူ မနက်ကလို မဟုတ်တာကို သတိထားမိသည်။ စားပြီးသည်နှင့် ကျနော့်မိဘတွေကို နှုတ်ဆက်ကာ ခင်သူနှင့် သီတာတို့ ပြန်သွားကြသည်။ မနက်ဖြန် ကားနှင့် လည်ကြဖို့တော့ သေချာပြောလိုက်ရသည်။ အိမ်ကို လာခေါ်ဖို့က အဓိက။ သူတို့ သူငယ်ချင်းတွေပါမှသာ အိမ်က လည်ခွင့်ပြုမည်ပင်။
အိမ်အပြန် လမ်းတွင် ကလေးတွေ ရေပက်တာကအစ ခင်သူ စိတ်တိုနေမိသည်။ အိမ်ရောက်တော့လဲ ရေအမြန်ချိုးပြီး ချမ်းတာကို အကြောင်းပြပြီး အိပ်ယာထဲ လှဲနေမိတော့သည်။ မျက်ဝန်းမှာ မျက်ရည်စတွေ အလိုလို ကျလာမိသည်။ တစ်သက်တာမှာ အရင်းနှီးဆုံးနဲ့ သံယောဇဉ် အရှိရဆုံး သူ့မှာ တခြား တစ်ယောက်ရှိနေသည်တဲ့လေ။ ခက်လိုက်တာလေ ဒါ.. ချစ်တယ်ဆိုတာ များလား။ သူမ မဝေခွဲတတ်တော့။ သေချာသည်ကတော့ သူပျော်နေတာကိုပဲ မြင်နေချင်မိသည်။ သူ မိုးပြာနှင့် တူတူရှိနေရရင် သူပျော်နေသည်ဆိုရင် သူ့ကိုပဲ ပျော်ခွင့်ပေးပြီး စိတ်ထဲက ဝမ်းနည်းမှုတွေကို အပြုံးတွေဖြင့် ဖုံးကွယ်ထားလိုက်တော့မည်။
ခင်သူနှင့် သီတာတို့ ပြန်သွားတော့ စိတ်ထဲမှာ တမျိုးဖြစ်နေသည်။ မနက်ဖန် မိုးပြာနှင့် သင်္ကြန်တူတူ လည်ရမှာမို့ ဝမ်းသာနေသော်လည်း ခင်သူ မျက်နှာမကောင်းတာကို မြင်ရတော့ စိတ်မကောင်းဖြစ်နေသည်။ သူတို့နှင့် သင်္ကြန် အတူတူ မလည်မှာစိုးလို့ စိတ်ကောက် သည်လား မဝေခွဲတတ်။ မနက်ဖန် လည်ရမှာမို့ စောစော အိပ်လိုက်တော့သည်။
သင်္ကြန်အကြိုနေ့မို့ သိပ်စည်ကားသေးသော်လည်း မြေသင်းနံ့တို့ မွှေးပျံ့လာသည်။
ပိတောက်တို့ ပုရစ်ဖူးများတော့ မပွင့်သေး။
-
3 Comments:
စာရေးဆရာ.... အလွမ်းနဲ့တော့ ဇာတ်မသိမ်းနဲ့နော်
ကြိုပြောထားတာ :D
သင်္ကြန်လေသွေး ၁ ,၂ ,၃ အားလုံးသေချာဖတ်ပီးမှ သိလိုက်ရတာကတော့ နာ့ သယ်ရင်းလေးက ၃ ဆိုတဲ့ အတိုင်း ၃ နဲ့ ကိုးကွ...:D
ခုကောကွ ဘီလိုဆက် တွေးရမလဲပြောဦးလေ ဟိဟိ
ဆြာကျန်.. အခုမှ ရောက်ဖြစ်လို့ ပို့စ် ၃ ခုလုံး တစ်ထိုင်တည်းဖတ်သွားတယ်ဗျာ.. ဇာတ်ရှိန်ကမြင့်နေပြီလုပ်ဦးဗျ.. ဒီလိုဇာတ်လမ်းလေးတွေက ဘဝတူတွေဆိုတော့ ခပ်ဆင်ဆင်ရယ်.. မရေးပဲ လာဖတ်တော့မယ်.. အားပေး၊ လေးစားလျှက်...
လွမ်းလုင်
Post a Comment